ရန်ကုန်မြို့လယ်ကောင်က ကြက်ဥအိမ်လေး

ညိုမီ/မြန်မာတိုင်း(မ်)ညိုမီ/မြန်မာတိုင်း(မ်)

တချို့အိမ်တွေက သူတို့အပင်တွေ မြန်မြန်ကြီးထွားစေဖို့ ကယ်ဆီယမ်ဓာတ်အပြည့်ပါတဲ့ ကြက်ဥအခွံကို
မြေဩဇာအဖြစ် အသုံးပြုကြပေမဲ့ ရန်ကုန်မြို့လယ်ကောင်၊ ကျောက်တံတားမြို့နယ်၊ ၃၇ လမ်း
(အလယ်ဘလောက်) ထဲမှာရှိတဲ့ အိမ်လေးကတော့ အိမ်ရှေ့မှာ စိုက်ပျိုးထားတဲ့ သူတို့
အပင်လေးတွေကို မျက်စိပသာဒဖြစ်အောင် ကြက်ဥခွံလေးတွေနဲ့ အလှဆင်ထားပါတယ်။

သူတို့ရဲ့ဖန်တီးမှုကို ပြည်တွင်းက လူတွေထက် နိုင်ငံခြားသားတွေက ပိုစိတ်ဝင်စားကြပြီး
ဘာကြောင့် ကြက်ဥခွံ စွပ်ထားရသလဲဆိုတဲ့ မေးခွန်းကတော့ အိမ်ရှင် ဦးကျော်ရွှေ မကြာခဏ
အဖြေပေးရတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

အိမ်ရှေ့မှာ ညမွှေးပန်းပင်၊ ကင်ဆာအတွက်ကောင်းတဲ့ ပြည့်ဝရွက်၊ ငရုတ်ကောင်းစတဲ့
အပင်လေးတွေကို ဥယျာဉ်အသေးစားသဖွယ် စိုက်ပျိုးထားပြီး အပင်ရဲ့ထိပ်ဖျားတိုင်းမှာ
ကြက်ဥခွံလေးတွေစွပ်ပြီး ကြည့်တဲ့သူ စိတ်ချမ်းသာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အသက် ၆၃ နှစ်အရွယ်
အိမ်ရှင် လင်မယားနှစ်ယောက် (ဦးကျော်ရွှေနဲ့ ဒေါ်သီတာအေးဖေ) က ဖန်တီးထားတာ ဖြစ်ပါတယ်။

တချို့အနုပညာစိတ်ရှိသူတွေကတော့ ချစ်စရာအိမ်လေးလို့မြင်ကြပေမဲ့ တချို့ကတော့
ရယ်စရာကြောင်တောင်တောင် အိမ်အဖြစ်သာ သတ်မှတ်ကြတယ်လို့ အိမ်ရှင်လင်မယားက
ရယ်မောရင်း ပြောပြပါတယ်။

"တချို့ကတော့ အနုပညာစိတ်ရှိတော့ တွေ့ရင်ပျော်တယ်ပေါ့။ တချို့က ဘာတွေလျှောက်လုပ်နေမှန်း
မသိဘူးလို့ ပြောကြတယ်။ ကြောင်တောင်တောင်နဲ့တို့၊ အပေါကျနေတာပဲတို့ အဲလိုမျိုးတွေလည်း
ပြောတယ်။ ကြားရတော့ တစ်ခါတလေကျရင် ဒေါသဖြစ်တယ်" လို့ ဒေါ်သီတာအေးဖေက
ပြောပြပါတယ်။

ဦးကျော်ရွှေနဲ့ ဒေါ်သီတာအေးဖေတို့ကို ၎င်းတို့၏ အိမ်ရှေ့မှာ တွေ့ရစဉ်။ ညိုမီ/မြန်မာတိုင်း(မ်)ဦးကျော်ရွှေနဲ့ ဒေါ်သီတာအေးဖေတို့ကို ၎င်းတို့၏ အိမ်ရှေ့မှာ တွေ့ရစဉ်။ ညိုမီ/မြန်မာတိုင်း(မ်)

