ဖျင်ထည်တွေကို ပြန်လည်အသက်သွင်းသူ (သို့) 'နှစ်ဦးမေ'

'နှစ်ဦးမေ' မြန်မာဝတ်စုံကို ၀တ်ဆင်ထားသူ အမျိုးသမီးငယ်တစ်ဦး။ ဓာတ်ပုံ - Supplied'နှစ်ဦးမေ' မြန်မာဝတ်စုံကို ၀တ်ဆင်ထားသူ အမျိုးသမီးငယ်တစ်ဦး။ ဓာတ်ပုံ - Supplied

နာမည်ကျော် ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ မိုးကုတ်ပေါက်ပေါက်ရဲ့ ဖက်ရှင်လက်ရာတွေကို
ကြည့်လိုက်မယ်ဆိုရင် နိုင်ငံတကာဖက်ရှင်ရေစီးကြောင်းနဲ့အညီ ဖန်တီးချုပ်လုပ်နိုင်တဲ့
လက်စွမ်းလက်စမျိုးကို တွေ့မြင်ရမှာပါ။

ဒီဇိုင်နာပြည်စိုးအောင်ရဲ့ မြန်မာဝတ်စုံလက်ရာတွေကျတော့လည်း ခေတ်မီပြီး ကျက်သရေရှိတဲ့
မြန်မာအမျိုးသမီးတစ်ဦးအသွင်ကို ဖန်တီးပေးနိုင်ပါတယ်။

အဲဒီလိုပဲ ဒီဇိုင်နာ ဆန်းဘောက်ရာရဲ့ ချည်ထည်တွေနဲ့ ချုပ်လုပ်ထားတဲ့ အသင့်ဝတ်အထည်တွေ
ကလည်း ဆယ်ကျော်သက်နဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတွေအတွက် ရိုးရှင်းပြီး ပေါ့ပါးတဲ့
အသွင်ကို ဖော်ကျူးနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ ကချင်အမျိုးသားဒီဇိုင်နာ Y-Stone ကလည်း ဖက်ရှင်အတွက် ရွေးချယ်မှု
အခွင့်အရေး နည်းပါးတဲ့ အမျိုးသားတွေအတွက် ဆန်းသစ်တဲ့ ဖက်ရှင်ခံစားမှုကို ပေးစွမ်းနိုင်အောင်
တီထွင်ချုပ်လုပ်လေ့ရှိပါတယ်။

ဒီလိုပါပဲ။ မြန်မာပြည်က လူသိများတဲ့ ဒီဇိုင်နာတွေ အသီးသီးမှာ တစ်ဦးနဲ့တစ်ဦး မတူတဲ့ ဖန်တီးမှု
အရည်အသွေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။

မန္တလေးသူ မနှစ်ဦးမေကတော့ နာမည်ကျော် ဒီဇိုင်နာတစ်ဦးမဟုတ်သလို၊ အင်္ကျီချုပ်နိုင်တဲ့
အတတ်ပညာလည်း မရှိပါဘူး။

ဒါပေမဲ့ သူက မြန်မာ့ရိုးရာချည်ထည်၊ ဖျင်ထည်တွေကိုတော့ နှစ်ခြိုက်စွာ ၀တ်ဆင်တတ်သူတစ်ဦးပါ။

ဒီလိုလူမျိုးတစ်ဦးက အ၀တ်အစားချုပ်လုပ်ပေးရတဲ့ ၀န်ဆောင်မှုမျိုးလုပ်တယ်လို့ သင်သိလိုက်ရတဲ့အခါ
အံ့ဩသွားတာမျိုး (ဒါမှမဟုတ်) မယုံကြည်နိုင်တာမျိုး ဖြစ်ကောင်းဖြစ်သွားပါလိမ့်မယ်။ ဒီလိုမျိုးတွေးမိလို့
သင့်အလွန်မဟုတ်ပါဘူး။

