မကြာခင် ထုတ်လွှင့်ပြသတော့မယ့် 'ငြိမ်းချမ်းရေးဂီတပွဲတော်' သီချင်းဆိုပြိုင်ပွဲ

သီချင်းဆိုပြိုင်ပွဲတွေ အများကြီးရှိပေမဲ့ ငြိမ်းချမ်းရေးနဲ့ ဆက်နွှယ်ပြီး ကျင်းပတဲ့ သီချင်းဆိုပြိုင်ပွဲကတော့
ရှားပါတယ်။

ခုတော့ 'ငြိမ်းချမ်းရေးဂီတပွဲတော်'ဆိုတဲ့ အမည်နဲ့ သီချင်းဆိုပြိုင်ပွဲကို ဂီတပညာရှင်တွေရဲ့
အားဖြည့်မှုနဲ့အတူ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။

"ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လုပ်ခဲ့ကြတဲ့ အရာတွေ အများကြီးပဲ။ ဒါပေမဲ့ ခေတ်ရဲ့အနေအထားအရ
လူငယ်တော်တော်များများက တီဗီရှေ့ကို သိပ်မရောက်ကြတော့ဘူး။ ဒီတော့ နိုင်ငံတော်က
ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို သိတာက အားနည်းနေပါတယ်။ ဒါကြောင့်
လူငယ်ထုအတွင်းမှာ ဒီငြိမ်းချမ်းရေးဆိုတဲ့ အကြောင်းအရာကို စိတ်ပါလာအောင်၊ သိရှိလာအောင်
ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲလို့ စဉ်းစားတဲ့အခါမှာ လူငယ်တွေ စိတ်ဝင်စားမယ့်
ဂီတနဲ့ ပတ်သက်တဲ့ ပွဲလေးတစ်ခုလုပ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဒီပွဲကို လုပ်ဖြစ်တာပါ"လို့ မြန်မာ့အသံနှင့်
ရုပ်မြင်ကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောပါတယ်။

ဒီသီချင်းဆိုပြိုင်ပွဲအတွက် အသံစစ်ဆေးမှုတွေကို မြို့ကြီး ၁၀ မြို့ မှာ (တောင်ကြီး၊ မြစ်ကြီးနား၊
မော်လမြိုင်၊ လားရှိုး၊ ပုသိမ်၊ စစ်တွေ၊ ကလေး၊ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး) ကျင်းပပြုလုပ်မှာ
ဖြစ်ပြီး ပထမဆုံးပြုလုပ်ကျင်းပမယ့် မြို့ကတော့ တောင်ကြီးမြို့ဖြစ်ပါတယ်။

"မြို့ကြီး ၁၀ မြို့ကို ရွေးတဲ့အခါမှာ တတ်နိုင်သလောက် ပြည်နယ်နဲ့ တိုင်းလည်း စုံစေချင်တယ်။
နောက် သွားရေးလာရေးအရ အချက်အချာကျတဲ့ နေရာဖြစ်စေချင်တဲ့အတွက် ဘက်ပေါင်းစုံကနေ
စဉ်းစားပြီး ရွေးချယ်ရပါတယ်။ နောက် တခြားပွဲ တွေနဲ့မတူတာက မြို့အသီးအသီးမှာ
ရွေးချယ်တာတွေကိုလည်း တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်တဲ့အတွက် အဲဒီအတွက် စက်ပစ္စည်းတွေ
ရွှေ့ပြောင်းဖို့ လွယ်ကူတဲ့နေရာကို ရွေးရပါတယ်"လို့ ဦးမြင့်ထူးက ရှင်းပြပါတယ်။

"ကလေးမြို့ဆိုရင် သွားရေးလာရေး အတော် ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က
ဘာစဉ်းစားလိုက်လဲဆိုတော့ ကလေးမြို့ဆိုရင် စစ်ကိုင်းတိုင်းဒေသကြီးရော ချင်းပြည်နယ်က
လူငယ်တွေပါ ၀င်ပြိုင်နိုင်အောင် ရွေးဖြစ်တယ်။ အလားတူပဲ စစ်တွေဆိုလည်း သွားရေးလာရေး
ခက်ခဲပေမဲ့ ရခိုင်ပြည်နယ်က လူငယ်တွေ ယှဉ်ပြိုင်နိုင်အောင် ကျွန်တော်တို့ ရွေးထားတာပါ"လို့လည်း
ဆိုပါတယ်။

သီချင်းဆိုပြိုင်ပွဲကို စတင်ထုတ်လွှင့်ပြသမယ့် ရက်ကတော့ ဇူလိုင် ၈ ရက်နေ့ဖြစ်ပြီး အပတ်စဉ်
စနေနဲ့ တနင်္ဂနွေနေ့တွေမှာ မြန်မာ့ရုပ်မြင်သံကြားလိုင်းကနေ ည ၈ နာရီ သတင်းအပြီးမှာ ပြသမှာ
ဖြစ်ပါတယ်။

