ရန်ကုန်မိုးတွင်းမှာ မကြိုက်သော အချက်များ

မြန်မာနိုင်ငံမှာ မေအကုန် ဇွန်အစ ကျောင်းတွေဖွင့်ချိန်က မိုးတွင်းရောက်ပြီဆိုပေမဲ့ ဒီနှစ်မှာတော့
မုန်တိုင်းအရှိန်ကြောင့် မေလစကတည်းက မိုးတွေက သဲသဲမဲမဲကို ရွာနေပါပြီ။

နှစ်စဉ် နွေ မိုး ဆောင်း ဥတုသုံးပါး ပြောင်းနေကျဖြစ်ပေမဲ့ ရန်ကုန်မှာတော့ နောက်ပိုင်းတွေမှာ
ဆောင်းတွင်းဆိုတာ မရှိတော့သလို ခံစားရပါတယ်။

နွေဆိုရင်လည်း အပူချိန်တအားမြင့်တာကြောင့် နွေပူပူကြီးထက်စာရင် မိုးအေးအေးလေးကို
တောင့်တကြသူတွေလည်း ရှိမှာပါ။

မိုးတွင်းမှာ အပူချိန်လေးကျပြီး နေလို့ကောင်းတယ်ဆိုပေမဲ့ စာရေးသူကတော့ ရန်ကုန်မြို့ရဲ့မိုးတွင်းကို
မကြိုက်ဘူးဆိုတာ အမှန်တိုင်း ၀န်ခံချင်ပါတယ်။

ရန်ကုန်မြို့မှာ စားဝတ်နေရေးအတွက် နေ့စဉ်လှုပ်ရှားနေရသူတွေလည်း မိုးတွင်းမှာ အခက်အခဲတွေနဲ့
ကျော်ဖြတ်ကြ ရမှာ သေချာပါတယ်။

ဒါကြောင့် ဒီတစ်ပတ် ရန်ကုန်မိုးတွင်းမှာ စာရေးသူမကြိုက်တဲ့ အချက်လေးတွေကို
ရင်ဖွင့်ပြောပြလိုက်ပါတယ်။

လျှပ်စစ်မီးပြတ်တောက်ခြင်း

မြန်မာပြည်မှာ ကြီးပြင်းအရွယ်ရောက်လာရတဲ့ လူတစ်ယောက်အတွက်ကတော့ လျှပ်စစ်မီးပျက်တဲ့
ဒဏ်ကို ကြုံရတာက အထူးအဆန်းတော့မဟုတ်ပါဘူး။

နွေရာသီမှာလည်း ရေခန်းလို့ မီးပျက်တဲ့ဒဏ်ကိုခံရသလို မိုးတွင်းရောက်ပြန်တော့လည်း ဘယ်အချိန်
မီးပျက်မလဲဆိုတဲ့ အတွေးတွေ၊ မီးပျက်သွားရင်ရော ဘယ်အချိန်မှပြန်လာမလဲဆိုတဲ့ စိုးရိမ်မှုတွေနဲ့
ဖြတ်သန်းရတာပါပဲ။

မြို့တော်ကြီး ကောင်းမွန်ဖို့အတွက် မိုးတွင်းရောက်မှ ဟိုပြင်ဒီပြင်တွေကြောင့် လျှပ်စစ်မီး
ဖြတ်တောက်တာတွေလည်းရှိသလို မိုးတွေမည်းပြီး လေတွေတိုက်လာတာနဲ့ လျှပ်စစ်မီးက
ပျက်တတ်ပါသေးတယ်။

ဒါကြောင့် အိမ်က အမေဆို မိုးမရွာသေးဘူး လေတွေ တိုက်တာမြင်တာနဲ့ "ကြည့်နေ... ခဏနေ
မီးပျက်တော့မှာ"ဆိုပြီး ပြောလေ့ရှိပါတယ်။

သူပြောတဲ့အတိုင်း တကယ်လည်း မီးပျက်ပါတယ်။ မီးပျက်ရင် ဘာတွေဖြစ်မလဲ။ လျှပ်စစ်မီးရှိမှ
အရာရာအလုပ်ဖြစ်တဲ့ အခုလို ၂၁ ရာစုမှာ အရာအားလုံးကို နှောင့်နှေးစေတာ လူတိုင်းသိကြပါတယ်။