မနှစ်ဦးမေဟာ ဖက်ရှင်နဲ့ ပတ်သက်တာဆိုလို့ မန္တလေးမြို့မှာ ထုတ်ဝေတဲ့ In Style ဖက်ရှင်မဂ္ဂဇင်းမှာ
အယ်ဒီတာအဖြစ် သုံးနှစ်ကျော်ကြာ လုပ်ကိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံမျိုးသာ ရှိခဲ့ဖူးတာပါ။

ဒါဆိုရင် အ၀တ်အစားချုပ်လုပ်တဲ့ လုပ်ငန်းကို ဘာကြောင့်လုပ်ကိုင်ဖြစ်တာလဲ ...။

"ကျွန်မက မြန်မာဝတ်စုံတွေကို ကြိုက်တယ်။ မြန်မာဝတ်စုံ ရင်ဖုံးခါးတိုလေးတွေကို ထဘီနဲ့ တွဲဝတ်တဲ့
သူကိုမြင်ရင် မိန်းကလေးချင်းတောင် လိုက်ငေးနေမိတတ်တယ်။ ကိုယ်တိုင်လည်း ချည်ထည်လေးတွေ
ချုပ်ဝတ်ရတာကိုကြိုက်လို့ အမြဲတမ်းချုပ်ဝတ်ဖြစ်တယ်"လို့ အသက် ၃၁ နှစ်အရွယ် မနှစ်ဦးမေက
ဆိုပါတယ်။

မနှစ်ဦးမေ ဒီလိုပြောပြတာက စာဖတ်ပရိသတ်တွေအတွက် ကျေနပ်လောက်စရာအဖြေ
မဟုတ်နိုင်ပါဘူး။

"နယ်ဘက်ရောက်လို့ အဒေါ်တွေဝတ်ထားတဲ့ ဖျင်ကြမ်းအင်္ကျီတွေဆိုရင် အရမ်းသဘောကျတယ်။
ဒါပေမဲ့ ပုံစံရိုးရိုးကြီးတွေနဲ့ တောပုံကြီးတော့ ပေါက်တာပေါ့။ ဒါကြောင့် အဲဒီဖျင်စတွေကို
ကိုယ့်ဘာသာဝယ်ပြီး ချုပ်ခိုင်းကြည့် ဦးမယ်ဆိုပြီး ကိုယ့်အတွက် ကိုယ်ဝတ်ဖို့ကိုပဲ စချုပ်ဖြစ်ခဲ့တာ။
ပြီးတော့ ၀တ်ပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင်လိုက်တာ တစ်ယောက် share၊၊ တစ်ယောက်မေးနဲ့
လူကြိုက်များလာတာတွေ့တော့ စီးပွားဖြစ်စပြီးလုပ်ဖြစ်ခဲ့တာပါ"လို့ မနှစ်ဦးမေက ရှင်းပြပါတယ်။

ဒါကြောင့်လည်း ဒီနှစ်ဆန်းပိုင်းကစလို့ သူ့ရဲ့နာမည် 'နှစ်ဦးမေ' နဲ့ပဲ မြန်မာ့ရိုးရာဝတ်စုံတွေ
ချုပ်လုပ်ရောင်းချပေးတဲ့ ၀န်ဆောင်မှုကို မမျှော်လင့်ဘဲ အွန်လိုင်းကနေတစ်ဆင့် လုပ်ကိုင်ဖြစ်ခဲ့သလို
ရိုးရှင်းတဲ့ အင်္ကျီဒီဇိုင်းနဲ့ အထည်အရည်အသွေးကြောင့်အပြင် ထုပ်ပိုးမှုပုံစံတွေကြောင့် အတိုင်းအတာ
တစ်ခုထိ လူသိများခဲ့ပါတယ်။

