ထန်းပင်တွေသာ ပြုန်းတီးကုန်မယ်ဆိုရင်

ဧရာရွှေရည်စားသောက်ကုန်လုပ်ငန်းက ထုတ်လုပ်တဲ့ ထန်းသီးကင်မ်ချီပုလင်းများကို အလုပ်ရုံဆွေးနွေးပွဲမှာ ထည့်သွင်းပြသခဲ့ပေမဲ့ ဈေးကွက်ထဲမှာတော့ ဖြန့်ဖြူးရောင်းချခြင်း မရှိသေးပါဘူး။ သီရိလူ/မြန်မာတိုင်း(မ်)ဧရာရွှေရည်စားသောက်ကုန်လုပ်ငန်းက ထုတ်လုပ်တဲ့ ထန်းသီးကင်မ်ချီပုလင်းများကို အလုပ်ရုံဆွေးနွေးပွဲမှာ ထည့်သွင်းပြသခဲ့ပေမဲ့ ဈေးကွက်ထဲမှာတော့ ဖြန့်ဖြူးရောင်းချခြင်း မရှိသေးပါဘူး။ သီရိလူ/မြန်မာတိုင်း(မ်)

ထန်းပင်ဆိုတာ အညာဒေသရဲ့ အလှတရားတစ်ခုပါ။ အပူပိုင်းဒေသရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့
ထန်းပင်တွေသာ မရှိရင် ဒေသရဲ့ အလှတရားကလည်း ပြီးပြည့်စုံနိုင်တော့မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ၀င်ငွေနည်းပါးတဲ့ ထန်းတက်လုပ်ငန်းကို စိတ်ဝင်စားသူနည်းပါးလာပြီး ထန်းတက်သူတွေလည်း
ရှားပါးလာသလို ထန်းထွက်ပစ္စည်းတွေကို နိုင်ငံတကာ အဆင့်မီထုတ်လုပ်ဖို့ဆိုတာကလည်း
လုံလောက်တဲ့ နည်းပညာမရှိတာကြောင့် လက်ရှိမှာတော့ အသေးစား ထုတ်ကုန်တွေအနေနဲ့သာ
ထုတ်လုပ်ဖြန့်ဖြူးနိုင်ပါသေးတယ်။

ရလဒ်အနေနဲ့ကတော့ ထန်းနဲ့ ထန်းအခြေခံ ထုတ်ကုန်လုပ်ငန်းတွေရဲ့ အနေအထားဟာ နိုင်ငံထဲမှာ
တဖြည်းဖြည်းနဲ့ လျော့နည်းလာနေပါတယ်။

ဒါတွေကို တစ်နည်းတစ်ဖုံနဲ့ ပြန်လည်မြှင့်တင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ 'ထန်းနဲ့ ထန်းအခြေခံ
ထုတ်ကုန်တိုးမြှင့်ရေး အလုပ်ရုံဆွေးနွေးပွဲ'ကို ဧရာရွှေရည် အသေးစား စားသောက်ကုန်လုပ်ငန်းနဲ့
မန္တလေးတက္ကသိုလ်နဲ့ မိတ္ထီလာ တက္ကသိုလ်က ရုက္ခဗေဒပညာရှင်တွေ ပူးပေါင်းပြီး မေ ၃၁ ရက်က
မိတ္ထီလာတက္ကသိုလ် (ဘွဲ့နှင်းသဘင်ခန်းမ)မှာ ကျင်းပပြုလုပ်သွားခဲ့ပါတယ်။

ဒီပွဲမှာ ထန်းထွက်ပစ္စည်းတွေဖြစ်တဲ့ ထန်းအရက်၊ ထန်းရည်၊ ထန်းဝိုင်၊ အသင့်စား ထန်းသီးအချို၊
ထန်းသီး ကင်မ်ချီအပြင် နိုင်ငံတကာအဆင့်မီ ထုပ်ပိုးထားတဲ့ ထန်းလျက်တွေကို ပွဲထုတ်ပြသခဲ့ပါတယ်။

ဒါ့ပြင် ထန်း အကြောင်းကို ရေးသားပြုစုထားတဲ့ ဆောင်းပါးတွေကို စုစည်းထုတ်ဝေထားတဲ့
'ထန်းတောင်သူ့တဲ' စာအုပ်နဲ့ ထန်းသီးခိုင်ပုံ ပန်းချီပို့စကတ်လေးတွေကိုလည်း
ထည့်သွင်းပြသခဲ့ပါတယ်။

