ရခိုင်ရိုးမထဲက မလေးဝက်ဝံတွေကို ဓာတ်ပုံရိုက်ကူးခဲ့တဲ့ အီတလီ ဓာတ်ပုံဆရာမ

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ပုံတွေကို ရိုက်ကူးသူ အီတလီဓာတ်ပုံဆရာမ Chiara Luxarado ကို ပြီးခဲ့တဲ့ သီတင်းပတ်က Myanmar Deitta မှာ ကျင်းပတဲ့ သူ့ရဲ့ဓာတ်ပုံပြပွဲမှာ တွေ့ရစဉ်။ သီရိလူ/မြန်မာတိုင်း(မ်)သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ပုံတွေကို ရိုက်ကူးသူ အီတလီဓာတ်ပုံဆရာမ Chiara Luxarado ကို ပြီးခဲ့တဲ့ သီတင်းပတ်က Myanmar Deitta မှာ ကျင်းပတဲ့ သူ့ရဲ့ဓာတ်ပုံပြပွဲမှာ တွေ့ရစဉ်။ သီရိလူ/မြန်မာတိုင်း(မ်)

အီတလီ ဓာတ်ပုံဆရာမ Chiara Luxarado ဟာ လွန်ခဲ့တဲ့ နှစ်နှစ်က စစ်တွေမြို့နဲ့ ငပလီကမ်းခြေကို
သွားရောက်လည်ပတ်စဉ်မှာ အဲဒီဒေသက တောအုပ်ထဲမှာ သွားရောက် အလုပ်လုပ်ကိုင်ရလိမ့်မယ်လို့
တွေးမထင်ခဲ့မိပါဘူး။

ဒါပေမဲ့ အီတာလျံ သဘာဝပတ်ဝန်းကျင် အထောက်အကူပြုအဖွဲ့အစည်းဖြစ်တဲ့ Oikos နဲ့
လက်တွဲဖြစ်တဲ့နောက်မှာ ရခိုင်ရိုးမတောင်ဘက်စွန်းဒေသထဲက တောအုပ်ထဲမှာ နေထိုင်ကျက်စားတဲ့
မလေးဝက်ဝံ (Sun Bear) တွေ အကြောင်းကို လေ့လာပြီး ဓာတ်ပုံရိုက်ကူးဖို့အတွက် ၂၀၁၆ ခုနှစ်၊
နိုဝင်ဘာလထဲမှာ သွားရောက်ဖြစ်ခဲ့ပါတယ်။

"လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးက ရောက်ဖူးခဲ့တဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသက ခုထိ အလှမပျက်သေးဘူး။
ကမ်းခြေအသေးလေးတွေရှိပြီး ကျွန်မကတော့ ငပလီထက်တောင် ပိုလှနေတယ်လို့ ထင်မိတယ်၊
နောက်နှစ်တွေမှာ အဲဒီအလှ အပတွေက ဘာတွေဆက်ဖြစ်မလဲတော့ မသိဘူး"လို့ သူရောက်ခဲ့တဲ့
ဒေသ အကြောင်းကို Chiara က ပြောပါတယ်။

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ အီတလီမှတ်တမ်းဓာတ်ပုံဆရာမ Chiara က သူ့မွေးရပ် မီလန်မြို့မှာ
စီးပွားရေးစီမံအုပ်ရေးမှုဆိုင်ရာ ဘွဲ့ရခဲ့ပြီး လန်ဒန်မှာ Development Studies နဲ့ မာစတာဘွဲ့
ထပ်ယူခဲ့ပေမဲ့ လွန်ခဲ့တဲ့ ငါးနှစ်ဝန်းကျင် ကစပြီး ဓာတ်ပုံပညာကိုသင်ယူကာ မီလန်၊ လတ်ဗီးယားနဲ့
ဖနွမ်းပင်တို့မှာ တစ်ကိုယ်တော်ဓာတ်ပုံပြပွဲတွေကို ပြသနိုင်ခဲ့ပါတယ်။

Chiara က ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကို အလည်ရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့
ဓာတ်ပုံစီမံကိန်းတွေနဲ့အတူ မြန်မာနိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံမှာလည်း ခဏတာ
နေထိုင်ခဲ့ဖူးတဲ့ Chiara က မြန်မာနိုင်ငံကိုတော့ စိတ်လှုပ်ရှားစရာတွေ၊ စိတ်ဝင်စားစရာတွေ
ပြည့်နှက်နေတဲ့ ထူးခြားတဲ့ အာရှနိုင်ငံတစ်နိုင်ငံအဖြစ် မြင်တယ်လို့ ပြောပါတယ်။

