ပုဂံမှာ ဓာတ်ပုံရိုက်လို့ ကောင်းတဲ့ နေရာ ခုနစ်နေရာ

မြန်မာမှန်ရင် ပုဂံကိုရောက်ဖူးရမယ်လို့ ပြောစကားရှိပါတယ်။ အမှန်တော့ တစ်မူကွဲပြားခြားနားတဲ့
စေတီပုထိုးတွေနဲ့ ဒဏ္ဍာရီဆန်ဆန် လှပတဲ့ ပုဂံဟာ မြန်မာလူမျိုးတွေတင်သာ မဟုတ်ပါဘူး၊
ကမ္ဘာတစ်ဝန်းက လူတွေပါ ရောက်ဖူးသင့်တဲ့နေရာတစ်နေရာပဲ ဖြစ်ပါတယ်။

ပုဂံကို ဆောင်းတွင်းကာလမှာ သွားရောက်ဖို့ အကောင်းဆုံးဆိုတဲ့အတိုင်း အဲဒီအချိန်မှာ
ပုဂံဘုရားတွေဟာ ပြည်ပခရီးသွားတွေနဲ့ စည်ကားနေတတ်ပါတယ်။

ကျောင်းတွေ ပိတ်ကြတဲ့ တပေါင်း၊ တန်ခူး နွေရာသီမှာတော့ အညာဒေသမှာ ပူလွန်းတယ်
ဆိုပေမဲ့လည်း ပြည်တွင်းခရီးသွားအဖွဲ့တွေနဲ့ ပြည့်နေတာပါပဲ။

ခုလိုမိုးတွင်းကာလမှာတော့ ပြည်ပခရီးသွားတွေရော ပြည်တွင်းကအဖွဲ့တွေပါ အရောက်နည်းတဲ့
အချိန်ဖြစ်တာမို့ ပုဂံကိုသွားရတာ အေးအေးဆေးဆေးရှိတဲ့ အချိန်ပါပဲ။

ရာသီဥတုကလည်း မပူလွန်း၊ မအေးလွန်း၊ မိုးလည်းမများတဲ့ ဒေသမို့ မိုးတွင်းမှာ ခရီးသွားလို့
ကောင်းတဲ့ နေရာတစ်ခုပါပဲ။

ခရီးသွားရတာကို ကြိုက်သူတွေအတွက် ပုဂံဟာ ခုချိန်မှာ သွားဖို့ အသင့်တော်ဆုံးနေရာ တစ်နေရာပဲ
ဖြစ်ပါတယ်။

ကဲ .. ဒီတော့ သင်သာ ပုဂံကိုသွားဖြစ်မယ်ဆိုရင် အမှတ်တရဓာတ်ပုံတွေ သွားရောက်ရိုက်ကူးဖို့
ကောင်းတဲ့ နေရာ ခုနစ်နေရာကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

၁။ သီရိပစ္စယာဆာကူရာဟိုတယ်

သီရိပစ္စယာ ဆာကူရာဟိုတယ်က တွေ့မြင်ရတဲ့ ဧရာဝတီမြစ်ပြင်ကျယ် မြင်ကွင်း။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)သီရိပစ္စယာ ဆာကူရာဟိုတယ်က တွေ့မြင်ရတဲ့ ဧရာဝတီမြစ်ပြင်ကျယ် မြင်ကွင်း။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိတဲ့ သီရိပစ္စယာဟိုတယ်ဝင်းထဲက မြက်ခင်းပြင်ကြီးနဲ့
အဲဒီမြက်ခင်းပြင် အနောက်က မြစ်ပြင်ကျယ်ကြီးရဲ့အလှက လိုက်ဖက်ညီလှပြီး လှပလွန်းလှတာမို့
ဓာတ်ပုံရိုက်ဖို့ ပုဂံက အလှဆုံးတွေထဲက နေရာတစ်နေရာပါပဲ။

မြို့ဟောင်းမှာရှိတဲ့ ဟိုတယ်ကိုရောက်ဖို့ ညောင်ဦးလေဆိပ်ကနေ လျှပ်စစ် စက်ဘီးလေးနဲ့
၁၀ မိနစ်ကျော်လောက် စီးသွားရသလို ပုဂံရှေးဟောင်းသုတေသနပြတိုက်ရဲ့အနားမှာမို့လို့
ပြတိုက်ကိုလည်း တစ်ခါတည်း ၀င်ရောက်ကြည့်ရှုနိုင်မှာပါ။

