ရန်ကုန်မြို့နေပြည်သူတွေရဲ့ မိုးရာသီ ခံစားချက်

ရန်ကုန်မြို့နေပြည်သူတွေကိုလည်း မိုးရာသီနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ ခံစားချက်တွေကို
လူမှုဘ၀အကြီးတန်း သတင်းထောက် နန္ဒာအောင် က မေးမြန်းထားပါတယ်။

ကိုတင်လင်း၊ အသက် ၃၆၊ ထီရောင်း

"ကျွန်တော့်ဇာတိက ပုဂံညောင်ဦး ကပါ။ ရန်ကုန်ကို ရောက်လာတာ
အနှစ် ၂၀ ကျော်ပြီ။ ဗိုလ်အောင်ကျော်နဲ့ အနော်ရထာလမ်းထောင့်မှာ
ထီရောင်းတာ ၁၅ နှစ်ကျော်သွားပြီ။ ရန်ကုန်မိုးရာသီနဲ့ပတ်သက်လို့ မိုးရွာတာ
ရက်ဆက်သွားရင်တော့ အလုပ် လုပ်လို့ အဆင်မပြေတဲ့အတွက် မကြိုက်တော့ဘူး။
အဆိုးဆုံးက မိုးရက်ဆက်ရွာပြီး မိုးရေလျှံမှာ။ ခါတိုင်းနှစ်တွေကတော့ မိုးရေလျှံတယ်၊ မြောင်းတွေ
ရေပြည့်လာတော့ မြောင်းပုပ်နံ့တွေ ရှိလာတယ်။ ဒါပေမဲ့ ဒီနှစ်ကျတော့ မြို့ထဲ ဗိုလ်အောင်ကျော်က
ရေမြောင်းတွေ သေသေချာချာလုပ်လိုက်တော့ မိုးများတာတောင် ရေမတင်တော့ဘူး။"


မမျိုးမြတ်မြတ်ဇင်၊ အသက် ၂၉၊ NGO ၀န်ထမ်း

"နေတာက ယုဇနဥယျာဉ် မြို့တော်မှာပါ။ နေ့တိုင်းရုံးတက်ရတာကတော့
ရွှေတိဂုံဘုရားနားမှာပါ။ ရုံးဖွင့်ရက်တိုင်း ရွှေတိဂုံဘုရားနားကနေ
ဗိုလ်အောင်ကျော်အထိ လာပြီး အိမ်ပြန်ဖို့ ကားစီးရတယ်။ ဒါကြောင့်
မိုးတွင်းဆိုရင် သွားလာ ရတာ စိုစွတ်တာတော့ မကြိုက်ဘူး။ တစ်ခါတလေ
ရုံးဆင်းတဲ့ အချိန်မျိုး မိုးရွာတယ်ဆိုရင် တအား စိတ်ညစ်ရတယ်။ မိုးတအားများတဲ့နေ့ ရေလျှံတဲ့အခါ
လမ်းပေါ် ရေတင်၊ ရေမြောင်းပေါက်တွေပေါ် ရေတွေတင်နေတုန်း ရေမြောင်း ပေါက်တွေထဲ ကျွံကျမှာ
အရမ်းစိုးရိမ်တယ်။ ဟိုတစ်လောက မင်္ဂလာဈေးနားမှာ လူတစ်ယောက် ဓာတ်တိုင်ကို ကိုင်လိုက်မိလို့
ဓာတ်လိုက်သွားတယ်ဆိုတာ တွေ့လိုက်ရတယ်။ မိုးတွင်းမှာ အဲဒီလိုမျိုးတွေ ကြုံရမှာ ကြောက်တယ်။"


ကိုရည်မွန်ထွန်း၊ ၂၄ နှစ်၊ သတင်းထောက်

"ရန်ကုန်မြို့ရဲ့ လမ်းတွေက မိုးနည်းနည်းရွာလာတာနဲ့ ဗွက်အိုင် လာတာပဲ။
ဒါကြောင့် သွားလာရတာ မကြိုက်ဘူး။ သမိုင်းမှာနေတဲ့ ကျွန်တော့်ချစ်သူဆီကို
သွားတိုင်း တွေ့ရတာက အမှိုက်ပြဿနာပဲ။ သမိုင်းက တချို့လမ်းထိပ်မှာ
အမှိုက်ပုံကြီးရှိတယ်။ မိုးတွင်းမှာ မိုးနည်းနည်း များလိုက်တာနဲ့ လမ်းပေါ်ကို
အမှိုက်တွေ ပြည့်သွားရော။ စည်ပင်ကလည်း အမှိုက်ပုံကအမှိုက်ကို ညဘက်လောက်မှ
လာသိမ်းတာဆိုတော့ တစ်နေကုန် အမှိုက်တွေပျံ့ကြဲနေတဲ့အခါ အဲဒီနားမှာ နေတဲ့သူတွေ၊
သွားလာတဲ့ သူတွေအဖို့ ညစ်ညစ်ပတ်ပတ်နဲ့ သွားလာရတယ်။"