ဖက်ရှင်စက်ဝန်းက အမြဲလည်ပတ်နေတာမျိုးလို့ ဆိုကြသလို ချည်ထည်တွေကို ဖက်ရှင်တစ်ခုအနေနဲ့
ဝတ်ဆင်ဖို့ ခုချိန်မှာ လူတွေ စိတ်ဝင်စားမှု များလာကြပေမဲ့ ဖျင်ထည်တွေကိုတော့ အရောင်အသွေး
မစုံလင် မတောက်ပခြင်း၊ ဒီဇိုင်းမစုံလင်ခြင်းနဲ့ ဆိုးဆေးအရောင်ကျွတ်ခြင်းတွေကြောင့် ရွေးချယ်သူ
နည်းပါးနေပါသေးတယ်။

မနှစ်ဦးမေရဲ့ မြန်မာဝတ်စုံတွေမှာတော့ ချည်ထည်ထက် ဖျင်ထည်တွေကို အဓိကအသုံးပြုပြီး
မန္တလေးက သူ့ရဲ့ပင်တိုင်ဒီဇိုင်နာကပဲ ချုပ်လုပ်ပေးတာဖြစ်ပါတယ်။

"ဖျင်ဆိုတာ ရှေးတုန်းက မြန်မာပြည်အလယ်ပိုင်းကလူတွေ အနေနဲ့ ရာသီဥတုကြမ်းတမ်းတော့
နေပူလည်းခံ၊ အအေးဒဏ်လည်းခံနိုင်တဲ့အတွက် အများဆုံးအသုံးပြုကြတယ်။ အခုထိလည်း
သုံးနေကြတုန်းပဲ။ လယ်စိုက်တဲ့လုပ်ငန်းတွေ အားတဲ့အချိန်မှာ သူတို့ကိုယ်တိုင် လက်ရက်ကန်းတွေနဲ့
ရက်ပြီး ၀တ်ကြတယ်။ ဆိုးဆေးဆိုလည်း သဘာဝအရောင်တွေကိုပဲ သုံးကြတယ်"လို့ မနှစ်ဦးမေက
ဆိုပါတယ်။

မှာယူကြတဲ့ ၀တ်စုံတွေကို ချုပ်လုပ်ဖို့ လိုအပ်တဲ့ ချည်နဲ့ဖျင် ထည်ကုန်ကြမ်းတွေကိုတော့ ပခုက္ကူ၊ မုံရွာ၊
မြင်းခြံဘက်က လက်ရက်ကန်းတွေကနေတစ်ဆင့် မှာယူတာဖြစ်ပါတယ်။

"ချုပ်ပေးတာကတော့ အစ်မရဲ့ပင်တိုင်ချုပ်ပေးတဲ့သူက ချုပ်ပေးတယ်။ ဒီဇိုင်းကတော့ အစ်မဆွဲပေးတယ်။
အင်္ကျီကြယ်သီး တွေနေရာမှာ ထုပ်သီးတွေ မတပ်ဘူး။ အစ်မတို့ ဒီကအခေါ်ကတော့ ပုစဉ်းခေါင်း၊
ရှမ်းသီးလို့ခေါ်တယ်။ တိုက်ပုံမှာ တပ်တဲ့ ပိတ်သားကြယ်သီးတွေလိုမျိုး Hand made နဲ့
သေချာလုပ်တယ်။ ချည်ထည်အတွက် ရှမ်းချည်လေးတွေလည်း သုံးတယ်။ ဘာလို့လဲဆိုတော့
သူတို့က အရောင်စုံတယ်၊ ချည်သားချောတယ်၊ ကောင်းတယ်။ ဈေးကလည်း တခြားချည်ဈေးထက်
မြောက်တယ်။ ချည်ပါး၊ ချည်ပွဆိုပြီးတော့လည်း ရွေးလို့ရ တယ်။ ယောက်ျားလေးတွေအများစုကတော့
အေးပြီး ရာသီဥတုဒဏ်ခံတဲ့ချည်ပွကို ကြိုက်ကြတယ်။ ချည်ပါးကျတော့ ရှေးတုန်းက
မြန်မာမိန်းကလေးတွေ ၀တ်သလိုမျိုးပဲ။ ရှမ်းချည်နဲ့ မြန်မာဖျင်ကို စပ်ပြီးလုပ်ပေးထားတာပါ"လို့
မန္တလေးဇာတိဖြစ်ပြီး မန္တလေးမှာပဲ ကြီးပြင်းအရွယ်ရောက်ခဲ့တဲ့ မနှစ်ဦးမေက ဆိုပါတယ်။