တစ်ခုပဲ သတိပေးစရာရှိတာက ကားကြုံ၊ ဆိုင်ကယ်ကြုံ လိုက်စီးမိတဲ့အခါမျိုးမှာ ဟိုတယ်ဆိုင်းဘုတ်ကို
တွေ့ပြီး ဆင်းမသွားလိုက်ပါနဲ့။ လမ်းထိပ်ဆိုင်းဘုတ် နေရာကနေ ဟိုတယ်ဝင်းထဲအထိကိုရောက်ဖို့
တော်တော်လေး ၀င်သွားရသေးတယ်ဆိုတာကို သတိပြုပါ။ ဒီသတိပေးချက်က သီရိပစ္စယာဆာကူရာ
ဟိုတယ်ကို တစ်ခါမှ မရောက်ဖူးသေးတဲ့ သူတွေအတွက်ပါ။


၂။ ဗူးလည်သီးဘုရား

ဗူးလည်သီးဘုရားပေါ်ကနေ လှမ်းမြင်ရတဲ့ ပုဂံရှုခင်း။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)ဗူးလည်သီးဘုရားပေါ်ကနေ လှမ်းမြင်ရတဲ့ ပုဂံရှုခင်း။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

လက်ရှိခေတ်မှာ သက်တမ်းကြာမြင့်တာကြောင့်နဲ့ ရာသီဥတုဒဏ်၊ မြေငလျင်ဒဏ်တွေကြောင့်
ပုဂံဘုရား အတော်များများက ပျက်စီးယိုယွင်းလာပါပြီ။ ဒါကြောင့် ဟိုးအရင်အချိန်တွေတုန်းက
ပုဂံကိုလာရောက် လည်ပတ်ကြတဲ့ ဧည်သည်တွေဆိုရင် ဘုရားတော်တော်များများရဲ့အပေါ်ကို
တက်ရောက်ကြည့်ရှုခွင့်ရပေမဲ့ ခုနောက်ပိုင်းမှာတော့ တက်ရောက်ခွင့်တွေကို ပိတ်ထားပါတယ်။

အလိုတော်ပြည့်ဘုရားရဲ့တောင်ဘက်၊ ပုဂံမြို့ဟောင်းထဲမှာ တည်ရှိတဲ့ ဗူးလည်သီးဘုရားက ပုဂံမှာ
နေထွက်နဲ့ နေ၀င်ဆည်းဆာကို ဘုရားပေါ်တက်ပြီး ကြည့်ရှုနိုင်တဲ့ ဘုရားအနည်းစုထဲက
တစ်ခုပဲဖြစ်ပါတယ်။

နောက်ပြီး တခြားဘုရားတွေနဲ့ မတူတဲ့အချက်က တခြားနာမည်ကြီးဘုရားတွေထက်
ဗူးလည်သီးဘုရားကို လာရောက်လည်ပတ်သူ နည်းပါးတာပါပဲ။

ဒါကြောင့် နေ၀င်ဆည်းဆာကြည့်ဖို့ တက်တဲ့အခါ တိုးကြိတ်နေစရာလည်း မလိုသလို ဘုရားပေါ်ကနေ
ပုဂံဘုရားတွေနဲ့ ဆည်းဆာအလှကို နောက်ခံထားပြီး ဓာတ်ပုံအေးဆေးရိုက်ရုံပါပဲ။

အပေါ်ကို တက်တဲ့အခါ လက်တန်းတွေ မရှိတာမို့ ဂရုတစိုက်တက်ဖို့တော့ မှာပါရစေ။


၃။ ပုဂံရုပ်စုံကျောင်း

ရုပ်စုံကျောင်း။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)ရုပ်စုံကျောင်း။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ကျောင်းတစ်ကျောင်းလုံးကို ကျွန်းသစ်တွေနဲ့ချည်းပဲ တည်ဆောက်ထားတဲ့ ပုဂံရုပ်စုံကျောင်းကို
ဒေသခံတွေရဲ့ ပြောပြချက်အရတော့ သက်တမ်းအားဖြင့် နှစ်ပေါင်း ၃၀၀ ကျော်ပြီလို့သိရပါတယ်။