"ကျွန်မရောက်လာတဲ့ အချိန်က နိုင်ငံရေးအခြေအနေသစ်တစ်ခုဆီ ကူးပြောင်းဆဲကာလအတွင်းမှာပေါ့။
အဲဒီကာလထဲမှာကို စိတ်ဝင်စားစရာ အပြောင်းအလဲတွေနဲ့ တော်တော်မြန်မြန်ကြီးကို
တိုးတက်နေတဲ့နိုင်ငံပါပဲ"လို့ သူက ပြောပါတယ်။

ရခိုင်တောတွင်းမှာ ရိုက်ကူးခဲ့တဲ့ဓာတ်ပုံတွေကို "Rakhine Stories" ဆိုတဲ့ အမည်နဲ့ ဇွန်၂၂ ကနေ
၂၉ ရက်အထိ Myanmar Deitta အနုပညာပြခန်းမှာ အပိုင်းနှစ်ပိုင်းခွဲပြီး ပြသခဲ့ပါတယ်။

တစ်ပိုင်းကတော့ ရခိုင်တောတွင်းမှာ နေထိုင်ကျက်စားကြတဲ့ မလေးဝက်ဝံ တွေရဲ့ လှုပ်ရှားသွားလာမှု
ပုံရိပ်တွေဖြစ်ပြီး နောက်တစ်ပိုင်းကတော့ တောတွင်း ပိုင်းဒေသရှိ ကျေးရွာတွေမှာနေထိုင်ကြတဲ့
ရွာသူရွာသားတွေရဲ့လူနေမှုဘ၀တွေကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

Chiara ဟာ ရခိုင်ရိုးမတောတွင်း ခရီးစဉ်အတွင်းမှာ ဂွမြို့အနီးက ဆပ်သွားချောင်းရွာအပါအ၀င်
ရွာရှစ်ရွာကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

စိမ်းစိုနေတဲ့ သစ်တောဖြစ်ပေမဲ့ မနက်ပိုင်းမှာ နေထွက်လာတာနဲ့ အလွန်ပူပြီး ရေလည်း
အလွန်ငတ်တာမို့ မိုးမလင်းခင် တောတွင်းသစ်ပင်တွေမှာ ကင်မရာ လိုက်တပ်ဆင်ရတာတွေ၊
သစ်ပင်အမြင့်ပေါ် တွယ်တက်ရတာတွေနဲ့ ရင်ဝလောက်ရှိတဲ့ ချောင်းရေတွေထဲ
ကူးဖြတ်ခဲ့ရတာတွေကြောင့် ဒီဓာတ်ပုံပြပွဲအတွက် ရိုက်ကူးခဲ့ရတာတွေက တကယ့်အမှတ်တရပဲလို့
Chiara က ပြောပါတယ်။

"ကျွန်မတို့ အိပ်တော့လည်း တောထဲမှာပဲ၊ လမ်းပြတွေက တွေ့တဲ့ အပင်တွေကနေ ခူးဖြတ်ပြီး
ချက်ပြုတ်ကျွေးကြတာပဲ၊ အရမ်းသဘောကောင်းကြပါတယ်။ တောတွင်းအတွေ့အကြုံကတော့
တကယ့်အမှတ်တရပါပဲ"လို့ သူက ပြောပါတယ်။

ဓာတ်ပုံရိုက်ကူးပုံကတော့ သူနေထိုင်ရာ အီတလီနိုင်ငံမှာ ပန်းချီဆန်တဲ့ ဓာတ်ပုံရှုထောင့်တွေကို
အသားပေးရိုက်ကူးကြတယ်လို့ ဆိုပါတယ်။

"မြန်မာနိုင်ငံက ဓာတ်ပုံအများစုက သတင်းဆန်တယ်၊ အချက်အလက်နဲ့ ကိုယ်ပြောချင်တဲ့
အကြောင်းအရာတစ်ခုခုကို ဓာတ်ပုံထဲရအောင် ထည့်ရိုက် တတ်ကြတယ်။ အီတလီမှာတော့
လူတိုင်းလိုလို ပန်းချီရေးဆွဲနေကြတာဆိုတော့ ပန်းချီကိုပဲ အခြေခံကြတယ်ထင်တယ်၊ ပိုနူးညံ့ပြီး
ပန်းချီကားဆန်တယ်"လို့ Chiara က ပြောပါတယ်။

