သရဲရှာကြသူများအဖွဲ့

တိတ်ဆိတ်နေတဲ့ လမိုက်ညမှာ သရဲအလွန်ခြောက်တယ်လို့ လူပြောများနေတဲ့ သုသာန်တစ်ခုထဲ
သင်ရောက်နေတယ်ဆိုရင် ဘာတွေလုပ်မိမလဲ။

ဒါမှမဟုတ် သရဲခြောက်တဲ့ နာမည်ကျော် ကိုလိုနီအိမ်ဟောင်းကြီးတစ်လုံးထဲမှာ ရောက်နေမယ်
ဆိုရင်ရော ဘာဆက်လုပ်မလဲ။

လူမှုပတ်ဝန်းကျင်တစ်ခွင်မှာ တစ္ဆေ၊ သရဲ၊ ပရလောကသားတွေ ကျင်လည်သွားလာနေတယ်
ဆိုတာကိုရော သင့်အနေနဲ့ ယုံကြည်မှုရှိပါသလား။

စူးစမ်းရတာကို သဘောကျတဲ့ လူငယ်တစ်သိုက်ကတော့ ပရလောကသားတွေရှိတယ်လို့
လက်ခံယုံကြည် ကြသူတွေဖြစ်ပြီး သူတို့တစ်တွေဟာ သရဲခြောက်တယ်လို့ဆိုကြတဲ့ နေရာတစ်ခုကို
ရောက်နေပြီဆိုရင် စိတ်အားတက်ကြွပြီး ရင်ခုန်နေတတ်ကြပါတယ်။

ဒါကြောင့်လည်း သူတို့အုပ်စုဟာ ပရလောကသားတွေ ကြီးစိုးတယ်လို့ နာမည်ကျော်နေတဲ့
နေရာဒေသတွေကို တကူးတက ရှာဖွေသွားရောက်ပြီး လူအများကြည့်ရှုနိုင်အောင်
အွန်လိုင်းကနေတစ်ဆင့် တိုက်ရိုက် ရိုက်ကူးပြသမှုတွေကို ပြုလုပ်ပေးပါတယ်။

အဲဒီလူငယ်အဖွဲ့ကတော့ Ghost Hunters Myanmar အဖွဲ့ပဲ ဖြစ်ပါတယ်။

ခေါင်းပြတ်သရဲမကို မြင်ရတယ်ဆိုတဲ့ ဗီဒီယိုဖိုင်ကို ကိုယ်တိုင်ကြုံခဲ့ရတဲ့သူတွေက ဖေ့စ်ဘွတ်ခ်
စာမျက်နှာပေါ်မှာ တင်ခဲ့ပြီး လူကြည့်များခဲ့တဲ့နောက် သရဲရှာချင်တဲ့ လူငယ်အဖွဲ့ဟာ ဖြစ်ရပ်ကြုံခဲ့ရတဲ့
ပရဟိတသမားတွေကို ဆက်သွယ်မေးမြန်းပြီး သရဲရှာထွက်ခဲ့ပါတော့တယ်။

ပြီးခဲ့တဲ့ မေလဆန်းပိုင်းမှာ Ghost Hunters Myanmar အဖွဲ့ဟာ အမဲသားအစိမ်းတွေဝယ်၊
အဲဒီ သရဲခြောက်တယ်ဆိုတဲ့ ရန်ကုန်-ကျိုက်လတ် ကားလမ်းမတစ်လျှောက်မှာ ကားမောင်း
ကျော်ဖြတ်ရင်း ခေါင်းပြတ်သရဲကို လိုက်ရှာခဲ့ကြတဲ့ တိုက်ရိုက်လွှင့်တင်ပေးမှုကြောင့် ဝေဖန်သံတွေရော
အားပေးသံတွေကြားမှာပါ လူသိများခဲ့ပါတယ်။

သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာ Ghost Hunters Myanmar မှာလည်း follow လုပ်ထားသူပေါင်း
တစ်သိန်းကျော် ရှိနေပါပြီ။