'နှစ်ဦးမေ' အ၀တ်အစားချုပ်လုပ်တဲ့ လုပ်ငန်းမှာ အမျိုးသမီးတွေအတွက်တင်မကဘဲ အမျိုးသားတွေ
အတွက်ပါ ချုပ်လုပ်ပေးတာ ဖြစ်ပါတယ်။

"စစချင်းကတော့ ဖျင်ထည်ဆိုတော့ အရည်အသွေးပိုင်းကို သိပ်စိတ်မချချင်ဘူး။ ယားမှာ၊ ဆေးကျွတ်မှာ၊
ကျုံ့သွားမှာ၊ ကျယ်သွားမှာတွေကို ကြောက်ကြတယ်။ ဈေးကွက်ဝင် ဖျင်ထည်အများစုက အဲဒီလိုတွေ
ဖြစ်ကြတယ်။ အစ်မတောင် ကိုယ်က တာဝန်ခံပြီးလုပ်တယ်ဆိုတော့ ဆိုးဆေးပိုင်းကိုပြန်ပြီး control
လုပ်ရတယ်။ ကိုယ်တိုင် ချုပ်ပြီးဝတ်ကြည့်ပြီးမှ လုပ်ခဲ့တာဆိုတော့ အရည်အသွေးပိုင်းအတွက်
တတ်နိုင်သလောက် ထိန်းသိမ်းတယ်၊ နည်းနည်းကျဲကျဲပဲ လုပ်တယ်။ နောက်ပြီး အစ်မလိုမျိုး
တခြားသူတွေလည်း အမြတ်တနိုးတန်ဖိုးထားပြီး ၀တ်စေ ချင်တယ်။ နောက်ဆုံးပစ္စည်း
ရပြီဆိုရင်တောင် ဆိုင်က၀ယ်လာသလိုမျိုး မဟုတ်ဘဲ လက်ဆောင်လေးရတယ်ဆိုတဲ့
ခံစားမှုမျိုးရအောင် ထုပ်ပိုးမှုပိုင်းကို စေတနာအရင်းခံပြီး လုပ်ပေးတယ်"လို့ ဆိုပါတယ်။

သူပြောတဲ့ ထုပ်ပိုးမှုဆိုတာက ချုပ်လုပ်ပြီးတဲ့ ၀တ်စုံကို စစ်တောင်းစက္ကူအညိုနဲ့ ပတ်ပြီး ဂုန်နီကြိုးနဲ့
ချည်ပေးကာ စက္ကူဘူးထဲ ထည့်ပေးတာပဲဖြစ်ပါတယ်။

ဝတ်ဆင်မယ့်သူရဲ့နာမည်ကို လက်နှိပ်စက်နဲ့ရိုက်ပြီး ကပ်ပြားလေးအဖြစ် ချိတ်ဆွဲပေးထားတာမို့
မှာယူတဲ့သူတွေအနေနဲ့ လက်ဆောင်ရသလိုမျိုး ခံစားချက်ကို ရရှိစေအောင် ဖန်တီးပေးထားတာ
ဖြစ်ပါတယ်။

လက်ရှိမှာတော့ အမျိုးသမီးတွေအတွက် အင်္ကျီဒီဇိုင်းလေးမျိုးနဲ့ ထဘီဒီဇိုင်းနှစ်မျိုးတို့ကို ချည်နဲ့ ဖျင်
ပေါင်းစပ်လို့ ချုပ်လုပ်ဖန်တီးပေးနေပါတယ်။