ဆွေးနွေးမှုတွေ ပြုလုပ်တဲ့အခါမှာတော့ ထန်းပင်တွေ ပြုန်းတီးလာမှု၊ ထန်းနဲ့ ထန်းထွက်ပစ္စည်းတွေ
အပေါ် အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ပံ့ပိုးကူညီမှုပေးတာမျိုးတွေ မရှိတဲ့အတွက်
အသေးစားလုပ်ငန်းတွေအနေနဲ့ ရုန်းကန်ရပ်တည်နေရမှုနဲ့ ထန်းကို စီးပွားဖြစ် လုပ်ရင်း
ထန်းတောင်သူတွေ ရေရှည်ရပ်တည်နိုင်လာအောင် ဘယ်လိုလုပ်သွားနိုင်မလဲ၊ ထန်းနဲ့ ထန်းအခြေခံ
ထွက်ကုန်တွေတိုးမြှင့်ဖို့ ဘာတွေလုပ်နိုင်မလဲဆိုတာတွေကို ပညာရှင်တွေက ဆွေးနွေးခဲ့ကြပါတယ်။

ထန်းနဲ့ ပတ်သက်လို့ ၂၀၁၀ ပြည့်နှစ်လောက်ကတည်းက သုတေသနလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့
ရုက္ခဗေဒပညာရှင် ဒေါက်တာကလျာလူကတော့ "ထန်းရည်ကို နိုင်ငံတကာအဆင့်မီ ထုတ်ကုန်အနေနဲ့
ထုတ်နိုင်မယ်ဆို သိပ်ကောင်းတယ်။ ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယ လိုနိုင်ငံတွေမှာ ထန်းနဲ့ ထန်းထွက်
ပစ္စည်းတွေ တော်တော့်ကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ဖြန့်ဖြူးကြတယ်။ တကယ်ဆို အဲဒီနိုင်ငံတွေနဲ့
ယှဉ်ရင် မြန်မာနိုင်ငံ ကျောက်ပန်းတောင်းဒေသက ထန်းကရတဲ့ အချိုဓာတ်နှုန်းဟာ ပိုပြီးမြင့်မားတာ
တွေ့ရတယ်"လို့ ဆိုပါတယ်။

"ထိုင်းနိုင်ငံက ပညာရှင်တွေဆို သူတို့ စက်ကလေး ယူလာပြီး မြန်မာထန်းရည်ကို အခြောက်လုပ်ပြီး
အမှုန့် ယူသွားကြတာတွေ ရှိတယ်။ ဒါပေမဲ့ မြန်မာမှာတော့ ထန်းရည်ဆိုတာ လူတွေ
အပျော်သောက်တဲ့အရာ ထန်းလျက်ချက်တဲ့ အရာလို့ပဲ မြင်နေကြတယ်"လို့လည်း
ဒေါက်တာကလျာလူက ပြောပါသေးတယ်။

ထန်းပင်တွေ ပြုန်းတီးမသွားအောင်နဲ့ အဆင့်မြင့် ရောင်းတမ်းဝင် ထန်းနဲ့ထန်းထွက်ကုန်တွေ
ထုတ်လုပ်နိုင်ဖို့အတွက်က အစိုးရနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ အကူအညီတွေ
လိုအပ်တယ်လို့လည်း သူက ထောက်ပြပြောဆိုခဲ့ပါတယ်။

ဒါမှသာ ထန်းတက်သမားတွေရဲ့ ဘ၀အနေအထားကလည်း တိုးတက်ပြောင်းလဲလာနိုင်မယ်လို့လည်း
ဒေါက်တာက မီးမောင်းထိုးပြခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ပညာရှင်ဖြစ်သူ ဒေါ်ဝီသန့်စင်ကို အလုပ်ရုံဆွေးနွေးပွဲမှာ တွေ့ရစဉ်။ သီရိလူ/မြန်မာတိုင်း(မ်)သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ပညာရှင်ဖြစ်သူ ဒေါ်ဝီသန့်စင်ကို အလုပ်ရုံဆွေးနွေးပွဲမှာ တွေ့ရစဉ်။ သီရိလူ/မြန်မာတိုင်း(မ်)

"တကယ်ဆို ထန်းကနေ စားသောက်ကုန်တွေအမျိုးမျိုး လုပ်လို့ရတဲ့အပြင် ထန်းကနေ အရက်လည်း
ချက်လို့ရ တယ်။ စက်မောင်းနှင်လို့ရတဲ့ စက်သုံးဆီလည်း ထုတ်လုပ်နိုင်တယ်။ ထန်းခေါက်ဖာ၊
ထန်းရွက်ပုတီးတွေလို လက်မှုပစ္စည်းတွေလုပ်နေတဲ့ ထန်းလျှော်ကိုလည်း နည်းပညာအရ
သေချာမြှင့်တင်ပြီး လက်မှုပစ္စည်းတွေ ဖန်တီးမယ်ဆိုရင်လည်း နိုင်ငံတကာအဆင့်မီ ထုတ်ကုန်တွေ
အထိလုပ်လာနိုင်ပေမဲ့ နည်းပညာအရရော စီးပွားရေး အရရော အခြေခံလိုအပ်ချက်တွေ အများကြီး
ရှိနေတယ်"လို့ ဆိုပါတယ်။