မစိုးယုနွယ်၊ အသက် ၂၂ နှစ်၊ Promoter

"မိုးရာသီကို အရင်ကတည်းက မကြိုက်တာပါ။ ရန်ကုန်မိုးရာသီမှာ
နေထိုင်ကြီးပြင်းလာရတာ ညစ်ပတ် တယ်လို့ တစ်ချိန်လုံးခံစားရတယ်။
အလုပ်သွားတာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ အပြင်လည်တဲ့အခါပဲ ဖြစ်ဖြစ်
မိုးရွာတော့ ကသိကအောက် ဖြစ်တယ်။ လမ်းလျှောက်ရတာလည်း
ဗွက်တွေနဲ့ဆိုတော့ အရမ်းညစ်ပတ်တယ်။ ကျွန်မကတော့ ဆောင်းတွင်းပဲ ကြိုက်တယ်။ ဘာလို့လဲဆိုတော့
အေးအေးဆေးဆေး သက်သောင့်သက်သာနဲ့ စမတ်ကျကျနေလို့ရတယ်။"


ကိုသူ၊ အသက် ၁၉ နှစ်၊ ဈေးရောင်း

"ကျွန်တော်နေတာက အင်းစိန်မှာပါ။ အရင်ကတော့ သိမ်ဖြူမှာ
ဈေးရောင်းဖူးတယ်။ အခုတော့ ပန်းဆိုးတန်းတစ်ဝိုက်မှာ လှည့်ရောင်းတယ်။
ရာသီဥတု သုံးမျိုးထဲမှာ မိုးနဲ့ ဆောင်း ကို အကြိုက်ဆုံးပဲ။ ဒါပေမဲ့
ကျွန်တော်တို့လို ဈေးသည်တွေအတွက် မိုးရာသီမှာ အခက်ခဲဆုံးက
သွားလာရေးပဲ။ ဈေးသည်ဆိုတော့ အိမ်ကထွက်ရင် အထုပ်တွေ၊ ခြင်းတွေပါတတ်တယ်။ မိုးတွင်း
အင်းစိန်ကနေဒီကို နေ့တိုင်း ဈေးလာထွက်တဲ့အခါ တချို့ကားတွေက မတင်ကြတော့ဘူး။
ဈေးရောင်းတာကတော့ အချိန်မရွေး အဆင်ပြေပါတယ်။ သွားရေးလာရေးတစ်ခုပါပဲ။"


ကိုလင်းလင်းနိုင်၊ အသက် ၂၈ နှစ်၊ ဈေးရောင်း

"ဇာတိကတော့ မိတ္ထီလာပါ။ အခုနေတာကတော့ မင်္ဂလာတောင်ညွှန့်မှာပါ။
ရန်ကုန်ကို အလုပ်လုပ်ဖို့ ၂၀၁၃ လောက်ကတည်းက ရောက်လာတာပါ။
ရောက်ကတည်းက ရာသီပေါ် အသီးအနှံတွေ လှည်းနဲ့တင်ပြီး မြို့ထဲ
တစ်ဝိုက်မှာ လှည့်ရောင်းတယ်။ မိုးတွင်းမှာ ရေကြီးတယ်ဆိုတာ ရန်ကုန်မြို့ရဲ့
ထုံးစံလိုပါပဲ။ မိုးရွာရေလျှံတဲ့အခါ ကျွန်တော်တို့လို တွန်းလှည်းလေးနဲ့ ဈေးသည်တွေထက်
လမ်းပလက်ဖောင်းပေါ်မှာ ခင်းကျင်းရောင်းတဲ့ သူတွေအဖို့ အဆင်မပြေပါဘူး။ ဒါပေမဲ့ ဒီနှစ်မိုးရာသီတော့
မြို့ထဲပိုင်းမှာ ခါတိုင်းလောက် ရေမကြီးပေမဲ့ တခြားမြို့နယ်တွေမှာ ရေကြီးလာတယ်။ မိုးတွင်း မိုးရွာပေမဲ့
ရေမလျှံဘူးဆိုရင်တော့ အားလုံးအတွက် ကောင်းမှာပါ။"

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်