တကယ်တော့ ဒီလူငယ်အဖွဲ့ဟာ ခေါင်းပြတ်သရဲရှာတဲ့အချိန်မှ စတင်ဖွဲ့စည်းခဲ့တာမဟုတ်ဘဲ လွန်ခဲ့တဲ့
နှစ်နှစ်ကျော် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ ၁၆ ရက်နေ့ကတည်းက ၀ါသနာတူ လူငယ်အယောက် ၂၀ ကျော်နဲ့
သရဲတစ္ဆေအပါအ၀င် သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကို လိုက်လံရှာဖွေ အဖြေထုတ်နေခဲ့ကြတာ
ဖြစ်ပါတယ်။

ဒါပေမဲ့ ခေါင်းပြတ်သရဲရှာတဲ့လှုပ်ရှားမှုကတော့ သူတို့အဖွဲ့ကို အထူးလူသိများစေခဲ့တယ်လို့
အဖွဲ့ဝင်တွေက ဆိုကြပါတယ်။

အဖွဲ့စဖွဲ့ဖြစ်ပုံကတော့ လက်ရှိအဖွဲ့ဝင်တွေထဲက တစ်ဦးက ၂၀၁၅ ခုနှစ်မှာ ပရလောကနဲ့
သက်ဆိုင်တဲ့ ပို့စ်တစ်ခုကို အွန်လိုင်းမှာ တင်လိုက်ရာက စိတ်ဝင်စားမှုတွေ များလာပြီး
အချင်းချင်းချိတ်ဆက်မိကာ ဒီအဖွဲ့ကို စုဖွဲ့ခဲ့ကြတာ ဖြစ်ပါတယ်။

နှစ်နှစ်ကျော်သက်တမ်းအတွင်း အကြောင်းကြောင်းကြောင့် အဖွဲ့ဝင်တွေ လျော့ပါးလာခဲ့ပြီး
လက်ရှိအချိန်မှာတော့ လူးဝစ်စည်သူ၊ Lito၊ ရှားထက်ပိုင်၊ Dragon နဲ့ KMS တို့ admin ငါးယောက်နဲ့
Ghost Hunters Myanmar အဖွဲ့က ဆက်လက်အသက်ဝင်နေဆဲဖြစ်သလို နာမည်ကြီးနေတဲ့
တစ္ဆေသရဲခြောက်လှန့်တဲ့ နေရာဒေသတွေကိုလည်း ရှာဖွေသွားရောက်နေဆဲပဲ ဖြစ်ပါတယ်။

အချိန်ပေးရတဲ့အပြင် လူလည်းပင်ပန်း၊ ၀င်ငွေရတာလည်းမဟုတ်တဲ့အပြင် ကိုယ့်ငွေကိုယ်
စိုက်ထုတ်ရတဲ့ သူတို့ရဲ့ရည်ရွယ်ချက်က ဘာဖြစ်မလဲ။

တကယ်သရဲ ရှိနေမယ်ဆိုရင် ဗုဒ္ဓဘာသာနည်းနဲ့ ကျွတ်လွတ်သွားအောင် ကူညီနိုင်ဖို့နဲ့ သရဲတကယ်
ရှိတာမဟုတ်ဘဲ ဒုစရိုက်လုပ်ငန်းတစ်ခုခုအပါအ၀င် ပတ်ဝန်းကျင်ကို တမင်ကြောက်လန့်စေချင်တဲ့
ရည်ရွယ်ချက်တွေ၊ အယူအဆမှားတွေရှိရင်လည်း ပယ်ဖျက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ အဖွဲ့ကို
ဖွဲ့စည်းရခြင်းဖြစ်တယ်လို့ အဖွဲ့ဝင်တွေက ပြောပြပါတယ်။

အသက် ၂၅ နှစ်ဝန်းကျင် လူငယ် ငါးယောက်စလုံးက ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်က
သရဲခြောက်တယ်လို့ နာမည်ကျော်နေတဲ့ သုသာန်တွေ၊ ယာဉ်တိုက်မှုတွေ မကြာခဏဖြစ်နေတဲ့
လမ်းမနဲ့ အိမ်အိုတွေကို သွားရောက်ခဲ့ကြသလို ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊
ပြည်မြို့စတဲ့ နေရာဒေသတွေကိုလည်း ခရီးတွေထွက်ကာ တိုက်ရိုက်တင်ဆက်မှုတွေ
ပြုလုပ်ခဲ့ကြပါတယ်။