ရေကြီးခြင်း

ရန်ကုန်မှာ ဒီနှစ်ရေကြီးတာက မုန်တိုင်းအရှိန်ကြောင့် တော်တော်လေးကို ဆိုးရွားသွားပါတယ်။

ဒါပေမဲ့လည်း အရင်နှစ်တွေက နိုင်ငံတွင်းက တချို့မြို့တွေ မှာ လူ့အသက်အိုးအိမ်တွေ ဆုံးရှုံးရတဲ့အထိ
ရေကြီးရေလျှံခဲ့တာနဲ့စာရင်တော့ မပြောပါ့လောက်ပါဘူး။

မုန်တိုင်းအရှိန်ကြောင့် ရေကြီးတယ်ဆိုပေမဲ့ မုန်တိုင်း အရှိန်နဲ့မဟုတ်ဘဲ သာမန်မိုးသည်းတာ
ဆိုရင်လည်း ရေကြီးတဲ့နေရာတွေ၊ ရပ်ကွက်တွေ ရန်ကုန်မြို့မှာ အများကြီးပါ။

စာရေးသူနေတဲ့ တောင်ဥက္ကလာမှာ ဆိုလည်း မိုးတွင်းဆို ရေကြီးလွယ်တဲ့ နေရာတွေထဲ
တစ်ခုအပါအ၀င်ပါ။

စာရေးသူတို့ အိမ်နဲ့နီးတဲ့ သုမင်္ဂလာလမ်းနဲ့ သံသုမာလမ်းကြား သစ္စာလမ်းမပေါ်ဆို ကားဘီးတွေ
မြုပ်တဲ့အထိ ရေးကြီးတာမို့ သွားရေးလာရေးမှာ အင်မတန် ဒုက္ခရောက်ရပါတယ်။

အိမ်အောက်ထပ်နေတဲ့ လူတွေဆိုလည်း မိုးတွင်းရေကြီးတဲ့ အချိန်မှာ အိမ်ထဲရေ၀င်တဲ့ ဒုက္ခကို
ခံစားကြရပါတယ်။

လမ်းပေါ်မှာ ရေတွေလျှံ နေချိန်မှာ နောက်ထပ် ကြောက်စရာကောင်းတဲ့ အချက်ကတော့
မညီမညာဖြစ်နေတဲ့ လမ်းဘေးပလက်ဖောင်းအပေါက်တွေကနေ ရေမြောင်းထဲကို ပြုတ်ကျသွားတာမျိုး၊
နောက်... မသေမသပ်လုပ်ထားလို့ လမ်းပေါ်ပြုတ်ကျနေတတ်တဲ့ ဓာတ်ကြိုးတွေကို မမြင်မစမ်းနဲ့
သွားထိမိတာာမျိုးပဲ ဖြစ်ပါတယ်။

ရွှံ့ဗွက်နဲ့ ချိုင့်ခွက်များ

မိုးတွင်းမှာ ဗွက်စဉ်တဲ့ ကိစ္စကလည်း စိတ်ပျက်စရာပါ။ ဒီကိစ္စမျိုးက ဈေးသွားတာမျိုး၊ ဟိုနားဒီနားလေး
သွားတဲ့အခါမျိုးမှာ ကိစ္စမရှိပေမဲ့ လုပ်ငန်းခွင်ကိုသွားတာမျိုး၊ ချိန်းထားတာရှိလို့ သွားတာမျိုး၊
သင်တန်းသွား၊ ကျောင်းသွားတာမျိုးလို ပြင်ပြင်ဆင်ဆင်နဲ့ သွားလာရတဲ့အခါမျိုးမှာ ဗွက်စဉ်တဲ့ကိစ္စက
မနှစ်မြို့စရာဆိုတာ ကြုံဖူးတဲ့သူတိုင်း ကောင်းကောင်းသိကြမှာပါ။

ဗွက်ဆိုတာလည်း ရန်ကုန်မြို့မှာ အပေါဆုံးပါပဲ။ လမ်းကြိုလမ်းကြားမပြောနဲ့ လူသွားလမ်း
ပလက်ဖောင်းမှာပါ ဗွက်တွေရှိတတ်ပါတယ်။