စနေနေ့ဆိုရင်တော့ ကြိုတင်ရိုက်ကူးထားတဲ့ Package Program တွေကို ပြသမှာဖြစ်ပြီး
တနင်္ဂနွေနေ့ဆိုရင်တော့ တိုက်ရိုက်ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်တွေဟာ နီးစပ်ရာမြို့တွေမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ပထမအဆင့်ယှဉ်ပြိုင်မှုမှာတော့
တီးဝိုင်းမပါဘဲ သီဆိုယှဉ်ပြိုင်ရမှာပါ။

အဲဒီကနေ ရွေးချယ်ခံရတဲ့ သူတွေက ကီးဘုတ် (သို့) ဂစ်တာသံနဲ့သီဆို ယှဉ်ပြိုင်ပြီး
ဆက်လက် အရွေးချယ်ခံရမယ်ဆိုရင်တော့ မြို့ရဲ့ လက်ရွေးစင်တွေ ရွေးထုတ်တဲ့အဆင့်မှာ
တိုက်ရိုက်ထုတ်လွှင့်မှုနဲ့အတူ တီးဝိုင်းအပြည့်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အဲဒီလိုယှဉ်ပြိုင်မှုမှာ မိမိစိတ်ကြိုက် မြန်မာဘာသာ၊ တိုင်းရင်းသားဘာသာအပြင် နိုင်ငံတကာ
သီချင်းတွေနဲ့ပါ စိတ်ကြိုက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

အဲဒီကနေ ဒုတိယအဆင့်ကိုတက်လာတဲ့ မြို့ကြီး ၁၀ မြို့က လက်ရွေးစင်တွေဟာ မန္တလေးမြို့မှာ
ငြိမ်းချမ်းရေးဂီတပွဲတော်က ပြဋ္ဌာန်းထားတဲ့ သီချင်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီထဲက
နောက်ဆုံး ၁၀ ယောက်ကို ရွေးချယ်မှာပါ။

နောက်ဆုံး ၁၀ ယောက်ဟာ ရန်ကုန်နဲ့ နေပြည်တော်မှာ ပြုလုပ်မယ့် ပွဲတွေမှာ ငြိမ်းချမ်းရေးနဲ့
ပတ်သက်တဲ့ သီချင်းတွေအပြင် တခြားနာမည်ကြီးသီချင်းတွေနဲ့ပါ ယှဉ်ပြိုင်ရမှာပါ။

"သီချင်းအသစ်တွေကိုတော့ တေးရေးဆရာတွေကို ရေးခိုင်းထားပါတယ်။ အကြမ်းဖျင်း
မှန်းထားတာကတော့ ၁၃ ပုဒ်နဲ့ ၁၅ ပုဒ်လောက် အသစ်တွေ ရွေးချယ်ပြီး ယှဉ်ပြိုင်ခိုင်းမှာပါ"လို့
ဦးမြင့်ထွေးက ပြောပါတယ်။

၁၀ ယောက်ရွေးပြီး ယှဉ်ပြိုင်တဲ့ အချိန်ကစလို့ ပရိသတ်ရဲ့မဲကလည်း ရွေးချယ်မှုအပိုင်းမှာ ပါဝင်လာမှာ
ဖြစ်ပါတယ်။

"ပထမအဆင့်မှာတော့ အကဲဖြတ်ဒိုင်တွေရဲ့ အဆုံးအဖြတ်နဲ့ ရွေးချယ်မှာပါ။ ဒုတိယအဆင့်ကိုလည်း
အလားတူပါပဲ။ နောက်ဆုံး ၁၀ ယောက်ပြိုင်တဲ့ အခါမှာတော့ ကြည့်ရှုတဲ့ ပရိသတ်တွေက
ကိုယ်ကြိုက်နှစ်သက်သူကို မဲပေးနိုင်ပါတယ်။ မဲအနည်းဆုံး ရတဲ့လူတွေထဲကမှ ဒိုင်တွေက
ကယ်သင့်တဲ့ လူကို ကယ်ပြီး ဖြုတ်သင့်တဲ့ လူကို ဖြုတ်မှာပါ။ နောက်ဆုံး ဖိုင်နယ်ရောက်လို့
ပထမ၊ ဒုတိယ၊ တတိယရွေးတဲ့ အချိန်ကြရင် ပရိသတ်ရဲ့မဲပေးမှုကို ၆၀ ရာခိုင်နှုန်းအထိ ထည့်တွက်ပြီး
ဆုံးဖြတ်မှာပါ"လို့ သီချင်းဆိုပြိုင်ပွဲမှာ ဒိုင်တစ်ဦးအဖြစ်ပါဝင်ထားတဲ့ တေးရေး မြင့်မိုးအောင်က
ပြောပါတယ်။