သူတို့ သွားခဲ့ကြတဲ့ နေရာဒေသတွေထဲမှာ ဘာမှမထူးခြားတာမျိုးတွေလည်း ကြုံရသလို ထူးခြားတဲ့
အဖြစ်အပျက်တွေ ရှိနေတာကိုလည်း ကြုံတွေ့ခဲ့ရတယ်လို့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လူးဝစ်စည်သူက
ပြောပြပါတယ်။

"ပြည်မြို့မှာရှိတဲ့ သရဲခြောက်တယ်ဆိုတဲ့ အိမ်ကြီးထဲမှာ ကျွန်တော်တို့ အခန်းတိုင်း CCTV တွေ
တပ်ထားကြတယ်။ တခြားနေရာကနေ စောင့်ကြည့်နေတုန်း CCTV ရှေ့ကနေ ဂေါ်လီလုံးလောက်ရှိတဲ့
မီးလုံးခပ်သေးသေးက ဖြည်းဖြည်းချင်းပျံဝဲနေတာကို တွေ့ရတယ်။ မြန်မာအယူအဆဆိုရင်တော့
မီးစုန်းလို့ ပြောလို့ရမလားပဲ။ ဒါပေမဲ့ အဲဒါကို တိုက်ရိုက် Live လွှင့်တဲ့အခါ လေဆာပွိုင်တာနဲ့
ထိုးတာကြီးပါလို့ လာစွပ်စွဲကြတာလည်း ရှိတယ်။ အွန်လိုင်းကနေ ၀င်ကြည့်တဲ့သူအချင်းချင်း
အငြင်းပွားကြတာမျိုး ဖြစ်ကြတယ်"လို့ ပြောပါတယ်။

ရိုးရိုးသာမန်လူတွေ မကြားနိုင်တဲ့ အသံလှိုင်းအနိမ့်တွေကို ဖမ်းတဲ့စက် (ghost box) တွေကို
အသုံးပြုပြီး သရဲတစ္ဆေခြောက်တဲ့နေရာတွေမှာ အသံဖမ်းတဲ့အခါ ထူးခြားတဲ့အသံတွေကို ကြားခဲ့ရပြီး
ဓာတ်ပုံနဲ့ ဗီဒီယို ရိုက်ကူးမှုတွေပြုလုပ်တဲ့အခါမှာလည်း မသဲကွဲတဲ့တစ္ဆေပုံတွေ ဖမ်းယူနိုင်ခဲ့တယ်လို့
Ghost Hunters Myanmar အဖွဲ့ဝင်တွေက ပြောပါတယ်။

"ရှမ်းပြည်ဘက်က နာမည်ကြီးနေတဲ့ သရဲခြောက်တဲ့လမ်းမမှာ ကျွန်တော်တို့ ရိုက်ကူးမှုတွေလုပ်၊
အသံတွေ ဖမ်းခဲ့ကြပေမဲ့ ချက်ချင်း ဘာထူးခြားမှုမှ မတွေ့ခဲ့ဘူး။ ဒါပေမဲ့ frequency အနိမ့်လှိုင်းတွေကို
ဖမ်းတဲ့ အသံဖမ်းစက်ကို ပြန်နားထောင်ကြည့်လိုက်တဲ့ အချိန်မှာတော့ ကျွန်တော်တို့ရဲ့ 'ဒီနားမှာ
ဘယ်သူတွေရှိလဲ၊ မကျွတ်မလွတ်သူတွေ ရှိနေလား'လို့ အော်ပြောတဲ့မေးခွန်းကို 'ငါရှိတယ်' ဆိုတဲ့
ယောက်ျားအသက်ကြီးကြီး အသံတစ်ခုက ၀င်ဖြေထားတာ ကြားရတယ်။ တကယ်အသံဖမ်းတဲ့
အချိန်မှာ အနားမှာ ကျွန်တော်တို့အပြင် တခြားသူရှိမနေခဲ့ပြန်ဘူး"လို့လည်း လူးဝစ်စည်သူက သူတို့ရဲ့
အတွေ့အကြုံတစ်ခုကို ပြောပြပါတယ်။