ပြီးတော့ သူနေထိုင်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ မြန်မာနိုင်ငံမှာ ဓာတ်ပုံနဲ့ ပတ်သက်ပြီး မြန်မြန်ဆန်ဆန်
ပြောင်းလဲ တိုးတက်နေတာကို သတိပြုမိတယ်လို့လည်း ဆိုပါတယ်။

"ခု Myanmar Deitta ၊ ပြီးတော့ ပြခန်းတွေအများကြီးပဲ ဒီနှစ်အတွင်းမှာ ဖွင့်လာကြတာ။
ဓာတ်ပုံပြပွဲတွေရော၊ ပန်းချီပြပွဲတွေပါ ဆက်တိုက်ဆိုသလို တွေ့နေရတယ်။
ဥပမာ - ရန်ကုန်ဓာတ်ပုံပွဲတော်လိုမျိုးနဲ့ နိုင်ငံတကာ မှတ်တမ်း ရုပ်ရှင်ပွဲတော်တွေကအစ
နှစ်အနည်းငယ်အတွင်းမှာကို ကျင်းပလာကြတာ သတိပြုမိတယ်"လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နေထိုင်တာ နှစ်နှစ်နီးပါး ရှိနေပြီဖြစ်ပေမဲ့ အခက်အခဲ ကြီးကြီးမားမား မကြုံတွေ့ခဲ့ရဘဲ
ဒီ "Rakhine Stories" ဓာတ်ပုံပြပွဲအတွက် သွားရောက်ရိုက်ကူးချိန်မှာတော့ ပင်ပန်းခက်ခဲခဲ့တယ်လို့
ပြောပါတယ်။

"မလေးဝက်ဝံတွေနဲ့ တောတွင်းမျိုးစိတ်အစုံ သားရဲတိရစ္ဆာန်တွေကို သဘာဝပုံစံအတိုင်း အမိအရ
ရိုက်ကူးနိုင်ဖို့ ကင်မရာတွေ သစ်ပင်မှာတပ်ဆင်ရတယ်။ ကင်မရာအလုံး ၁၀၀ ကျော်ကို
အဖွဲ့ဝင် ခုနစ်ယောက်က ခက်ခက်ခဲခဲနဲ့ သေချာမြန်ဆန်အောင် တပ်ဆင်ကြရတာ။
ဒါပေမဲ့ နောက်ရက်တွေ ကင်မရာ သွားသိမ်းတဲ့အခါမှာတော့ တိရစ္ဆာန်တွေ ဖျတ်ဆီးထားတာနဲ့
ကင်မရာတွေ တော်တော်စုတ်ပြတ်နေပြီ"လို့ Chiara က သူကြုံခဲ့ရတဲ့ အခက်အခဲတွေကို
ပြောပြပါတယ်။

လက်ရှိမှာ နိုင်ငံတကာ သတင်းဌာနတွေ၊ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့
စီးပွားရေးလုပ်ငန်းတွေအတွက် အလွတ်တန်း သတင်းဓာတ်ပုံတွေကိုလည်း ရိုက်ကူးပေးနေပြီး
သူ့ရဲ့ မှတ်တမ်းနဲ့ သတင်းဓာတ်ပုံတွေကို ဂါးဒီးယန်းသတင်းစာအပါအ၀င် နာမည်ကြီး
သတင်းစာတွေမှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ နေထိုင်ရတာ သူ့အတွက် အခက်အခဲမရှိဘဲ ပျော်ရွှင်တယ်လို့ဆိုတဲ့ ဓာတ်ပုံဆရာမ
Chiara က နောက်ထပ် သုံးနှစ်အထိ ဆက်လက် နေထိုင်ဖို့လည်း သေချာပေါက်
ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။

"သုံးနှစ်ထက် ပိုရင်လည်းပိုသွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ အကောင်းမြင်စိတ်
ရှိသူတွေနဲ့ နေရတာ စိတ်လုံခြုံမှုရှိပြီး ပျော်တယ်။ ဒါပေမဲ့ နိုင်ငံရေးတို့၊ တခြားအရေးတွေကိုတော့
ကျွန်မ မဝေဖန်တတ်ဘူး၊ မပြောတတ်ဘူး" လို့ ဓာတ်ပုံဆရာမ Chiara က ပြောပါတယ်။

Oikos အဖွဲ့အစည်းနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သားရဲတိရစ္ဆာန် ထိန်းသိမ်း ရေးအတွက် ဒီနှစ်ထဲမှာပဲ
ဆက်လက်ပြီး ဓာတ်ပုံတွေရိုက်ကူးသွားဖို့ အစီအစဉ် ရှိတယ်လို့လည်း သူကပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်