ထုထည်ကြီးပြီး ခံ့ထည်တဲ့ ကျောက်လှေကားကြီး လေးခုကနေတစ်ဆင့် တက်ရောက်နိုင်ပါတယ်။

ကျွန်းတိုင်လုံးရှည်ကြီးတွေ တည်ဆောက်ထားတဲ့ ရုပ်စုံကျောင်းကြီးထဲကို ၀င်ရောက်နိုင်ပြီး
လက်ရာမြောက်လှတဲ့ ပန်းပုလက်ရာတွေကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

ကျောင်းကြီးတစ်ကျောင်းလုံးက တံခါးပေါက်တွေကို အကုန်လုံး ဖွင့်လှစ်ထားခြင်း မရှိတာကြောင့်
ကျောင်းကြီးထဲမှာ မှောင်မည်းပြီး အစိုပြန်တဲ့အနံ့တွေတော့ ရနိုင်ပါတယ်။

အကောင်းဆုံး ဓာတ်ပုံတွေကိုတော့ ကျောင်းကြီးရှေ့က ၀ရန်တာပေါ်မှာ ရိုက်ကူးနိုင်သလို
ကျောင်းအောက်က တိုင်လုံးကြီးတွေကြားနဲ့ ကျောက်လှေကားကြီးတွေမှာ ရိုက်ယူနိုင်မှာပါ။

ပုဂံရုပ်စုံကျောင်းက ညောင်ဦးနဲ့ ပုဂံမြို့ဟောင်းကြားက ၀က်ကြီးအင်းရွာ၊ ရွှေလိပ်တူးဘုရားနားမှာ
တည်ရှိပါတယ်။


၎။ အိုးထိန်းကုန်း (သို့) အိုးခြမ်းပဲ့ကုန်း

အိုးထိန်းကုန်းဟာ မင်္ဂလာမောင်နှံတွေ မင်္ဂလာအကြို အမှတ်တရဓာတ်ပုံရိုက်ကူးတဲ့ နေရာတစ်နေရာအဖြစ် ပုဂံမှာ လူသိများပါတယ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)အိုးထိန်းကုန်းဟာ မင်္ဂလာမောင်နှံတွေ မင်္ဂလာအကြို အမှတ်တရဓာတ်ပုံရိုက်ကူးတဲ့ နေရာတစ်နေရာအဖြစ် ပုဂံမှာ လူသိများပါတယ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ဒေသခံတွေ ပြောပြချက်အရတော့ အိုးခြမ်းပဲ့တွေ စုပုံရင်း တောင်ပို့ကြီးတစ်ခုလို
ဖြစ်တည်လာတာကြောင့် အိုးခြမ်းပဲ့ကုန်း (သို့) အိုးထိန်းကုန်းလို့ ခေါ်ဝေါ်ခဲ့တယ်လို့ သိရပါတယ်။

ဒီကုန်းမြင့်ကြီးကတော့ ဆင်ဖြူရှင် ဘုရားနဲ့ ပြာသာဒ်ကြီးဘုရားကြားမှာ တည်ရှိပြီး
အာနန္ဒာဘုရားကနေ လျှပ်စစ်စက်ဘီးနဲ့ ၁၀ မိနစ်ကျော်၊ ၁၅ မိနစ်လောက် စီးသွားရင်
ရောက်နိုင်ပါတယ်။

လက်ရှိအချိန်မှာတော့ အိုးခြမ်းပဲ့ကုန်းက မင်္ဂလာမောင်နှံတွေ မင်္ဂလာအကြိုအလှဓာတ်ပုံရိုက်ကူးရာ
နေရာအဖြစ် ရေပန်းစားနေသလို ပုဂံဘုရားတော်တော်များများကိုလည်း နောက်ခံထားပြီး
ပျော်ပျော်ပါးပါး ဓာတ်ပုံရိုက်ကူးလို့ရတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

တကယ်လို့ ကိုယ်သွားလည်တဲ့အခါ မင်္ဂလာမောင်နှံတွေ အလှဓာတ်ပုံ ရိုက်နေတာတွေ့ရင်
သူတို့မြင်ကွင်းကို မပိတ်မိအောင် ဓာတ်ပုံရိုက်ကြဖို့ တိုက်တွန်းပါရစေ။