Ghost Hunters Myanmar အဖွဲ့မှ admin တွေဖြစ်တဲ့ လူးဝစ်စည်သူ၊ Lito ၊ ရှားထက်ပိုင်နဲ့ Dragon တို့ကို ပြီးခဲ့တဲ့ သီတင်းပတ်က တွေ့ရစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)Ghost Hunters Myanmar အဖွဲ့မှ admin တွေဖြစ်တဲ့ လူးဝစ်စည်သူ၊ Lito ၊ ရှားထက်ပိုင်နဲ့ Dragon တို့ကို ပြီးခဲ့တဲ့ သီတင်းပတ်က တွေ့ရစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

ဧရာဝတီတိုင်းဒေသကြီးထဲက စာသင်ကျောင်းတစ်ကျောင်းမှာ ကျောင်းသူမိန်းကလေးတွေချည်း
ဆက်တိုက်သတိလစ်၊ တစ်စုံတစ်ယောက် ၀င်ပူးကပ်သလိုစကားလုံးတွေ ဗလုံးဗထွေးပြောခဲ့တဲ့
မနှစ်က နာမည်ကျော်ဖြစ်ရပ်အတွက်လည်း Ghost Hunters Myanmar က သွားရောက်
အဖြေရှာခဲ့ပါသေးတယ်။

"ကျွန်တော်တို့ သတင်းတစ်ခုခုကြားလို့ သွားမယ်ဆိုတာနဲ့ အရင်ဆုံး အဲဒီဒေသခံတွေကို
ဆက်သွယ် အင်တာဗျူးတွေ သေချာလုပ်ပြီးမှ ခွင့်ပြုချက်တောင်း၊ ရိုက်ကူးမှုတွေ လုပ်ပါတယ်။
အဲဒီစာသင်ကျောင်းနဲ့ နီးတဲ့တစ်နေရာမှာတော့ အသားစိမ်းတွေကို ဘုရားပုံတွေနဲ့လိပ်ထားပြီး
အစီအရင်တစ်ခုခု လုပ်ထားတဲ့ပုံစံမျိုး ကျွန်တော်တို့ ရှာတွေ့ခဲ့တယ်။ ရွာကလူတွေလည်း အံ့ဩပြီး
ဖယ်ရှားလိုက်ကြပါတယ်"လို့ ရှားထက်ပိုင်က ပြောပါတယ်။

တိုက်ဆိုင်မှုလို့ ဆိုရမလား၊ အဲဒီနောက်ပိုင်းမှာ ၀င်ပူးကပ်တယ်ဆိုတဲ့ အသံတွေလည်း
မကြားရတော့ဘူးလို့ သူကဆိုပါတယ်။

ဒါပေမဲ့ နာမည်ကျော်ပြီး တကယ် ပရလောကသားတွေ မဟုတ်တဲ့ အခြေအနေတွေကိုလည်း
အကြိမ်ပေါင်းများစွာ သူတို့ ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်း ဆိုကြပါတယ်။

"နေပြည်တော် အဝေးပြေးလမ်းမ တစ်နေရာက သင်္ချိုင်းတစ်ခုမှာ ၀ိညာဉ်တွေ တရားနာလာကြပြီး
သူတို့ခြေရာတွေ ကျန်နေတယ်လို့ တစ်နှစ်က နာမည်ကြီးလိုက်ပါသေးတယ်။ ကျွန်တော်တို့
သေချာသွား လေ့လာတော့ အဲဒီခြေရာတွေက ရိုးရိုးလူတွေရဲ့ခြေရာတွေသာ ဖြစ်ပါတယ်။
တချို့နေရာတွေမှာ ခွေးတွေပါ ဖြတ်လျှောက်တာမို့ ခွေးခြေရာလေးတွေတောင်ပါသေးတယ်"လို့
လူးဝစ်စည်သူက ပြောပါတယ်။