လက်ရှိမှာ ပွဲရဲ့တာဝန်ရှိသူတွေအနေနဲ့ ပရိသတ်တွေ ဖုန်းအော်ပရေတာ သုံးမျိုးလုံးနဲ့ မဲပေးနိုင်ဖို့အတွက်
စီစဉ်နေကြပါတယ်။

ပြိုင်ပွဲရဲ့ဆုကြေးကလည်း စိတ်ဝင်စားစရာပါပဲ။ ပထမဆုအတွက် ကျပ် သိန်း ၃၀၀၊ ဒုတိယဆု
သိန်း ၂၀၀၊ တတိယဆု သိန်း ၁၀၀ တို့ဖြစ်ပြီး နှစ်သိမ့်ဆုနဲ့ အထူးဆု ခုနစ်ဆုကတော့ သိန်း ၃၀ စီ
ဖြစ်ပါတယ်။

"တချို့က ငြိမ်းချမ်းရေးသီချင်းတွေပဲဆိုတော့ ဘောင်ကျဉ်းသွားမယ်ပေါ့။ အန်တီတို့ သက်ဆိုင်တဲ့သူတွေ
ချပေးကြမယ့် သီချင်းတွေကို ကြည့်ကြည့်ကြပါ။ အရမ်းကောင်းတဲ့ သီချင်းတွေပါ။ နောက် ပြိုင်ပွဲဖြစ်တဲ့
အတွက် သူ့အဆင့်နဲ့သူ တဖြည်းဖြည်း ခက်တဲ့သီချင်း တွေကို ရွေးပေးမှာပါ။ ပျော့ပျော့လေးနဲ့တော့
ပထမဆု သိန်း ၃၀၀ ကို မရပါဘူး။ အဲဒီတော့ အများကြီးကြိုးစားရပါမယ်။ ဒီပွဲက တော်ရိလျော်ရိ
ပွဲတော် မဟုတ်ပါဘူး"လို့လည်း ဒိုင်တစ်ဦးဖြစ်တဲ့ တေးသံရှင် နွဲ့ယဉ်ဝင်းက ပြောပါတယ်။

"အန်တီ့အမြင်မှာတော့ ဒီပွဲကြီးက နိုင်ငံတော်ရဲ့ ပထမဆုံး အကြီးအကျယ်အခမ်းအနားဆုံး
သီချင်းဆိုပြိုင်ပွဲဖြစ်တယ်။ နောက် ဘာဖြစ်လို့ ငြိမ်းချမ်းရေးကို သီချင်းဆိုပြိုင်ပွဲနဲ့ စိတ်ဝင်စားလာအောင်၊
အသိရှိလာအောင် လုပ်လဲဆိုတော့ ငြိမ်းချမ်းရေး မပြောနဲ့ တချို့ရုပ်သံလိုင်းတွေတောင်
နာမည်ကြီးချင်ရင် သီချင်းဆိုပြိုင်ပွဲလုပ်ပါတယ်။ အဲဒီတော့ ငြိမ်းချမ်းရေးကိုလည်း စိတ်ဝင်စားအောင်
သီချင်းဆိုပြိုင်ပွဲနဲ့ ဘာလို့မလုပ်ရမှာလဲ"လို့ သူ့ရဲ့အမြင်ကိုလည်း ပြောပြပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်ချင်သူတွေအနေနဲ့ မိမိတို့ ယှဉ်ပြိုင်မယ့် မြို့မှာ လျှောက်လွှာတွေကို
အခမဲ့ ထုတ်ယူနိုင်ပြီ ဖြစ်ပါတယ်။

အသေးစိတ်အချက် အလက်တွေကို Peace Music Festival ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ
ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ယှဉ်ပြိုင်သူတွေအတွက် သတ်မှတ်ထားတဲ့ စည်းကမ်းတွေကတော့ အသက် ၁၅ နှစ်ပြည်ပြီး
အသက် ၅၅ နှစ် မကျော်တဲ့သူ ဖြစ်ရပါမယ်။

တခြားပြိုင်ပွဲတွေမှာ ဆုရပြီးသားသူတွေလည်း ယှဉ်ပြိုင်ခွင့်ရှိပေမဲ့ တစ်ကိုယ်တော် တေးစီးရီးခွေ
ထွက်ရှိပြီးသားသူတွေတော့ ယှဉ်ပြိုင်ခွင့်မရှိပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်