ဈေးနှုန်းတွေကတော့ ၀မ်းဆက်တစ်စုံစာအတွက် ကျပ် ၃၀,၀၀၀ ကနေစတင်ပြီး ၄၀,၀၀၀ အထိ
ရှိပါတယ်။

အင်္ကျီပဲ လိုချင်တယ်ဆိုရင်လည်း ပုံစံအပေါ်မူတည်ပြီး ကျပ် ၁၀,၀၀၀ ကနေ ဈေးစတင်ပါတယ်။

အမျိုးသားဝတ်အတွက်ကိုတော့ လက်ရှည်တစ်ထည်ကို ကျပ် ၁၉,၀၀၀ နဲ့ လက်တိုတစ်ထည်ကို
ကျပ် ၁၇,၀၀၀ နဲ့ ချုပ်လုပ်ပေးနေပါတယ်။

အပ်ထည်တွေကို Small (ရင်ဆိုက် ၃၂)၊ Medium (ရင်ဆိုက် ၃၄)နဲ့ Large (ရင်ဆိုက် ၃၆)ဆိုက်
ဆိုပြီး သုံးမျိုးခွဲခြား မှာယူနိုင်မှာဖြစ်သလို ကိုယ်တိုင်း အတိအကျ လိုချင်ပါတယ်ဆိုရင်လည်း
ကိုယ်တိုင်းပေးပြီး မှာယူနိုင်ပါတယ်။

ကြာချိန်ကိုတော့ အနည်းဆုံး နှစ်ပတ်ကနေ သုံးပတ်အတွင်း သတ်မှတ်ထားပါတယ်။

"နိုင်ငံခြားအ၀တ်အထည်တံဆိပ်တွေ ၀င်လာတာ မှန်ပါတယ်။ အဲဒီအတွက်လည်း ၀မ်းသာရပါတယ်။
ဒါပေမဲ့ မြန်မာဝတ်စုံကိုမှ အမြတ်တနိုးဝတ်ဆင်ချင်တဲ့သူတွေအနေနဲ့ ရွေးချယ်လို့ရအောင်
သိသလောက် တတ်သလောက် လုပ်သွားဦးမှာပါ။ အဲဒီအတွက် အခက်အခဲ ဘယ်လောက်ရှိရှိ
လုပ်ဖြစ် နေမှာပါ"လို့ မနှစ်ဦးမေက ဆိုပါတယ်။

မနှစ်ဦးမေရဲ့လက်ရာအထည်လေးတွေကို စိတ်ဝင်စားလို့ ကြည့်ရှုချင်တယ်ဆိုရင်ပဲဖြစ်ဖြစ်၊
မှာယူချင်တယ်ဆိုရင်ပဲ ဖြစ်ဖြစ် Hnit Oo May Burmese Attire ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ
သွားရောက်ကြည့်ရှုနိုင်သလို အဲဒီကနေတစ်ဆင့်လည်း မှာယူနိုင်ပြီဖြစ်ပါတယ်။

လက်ရှိမှာယူသူတွေထဲမှာ နယ်စုံကနေ မှာယူကြသလို စင်ကာပူ၊ မလေးရှား၊ ထိုင်းနဲ့ ဒူဘိုင်းတို့လို
နိုင်ငံတွေမှာ နေထိုင်ကြတဲ့ မြန်မာလူမျိုးတွေကလည်း မှာယူကြတာမို့ ပြည်ပက မှာယူသူတွေကိုလည်း
ပို့ပေးပါတယ်။

ပြည်တွင်းပဲဖြစ်ဖြစ်၊ ပြည်ပပဲဖြစ်ဖြစ် ပို့ခကိုတော့ မှာယူသူက ကျခံပေးရမှာဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်