ကိုယ်တိုင်ကြုံတွေ့ရပေမဲ့ တကယ်လက်တွေ့ ပြန်ပြလို့မရနိုင်တဲ့ အခြေအနေ အခက်အခဲတွေလည်း
ရှိတာမို့ သူတို့ကိုစောင့်ကြည့်သူ (အားပေးသူနဲ့ ဝေဖန်သူတွေ)တွေရဲ့ နားလည်မှု
မပေးနိုင်တာတွေကိုလည်း လက်ခံနိုင်တယ်လို့ အဖွဲ့ဝင်တွေက ဆိုကြပါတယ်။

"အပုပ်နံ့ရတာ၊ ကြက်သီးထတာ၊ ဆံပင်တွေ ထောင်သွားတာမျိုးက ကျွန်တော်တို့ အသံဖမ်းတာ၊
ရိုက်ကူးရေး လုပ်တာတွေမှာ ထည့်လုပ်လို့ မရပါဘူး။ အဲဒီတော့ ဒီနေရာက ထူးခြားနေတယ်လို့
ပြောလိုက်ရင် ဘယ်လိုလဲ၊ ပြပါလို့ ပြန်မေးတဲ့အခါ ကျွန်တော်တို့ အငြင်းပွားလို့မရပါဘူး"လို့
အဖွဲ့ဝင်တစ်ဦးဖြစ်တဲီ့မေါသည က ပြောပါတယ်။

ခုချိန်မှာ သူတို့အဖွဲ့အပေါ် စောင့်ကြည့်ဝေဖန်သူတွေလည်း အများကြီးရှိနေတာမို့ commant တွေ
ပေးပြီး တိုက်ခိုက်ဝေဖန်ရှုတ်ချသူတွေကို လျစ်လျူရှုပြီး ကိုယ်စိတ်ဝင်စားတဲ့ဖြစ်ရပ်တွေရဲ့ အဖြေတွေ
အပေါ်မှာပဲ အာရုံစိုက်တယ်လို့လည်း အဖွဲ့ဝင်တွေက ပြောပါတယ်။

"ကျွန်တော်တို့ အာရုံစူးစိုက်မှုတွေ၊ အချိန်တွေ၊ ခွန်အားတွေ၊ ကိုယ်ပိုင်စိုက်ထုတ်ငွေတွေနဲ့ အများကြီး
ရင်းနှီးထားရပါတယ်။ ဒါပေမဲ့ သေချာစောင့်မကြည့်ဘဲ တမင်တိုက်ခိုက်ဝေဖန်တာမျိုးတွေလည်း
အများကြီး ကြုံနေရတော့ အချိန်ကြာလာလေ အဲဒီတိုက်ခိုက်မှုတွေအပေါ်မှာ အာရုံစိုက်မှုလျော့လေပါပဲ။
ကိုယ်ယုံကြည် တာနဲ့ တခြားသူကို လိုက်ယုံခိုင်းတာမျိုး လုပ်လို့မရသလို ကိုယ်မယုံကြည်တာနဲ့
တကယ့်ဖြစ်ရပ်ပေါ်မှာ မျက်စိမှိတ်ငြင်းနေလို့လည်း မရပါဘူး။ မယုံတဲ့သူတွေကို
အတင်းမယုံခိုင်းပါဘူး"လို့ ရှားထက်ပိုင်က ပြောပါတယ်။

တစ္ဆေ၊ သရဲ၊ ပရလောက စတဲ့ ခြောက်လှန့်တယ်လို့ နာမည်ကြီးတဲ့အရာတွေကို လူထုကို
ပြမယ့်အချိန်မှာ ကိုယ့်ကြောင့် ထိခိုက်ပျက်စီးသွားမှာ၊ ထိတ်လန့်သွားမှာ၊ စိတ်စွဲပြီး အယူလွဲသွားမှာ၊
အဲဒီနေရာဒေသအပေါ် သက်ရောက်မှုရှိမှာ စတာတွေလည်း ရှိနိုင်တာမို့ Ghost Hunters Myanmar
အဖွဲ့က သတိထားနေရပါတယ်။

"တကယ်ခြောက်လှန့်တယ်လို့ နာမည်ကြီးတဲ့နေရာတွေကို ၀င်ခွင့်မရတာ၊ ရိုက်ကူးခွင့်မရတာ၊
ကန့်သတ်ခံရတာတွေလည်း အများကြီးကြုံရပါတယ်။ ဒါကို ကိုယ့်ပရိသတ်ကို ပြန်ရှင်းပြပေမဲ့
တိုက်ခိုက်သူ တွေကတော့ အမျိုးမျိုးဝေဖန်တတ်ကြပါတယ်"လို့ လူးဝစ်စည်သူက ပြောပါတယ်။