၅။ ဓမ္မရံကြီးဘုရား

ဓမ္မရံကြီးဘုရားဝင်းထဲက ရုပ်သေးဆိုင်ကလေး။ စုဖြိုးဝင်း/မြန်မာတိုင်း(မ်)ဓမ္မရံကြီးဘုရားဝင်းထဲက ရုပ်သေးဆိုင်ကလေး။ စုဖြိုးဝင်း/မြန်မာတိုင်း(မ်)

ပုဂံကို မရောက်ဖူးသေးတဲ့ သူတွေတောင် ဓမ္မရံကြီးဘုရားအကြောင်း ကြားဖူးကြမှာပါ။ ဓမ္မရံကြီးဘုရား
ဆိုတာ ပုဂံဘုရားတွေထဲမှာ ထုထည်အကြီးဆုံး ဘုရားကျောင်းတစ်ကျောင်းပါ။ ဒီဘုရားကျောင်း
ကိုတော့ ဖခင် အလောင်းစည်သူမင်းကြီးကို လုပ်ကြံပြီး ထီးနန်းလုယူခဲ့တဲ့ သားတော်နရသူမင်းက
တည်ထားခဲ့တာပဲ ဖြစ်ပါတယ်။

အထဲပိုင်းမှာ လင်းနို့တွေနဲ့ အခြားငှက်တွေရဲ့အသိုက်တွေရှိတာကြောင့် အမြဲတစေ အနံ့အသက်တွေ
ရနိုင်ပါတယ်။ ညနေစောင်းနဲ့ ညဘက်တွေမှာ သွားမယ်ဆိုရင်တော့ လူရှင်းတာကြောင့်
အနည်းငယ်တော့ ထိတ်လန့်စရာကောင်းပါတယ်။

ဒါပေမဲ့လည်း ဓမ္မရံကြီးဘုရားကိုရောက်တဲ့အခါ ဘုရားအရှေ့က ထနောင်း ပင်ကြီးမှာ အရောင်စုံ၊
အရွယ်စုံ၊ ဒီဇိုင်းစုံ ရုပ်သေးရုပ်လေးတွေ ချိတ်ဆွဲရောင်းချနေတဲ့ ဆိုင်လေးကို တွေ့ရပါလိမ့်မယ်။

ရုပ်သေးရုပ်လေးတွေကို ဈေးသက်သက်သာသာနဲ့ ၀ယ်ယူနိုင်သလို ချစ်စရာရုပ်သေး ရုပ်လေးတွေ
ကြားမှာလည်း အမိုက်စားဓာတ်ပုံတွေကို အခမဲ့ ကြိုက်သလောက် ရိုက်ကူးနိုင်လို့ပါပဲ။

တစ်ခုတော့ ရှိပါတယ်။ တခြားသူတွေ ဓာတ်ပုံရိုက်နေတဲ့နေရာနားမှာ ယောင်လည်လည်
သွားမလုပ်ဖို့တော့ တောင်းဆိုချင်ပါတယ်။


၆။ ရွှေဂူကြီး (သို့) နန်းဦးဘုရား

ရွှေဂူကြီးဘုရားဝင်းထဲက အရိပ်ကောင်းပြီး လှပလွန်းတဲ့ ထနောင်းပင်ကြီး။ နန္ဒာအောင်/မြန်မာတိုင်း(မ်)ရွှေဂူကြီးဘုရားဝင်းထဲက အရိပ်ကောင်းပြီး လှပလွန်းတဲ့ ထနောင်းပင်ကြီး။ နန္ဒာအောင်/မြန်မာတိုင်း(မ်)

ရွှေဂူကြီးဘုရားကတော့ အုတ်ရိုးကြီးတွေ၊ အုတ်လှေကားကြီးတွေနဲ့ မြင့်မြင့်ထည်ထည်
တည်ဆောက်ထားတာကြောင့် အနီရောင်အုတ်ပေါင်ကြီး၊ အုတ်နံရံကြီးတွေနဲ့ တစ်မူထူးခြားပါတယ်။

ရွှေဂူကြီးဘုရား အပေါ်ကနေ ကြည့်လိုက်ရင် တခြားနာမည်ကြီးဘုရားတွေကို
ဖူးမြင်ဝန်းရံထားတာကြောင့် ပုဂံရဲ့ အလယ်ဗဟိုအလား ထင်မှတ်မိမှာပါ။