ပြပွဲမှာ ပြသထားတဲ့ ထန်းထွက်ပစ္စည်းတွေအပြင် ထန်း အချိုရည်၊ ထန်းသီးနဲ့ပတ်သက်တဲ့
မုန့်မျိုးစုံလုပ်ပြီး ထုတ်လုပ်ရောင်းချနိုင်မယ့် အနေအထားတွေ ရှိပေမဲ့ ရင်းနှီးမြှုပ်နှံမှုမရှိသလို
အသေးစားအလတ်စားလုပ်ငန်းတွေကို ချေးငွေချေးပေးတဲ့ SME ကလည်း ထန်းလုပ်ငန်းအတွက်ကို
ချေးငွေထုတ်မပေးနိုင်တဲ့အတွက် ထန်းလုပ်ငန်းက မတွင်ကျယ်နိုင်ဘဲ ထန်းတက်သမားတွေရဲ့
အနေအထားကလည်း အသက်နဲ့ရင်း လုပ်ကိုင်ကြရပေမဲ့ ၀င်ငွေနည်းပါးစွာရရှိမှုက ပြဿနာတစ်ရပ်
ဖြစ်နေတယ်လို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

လက်ရှိမှာတော့ ထန်းလျက်ကို အဆင့်မီထုပ်ပိုးမှုပုံစံနဲ့ နိုင်ငံတကာကို တင်သွင်းနေပြီဖြစ်တဲ့
"Tree Food" ထန်းလျက်ထုတ်ကုန်တစ်မျိုးသာ ပြည်တွင်းမှာ ရှိပါသေးတယ်။

ထန်းသကြားထုတ်လုပ်ဖို့ ကြိုးပမ်းနေတဲ့ လုပ်ငန်းရှင် ဦးမောင်မောင်စိုးကတော့ ထန်းသကြားကို
နိုင်ငံတကာ အဆင့်မီပုံစံနဲ့ ဒီနှစ်ထဲမှာ ထုတ်လုပ်နိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ ရည်မှန်းထားတဲ့အတိုင်း
မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

"နေရာအခက်အခဲနဲ့ ထန်းသကြားထုတ်ဖို့ ကုန်ကြမ်းတွေကို နိုင်ငံတကာအဆင့်မီ သန့်စင်နေအောင်
ဖန်တီးရာမှာ အခက်အခဲတချို့ရှိနေသေးတဲ့အတွက် ဒီနှစ်ထဲ ထုတ်ဖို့ ကြိုးပမ်းထားပေမဲ့ လက်တွေ့မှာ
မထုတ်လုပ်နိုင်သေးပါဘူး။ နောက်နှစ်ထဲမှာတော့ ထန်းသကြားကို နိုင်ငံထဲမှာရော နိုင်ငံတကာမှာပါ
အဆင့်မီထုတ်လုပ် ရောင်းချသွားဖို့လုပ်နေပါတယ်"လို့ သူက ပြောပါတယ်။

ထန်းတက်သမားတွေ လျော့နည်းလာပြီး ထန်းပင်တွေ ခုတ်ရောင်းမှု ပိုမိုများပြားလာသလို ထန်းပင်တွေ
ပြုန်းတီးလာတာကိုတော့ နိုင်ငံတွင်းက အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို အစိုးရက အားပေးဖို့
လိုအပ်ပါတယ်လို့ မြန်မာအစိမ်းရောင်ကွန်ရက်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ
ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါ်ဒေ၀ီသန့်စင်က ပြောပါတယ်။

"ထန်းဟာ မြန်မာနိုင်ငံအလယ်ပိုင်းရဲ့ သင်္ကေတ တစ်ခုပဲ။ အခုဆို ပုဂံဒေသဟာ ယူနက်စကို
အသိအမှတ် ပြုခံရတော့မယ်။ ပုဂံက ထန်းအလှတွေသာ ပျောက်ကွယ်သွားရင် ပုဂံရဲ့ အလှဟာလည်း
ပြီးပြည့်စုံနိုင်တော့မှာ မဟုတ်ဘူး။ နောက် ထန်းက အနုပညာနဲ့လည်း တွဲနေတဲ့အတွက် ဂီတ၊ ကဗျာ၊
ပန်းချီ၊ ဓာတ်ပုံတွေမှာလည်း ထန်းက မပါမပြီးပါဘူး။ အခုနောက်ပိုင်း ထန်းတက်သူတွေလည်း
ရှားပါးလာပြီး ထန်းပင်တွေ ခုတ်ရောင်းလာကြတယ်။ ဒီလိုသာ ဆက်သွားမယ်ဆိုရင် ကြာလာတဲ့အခါ
အညာဒေသဟာ သဲကန္တာရဖြစ်သွားနိုင်ပါတယ်။ ထန်းနဲ့ ထန်းလုပ်ငန်းတွေကို အစိုးရက
အားပေးသင့်တယ်"လို့ ဒေါ်ဒေ၀ီသန့်စင်က ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်