သူတို့ရဲ့ အပင်တွေကို ကြက်ဥခွံလေးတွေနဲ့ စတင်ပြီး အလှဆင်ဖြစ်ခဲ့တာကတော့
၂၀၁၃ ခုနှစ်ကတည်းကပါ။

"အဲဒီတုန်းက (ဒေါ်သီတာအေးဖေ) ချိုင်းမှာ တီဘီကျိတ်ရှိနေတော့ (အားရှိအောင်) ကြက်ဥနေ့တိုင်း
စားရမယ်ဆိုတော့ ကြက်ဥကို့ half boiled လုပ်စားရင်းနဲ့ ခွက်ကလေးတွေ ကျန်တယ်။ ကျန်တော့
တစ်ခု၊ နှစ်ခု စွပ်ရင်းစွပ်ရင်းနဲ့ တယ်ဟုတ်ပါလားဆိုပြီး တဖြည်းဖြည်း များလာတယ်"လို့ ဦးကျော်ရွှေက
ပြောပါတယ်။

ဒါပေမဲ့လည်း များလာတဲ့ ကြက်ဥခွံလေးတွေက လက်ဆော့တဲ့ လူတွေကြောင့် တော်တော်များများ
ပျက်စီးသွားခဲ့ပါတယ်။

"နောက်တော့ ၃၈ လမ်းက ထမင်းကြော်ဆိုင်၊ သူခွဲတဲ့ ကြက်ဥက အဲဒီအတိုင်းပဲ ခွဲထားတာ။
အဲဒါ 'မပစ်နဲ့ ငါပဲ ယူမယ်'ဆိုပြီး ယူပြီးတော့ တောက်လျှောက်ထည့်တာ ဒီနေ့ထိပဲ"လို့
ဦးကျော်ရွှေက ဆိုပါတယ်။

အခုစွပ်ထားတဲ့ ကြက်ဥခွံလေးတွေက သူတို့အိမ်က စားတဲ့ ကြက်ဥခွံလေးတွေပါ ပါတယ်။

"အသက် ၆၀ ဆိုတော့ တစ်ရက်ကို တစ်ယောက် နှစ်လုံးလောက် စားတယ်။ ဘာလို့ဆို
ကြက်ဥစားရင် အသက်ကြီးရင် ဦးနှောက်ကျုံ့တဲ့ရောဂါကို ကာကွယ်ပေးတယ်ဆိုလို့ စားတာ"လို့
ဦးကျော်ရွှေက ပြောပါတယ်။

"၂၀၁၄ လောက်တုန်းကလည်း မြောက်ဒဂုံမိဘအိမ်က သံပရိုပင်ကြီးမှာ ကြက်ဥခွံတွေကို
စွပ်ထားတော့လည်း အိမ်လာလည်တဲ့ သူတွေက အရမ်းအံ့ဩနေတယ်။ ကြက်ဥသီးသီးနေတယ်
ဘာလုပ်တာလဲဆိုပြီး အားလုံးလိုလိုက မြောက်ဒဂုံမှာလည်း အဆန်းလိုဖြစ်နေတယ်" လို့
ဒေါ်သီတာအေးဖေက ပြောပြပါတယ်။

အဲဒီလိုအကြောင်းအရာတွေကြောင့် ကြက်ဥခွံလေးတွေ အိမ်ရှေ့မှာ များနေတာကို
မသိတဲ့ သူတွေကတော့ "ဒီအိမ်က သက်သတ်လွတ်ပဲစားတယ်။ ကြက်ဥပဲစားတယ်
ထင်ကြတယ်"လို့ သူ့စကားကို သဘောကျဟန်နဲ့ အားပါးတရ ရယ်မောရင်း ဦးကျော်ရွှေက
ပြောပြပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်