ဘုရားရင်ပြင်တော်ပေါ်မှာရောင်းချတဲ့ သဲပန်းချီတွေက ဈေးနှုန်း မှန်သလို ဘုရားကျောင်း
ဘေးကပ်လျက်ကနေ ရင်ပြင်တော်ပေါ် အုပ်မိုးကျနေတဲ့ ထနောင်းပင်ကြီးတစ်ပင်ကြောင့်လည်း
လာရောက်လည်ပတ်သူတွေကို ဆွဲဆောင်ထားနိုင်ပါတယ်။

အညာဒေသရဲ့အမှတ်သညာဖြစ်တဲ့ ထနောင်းပင်ကြီးရဲ့ ကိုင်းလက်တက်တွေအောက်မှာ
အညာအလှကို ဖော်ကျူးမယ့် အလှဓာတ်ပုံ ကောင်းကောင်းတွေကို ဖန်တီးနိုင်သလို
ထနောင်းရိပ်အောက်မှာလည်း ခိုနားနိုင်မှာပါ။

ရွှေဂူကြီးဘုရားကတော့ ပုဂံမြို့ဟောင်း၊ နန်းမြို့ရိုးဟောင်းကြီးကို တူးဖော်တဲ့နေရာနားမှာ
တည်ရှိပါတယ်။


၇။ လောကနန္ဒာဘုရား

ဧရာဝတီမြစ်ကမ်းဘေးကပ်လျက်မှာ တည်ထားကိုးကွယ်ထားတဲ့ ဘုရားနှစ်ဆူရှိပါတယ်။

စက်လှေတွေ အများစုဆိုက်ကပ်ရာ လှေဆိပ်ဘေးနားမှာ တည်ရှိတဲ့ ဗူးဘုရားနဲ့
လောကနန္ဒာဘုရားတို့ပဲ ဖြစ်ပါတယ်။

ဗူးဘုရားကတော့ ဘုရားဖူးတော်တော်များများ သွားလာလေ့ရှိသလို
ပုဂံဘုရားတော်တော်များများနဲ့လည်း မနီးမဝေးမှာ တည်ရှိပါတယ်။

လောကနန္ဒာဘုရားကတော့ စွယ်တော်တစ်ဆူထဲမှာ အပါအ၀င်ဆိုပေမဲ့ နာမည်ကျော်
ပုဂံဘုရားတွေကနေ အလှမ်းဝေးတဲ့နေရာမှာ တည်ရှိပါတယ်။

အနော်ရထာမင်းလက်ထက် (၁၀၁၄-၁၀၇၇) မှာ တည်ထားကိုးကွယ်ခဲ့တဲ့ လောကနန္ဒာဘုရားကို
ဆုတောင်းပြည့်တဲ့ဘုရားအဖြစ် ဗုဒ္ဓဘာသာဝင်အများစုက ယုံကြည်သတ်မှတ်ထားကြပါတယ်။

ပုဂံမြို့သစ်မှာတည်ရှိတဲ့ လောကနန္ဒာဘုရားကို ဗူးဘုရားကနေ မိနစ် ၂၀ နီးပါးလောက်
လျှပ်စစ်ဆိုင်ကယ်နဲ့ သွားပြီး ဖူးမြှော်နိုင်ပါတယ်။

ဘုရားအောက်ခြေနားက လှေကားထစ်တွေဘေးမှာ ဧရာဝတီမြစ်ကမ်းအလှနဲ့ နေ၀င်ဆည်းဆာ
အလှကို အပေါ်စီးကနေ ကြည်ရှုနိုင်ဖို့ အုတ်ခုံတန်းတွေရှိသလို အဲဒီနားမှာလည်း အကောင်းဆုံး
ဓာတ်ပုံတွေကို ဖန်တီးနိုင်မှာပါ။

ဒါ့ပြင် ဘုရားရင်ပြင်တော်ဘေးမှာ သစ်သားကုလားထိုင်တွေ ချပေးထားတာကြောင့် ပုဂံမှာ
နေ၀င်ဆည်းဆာအလှကို အေးအေးလူလူ ကြည့်ရှုလို့ရမယ့် အခွင့်အရေးကိုလည်း ရရှိမှာဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်