ခြေပိတ်ဖိနပ်တွေ စီးတဲ့အခါ ဗွက်သိပ်မစဉ်ပေမဲ့ ညှပ်ဖိနပ်နဲ့ဆိုရင်တော့ ကိုယ့်ရဲ့နောက်ကျောဘက်မှာ
ဗွက်တွေ ရွှံ့တွေက မြင်မကောင်းအောင်ကို ဖြစ်နေမှာပါ။

ခက်တာက ခြေပိတ်ဖိနပ်တွေက မိုးတွင်းဆို အနံ့အသက်တွေ ထွက်တတ်တာကြောင့်
ဗွက်စဉ်မှန်းသိပေမဲ့လည်း သာမန်ခြေညှပ်ဖိနပ်လေးတွေကိုပဲ ၀တ်ကြတဲ့ လူတွေလည်း ရှိပါတယ်။

ဗွက်စဉ်တာထက် ဆိုးတာရှိပါသေးတယ်။ ရေအိုင်နေတဲ့ ချိုင့်ခွက်ကို ကားတစ်စီးက အရှိန်ပြင်းပြင်းနဲ့
ဖြတ်သွားတဲ့အချိန် ကိုယ်က ကံမကောင်းစွာနဲ့ အဲဒီချိုင့်ခွက်နဲ့ မလှမ်းမကမ်းမှာရှိနေမယ်ဆိုရင်တော့
အဲဒီနေ့ဟာ သင့်အတွက် ကံဆိုးတဲ့ နေ့တစ်နေ့ပါပဲ။

ရေကလည်းများ၊ ချိုင့်ခွက်ကလည်း ကြီးရင်တော့ သင်္ကြန်မှာ ရေပုံးနဲ့ ပက်လိုက်သလိုမျိုးကို
ခံစားရစေမှာပါ။ ကံကောင်းရင် ခြေထောက်လောက်ပဲ စိုမှာဖြစ်ပြီး ကံမကောင်းရင်တော့
ပါးစပ်တွေထဲတောင် အဲဒီရေတွေ ၀င်နိုင်ပါတယ်။ အဲဒီလိုအဖြစ်အပျက်က လူအများကြုံတွေ့
ခံစားရတာပါ။

အဲဒီချိုင့်ခွက်တွေက ကားတွေအတွက်လည်း အန္တရာယ်ရှိပါတယ်။ ချိုင့်ခွက်ထဲ ရေကပြည့်နေတော့
ဘယ်လောက်နက်မှန်းမသိ၊ သေချာလည်း မမြင်ရလို့ ဖြတ်သွားမိတဲ့အခါ ကားဘီးခွင်တာတွေ၊
ကားအောက်က လေးကျိုးတာအပြင် ဘီးအထိနာရင် ကားဘီးပေါက်ပြီး အန္တရာယ်ဖြစ်နိုင်ပါတယ်။

ခေါင်းကိုက်စရာ အနံ့အသက်တွေ

မိုးတွင်းကာလဟာ အပြင်မှာ စိုစွတ်နေတာတင်မကဘဲ အဆောက်အအုံထဲမှာနေရတာလည်း
စိုထိုင်းမှုနဲ့ မကောင်းတဲ့ အနံ့အသက်တွေကို ဖြစ်စေတာမို့ အများသုံးနေရာလိုမျိုး မဟုတ်ဘဲ နေအိမ်လို
နေရာမျိုးမှာတောင် ခြောက်သွေ့သန့်ရှင်းနေအောင် သတိထားပြီး အမြဲလုပ်ပေးနေမှ ကောင်းမှာပါ။

လုပ်ငန်းခွင်ကိုလာရာမှာ မိုးမိလာတဲ့အခါ စိုစိုစိစိနဲ့ အလုပ်လုပ်ရတာကိုက စိတ်အနှောင့်အယှက်
ဖြစ်စရာပါပဲ။

လမ်းဘေးအမှိုက်ပုံတွေဆို မိုးတွင်းမှာ ပိုပြီးတော့ အနံ့အသက်ဆိုးတွေ ထွက်တတ်ပြီး
အဆိုးဆုံးကတော့ ဘတ်စ်ကားတွေနဲ့ မြို့ပတ်ရထားတွေကို မိုးတွင်းမှာ စီးရတာပါပဲ။

အဲကွန်းကားဆို တော်သေးပေမဲ့ မိုးတွေပတ်လို့ မှန်တွေလည်းပိတ် အဲကွန်းလည်း မပါရင်တော့
မိုးတွင်းပယောဂကြောင့်ဖြစ်တဲ့ အောက်သိုးသိုးအနံ့တွေကြောင့် တချို့လူတွေဆို မူးဝေတာတွေပါ
ဖြစ်တတ်ပါတယ်။