တိုက်ရိုက်ရိုက်ကူးတင်ဆက်တဲ့အချိန်မှာ ကြည့်ရှုနေတဲ့ပရိသတ်အတွက်ေ၀၀ါးမှုတွေ၊ မရေရာမှုတွေ
ရှိတတ်တာမို့ တည်းဖြတ်ပြီး ပြန်ကြည့်တဲ့အခါ ပိုကြည်လင်ပြီး ပြတ်ပြတ်သားသား ရှာဖွေနိုင်ပေမဲ့
ပရိသတ်တွေက တိုက်ရိုက်တင်ဆက်မှုတွေကိုပဲ နှစ်သက်တယ်လို့လည်း ဆိုပါတယ်။

Ghost Hunters Myanmar အဖွဲ့ရဲ့ နောက်ထပ်ရည်ရွယ်ချက်တစ်ခုကတော့ တခြားနိုင်ငံတွေက
နာမည်ကျော် Ghost Hunters အဖွဲ့တွေလို တီဗီလိုင်းတွေကနေတစ်ဆင့် ရိုက်ကူးတင်ဆက်
ပြသမှုတွေ ပြုလုပ်ဖို့ ဖြစ်ပြီး လွတ်လပ်စွာ ရိုက်ကူးတင်ဆက်ခွင့်တွေလည်း လိုချင်တယ်လို့
အဖွဲ့ဝင်တွေက ဖွင့်ပြောပါတယ်။

"အမေရိကနဲ့ နိုင်ငံတကာက Ghost Hunters အဖွဲ့တွေက လူတွေရဲ့ အသိအမှတ်ပြုခံရပြီး
သမ္မတ အိမ်ဖြူတော်၊ နာမည်ကျော်ဟိုတယ်ကြီးတွေနဲ့ လွှတ်တော်အဆောက်အအုံတွေအထိ
ဝင်ရောက်လေ့လာ ရိုက်ကူးခွင့်ရတယ်။ ဒီလိုရိုက်ပြခြင်းအားဖြင့် ကောလာဟလတွေကိုလည်း
ဖြေရှင်းပြီးသားဖြစ်တော့ ခွင့်ပြုချက်တွေ ရကြတယ်။ အာရှမှာလည်း ဂျပန်၊ ကိုရီးယားအဖွဲ့တွေ
အောင်မြင်ကြတယ်။ ကျွန်တော်တို့ အိပ်မက်တွေက အဲဒါတွေပါပဲ"လို့ အဖွဲ့ဝင်တွေအားလုံးက
ပြောကြပါတယ်။

Ghost Hunters Myanmar အဖွဲ့က နာမည်ကြီးနေတဲ့ ထူးခြားဆန်းကြယ် ဒေသတွေကို
ကိုယ်တိုင်ရှာဖွေနေသလို ၀ါသနာတူ ပရိသတ်တွေက အကြောင်းကြားလာရင်လည်း သေချာစုံစမ်းပြီး
သွားတတ်ကြတာမို့ သင့်အနီးအနားမှာ တစ်ခုခု သဘာဝလွန်ဖြစ်နေပြီဆိုရင် အကြောင်းသာ
ကြားလိုက်ပါ။

သင်စိတ်ထင်တာနဲ့ တကယ်လက်တွေ့ဟုတ်မဟုတ်ကို သူတို့က သက်သေပြပါလိမ့်မယ်။


(Ghost Hunters Myanmar အဖွဲ့နဲ့ တွေ့ဆုံကာ အင်တာဗျူးထားတာတွေကို
ပြန်လည်ဖော်ပြပေးထားခြင်းသာဖြစ်ပြီး ပရလောကသားတွေကို ရှာဖွေတဲ့ ခရီးစဉ်တွေမှာတော့
မြန်မာတိုင်း(မ်)က လိုက်ပါကြည့်ရှုခဲ့ခြင်း မရှိပါဘူး။)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။