အစားအသောက်

မိုးတွင်းဆို အစားအသောက်ကလည်း ဆင်ခြင်ရပါတယ်။ လမ်းဘေးဆိုင်တွေကနေ ဖြစ်နိုင်တယ်
ဆိုပေမဲ့ ဆိုင်ခန်းနဲ့ ရောင်းပြီး အစားအသောက်တွေကို သန့်သန့်ရှင်းရှင်းနဲ့ မပြင်ဆင်ဘူး၊
သေသေသပ်သပ်နဲ့ ဖုံးအုပ်မထားဘူးဆိုရင်လည်း စားသုံးသူကို မိုးတွင်းမှာဖြစ်တတ်တဲ့
ဝမ်းပျက်ဝမ်းလျှောရောဂါမျိုးတွေ ဖြစ်စေနိုင်တာပါပဲ။

လမ်းဘေးဆိုင်တွေဆိုတာက လူအများစုစားသောက်ရေးအတွက် အားကိုးရာဖြစ်တာမို့
မစားဘဲရှောင်နေလို့လည်း မရပါဘူး။ ဒါပေမဲ့လည်း တချို့ဆိုင်တွေက အစားအသောက်ကို မိုးရေတွေ
မ၀င်အောင် သေချာဖုံးအုပ်ထားတာမျိုး မရှိတဲ့အတွက် မိုးရေတွေစို၊ ယင်ကနားဆိုတော့
အဲဒီလိုအစားအသောက်မျိုးကို စားမိတဲ့လူတွေမှာ ဒုက္ခကြီးကြီးရတော့တာပါပဲ။

ဒါကြောင့် မိုးတွင်းရောက်ရင် အစားအသောက် ရွေးစားရတာလည်း ရန်ကုန်မှာ ဒုက္ခတစ်ခုပါပဲ။

နောက် သရက်သီးပေါချိန်ဖြစ်ပြီး ယင်တွေ ခြင်တွေ လည်းပေါတဲ့အချိန်မို့ ကိုယ့်အိမ်မှာတောင်
အစားအသောက်ကို သေချာဖုံးအုပ် မထားရင်လည်း ၀မ်းပျက်ဝမ်းလျှောတာက ဖြစ်နိုင်ပါတယ်။

တက္ကစီ

ရုံးတက်၊ ရုံးဆင်ချိန် မိုးတွေသည်းနေတယ်ဆိုရင် ပိုက်ဆံပေါလို့ မဟုတ်ပေမဲ့ တက္ကစီစီးပြီး
သွားလာရတာက ကားတိုးစီးရတာထက် သက်သာတာကြောင့် တက္ကစီတွေကို အားကိုးကျတဲ့
လူတွေလည်း အများသားပါ။

တက္ကစီဆိုတာ ရန်ကုန်မှာ မရှားပေမဲ့ မိုးသဲကြီးမဲကြီးရွာတဲ့အချိန်ဆို ငှားရတာ အတော့်ကို
ခက်ပါတယ်။ အဲဒီအချိန်ဆို တချို့အငှားယာဉ်မောင်းတွေက မိုးသည်းလွန်းလို့
ထွက်မမောင်းကြတော့ပါဘူး။

ကားထဲရေ၀င်တာ လမ်းတွေ တအားကျပ်တာက သူတို့ရတဲ့ တက္ကစီခနဲ့ မကိုက်သလို ကားထဲ
ရေ၀င်လို့ ပျက်တာမျိုးဆိုရင်လည်း သူတို့အတွက် ကုန်ကျစရိတ်က များနေလို့ပါ။

ဒါကြောင့် မိုးသည်းရင် တက္ကစီအရေအတွက်လည်း နည်းသလို လူအများကလည်း တက္ကစီစီးကျတော့
ငှားရတာ ခက်ပါတယ်။ နောက်ပြီး တချို့အငှားယာဉ်မောင်းသူတွေကလည်း သူတို့ခွင်ဆိုပြီး မိုးတွင်းမှာ
တက္ကစီခတွေကို ဈေးပိုတောင်းတာကလည်း အခက်အခဲ တစ်ခုပါပဲ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်