အန္တရာယ်ကို ဖိတ်ခေါ်နေတဲ့ ရထားသံလမ်းဝန်းကျင်က အမှောင်ထု

ရန်ကုန်ဘူတာကြီး-ရွာသာကြီး ရထားခရီးစဉ်အတွင်း နှင်းဆီကုန်းဘူတာကို ညနေပိုင်းမှာ တွေ့မြင်ရစဉ်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)ရန်ကုန်ဘူတာကြီး-ရွာသာကြီး ရထားခရီးစဉ်အတွင်း နှင်းဆီကုန်းဘူတာကို ညနေပိုင်းမှာ တွေ့မြင်ရစဉ်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

ပြင်စေချင်လို့ မြင်မိတာလေး နည်းနည်းပြောမယ်။ သက်ဆိုင်သူတွေ စိတ်မဆိုးဘဲ
လုပ်ဆောင်ပေးမယ်လို့ မျှော်လင့်ချက်နဲ့ပေါ့နော်။ ပြောချင်တာကတော့ ရန်ကုန်မြို့ပတ်ရထားလမ်း
တစ်လျှောက်က ဘူတာရုံတွေ အကြောင်းပါပဲ။

ဒီဘက်နှစ်ပိုင်းတွေမှာ ကားတွေ တိုးများလာတာနဲ့အမျှ "လမ်းတွေ ပိတ်လိုက်တာ၊ ကားပိတ်နေလို့
နောက်ကျတာ"လို့ ညည်းညူတဲ့ စကားသံတွေက ရန်ကုန်မှာ နေထိုင်သူတွေရဲ့ပါးစပ်ကနေ
နေ့စဉ်လိုလိုကို ကြားနေရတဲ့ စကားသံပဲ ဖြစ်ပါတယ်။

ပြီးတော့ ဒီနှစ် နှစ်ဆန်းပိုင်းလောက်စပြီး YBS ဘတ်စ်ကားလိုင်းစနစ်ကို ပြောင်းလဲပြီးလိုက်တဲ့
နောက်ပိုင်းမှာ ချော့မွေ့မှုမရှိသေးတဲ့ စနစ်သစ်အောက်မှာ နေ့စဉ်သွားလာလှုပ်ရှားသူတွေရဲ့
ညည်းညူသံတွေက ပိုလို့ကျယ်လောင်လာခဲ့ပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ခုနစ်သန်းကျော် နေထိုင်နေတဲ့ ရန်ကုန်မြို့မှာ
အကြောင်းအမျိုးမျိုးနဲ့ နေ့စဉ် တစ်နေရာမှတစ်နေရာ သွားလာနေကြရတဲ့ လူဦးရေဟာ တစ်နေ့ကို
လေးသန်းနီးပါး ရှိနေပါတယ်။

ဒီလူတွေထဲက ထက်ဝက်ကျော် ပမာဏဖြစ်တဲ့ ၂ ဒသမ ၆ သန်းနီးပါးကတော့ ဘတ်စ်ကား
သယ်ယူပို့ဆောင်ရေးကို အသုံးပြုနေကြတာပါ။

ဒီအခါမှာ မြို့ထဲမှာရော မြို့ပြင်မှာပါ ကားပိတ်ကျပ်လွန်းတဲ့ ပြဿနာကို ရင်ဆိုင်ခံစားနေကြရတဲ့
ဘတ်စ်ကားစီးသူတွေဟာ စရိတ်သက်သာပြီး ယာဉ်ကျောမပိတ်တဲ့ မြို့ပတ်ရထားကို
အားကိုးလာကြပါတယ်။

ဒီအခါမှာ ရထားစီးရတာရော အဆင်တပြေရှိရဲ့လားလို့ မွေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

"မဖြစ်မနေမို့ ရွေးချယ်စရာမရှိလို့သာ ရထားကိုရွေးချယ်ရတာ အဆင်မပြေဘူး"လို့ စိတ်ပျက်လက်ပျက်
ပုံစံနဲ့ အသံကျယ်ကျယ် ပြောလိုက်သူကတော့ ငမိုးရိပ်ဘူတာကနေ မြို့ထဲကို နေ့စဉ်အလုပ်တက်နေတဲ့
မလတ်ပဲ ဖြစ်ပါတယ်။

YBS စနစ် စပြီးပြောင်းလိုက်ကတည်းက ကားစီးရတာ အရင်ကလောက် အဆင်မပြေတော့တာမို့
ရထားပြောင်းစီးပေမဲ့လည်း ရထားပေါ်မှာ ကြုံတွေ့ရတဲ့ အဆင်မပြေမှုတွေက တစ်နေ့နဲ့တစ်နေ့
မရိုးရအောင်ပါပဲလို့ သူက ညည်းပြော ပြောလိုက်ပါတယ်။

သူ့အတွက် အဆိုးဆုံးကတော့ နေ့ခင်းအလင်းရောင်ရှိချိန်မှာတောင် ဘူတာရုံမှာ
အမူးသမားတစ်ယောက်ရဲ့ ကိုယ်ထိလက်ရောက်နှောင့်ယှက်မှုကို ကြုံခဲ့ရတာပါ။

ဒါပေမဲ့လည်း ရထားစီးတဲ့အခါတိုင်း အမြဲစိတ်ညစ်ရတဲ့ပြဿနာကတော့ ညဘက်အိမ်ပြန်ချိန်တွေမှာ
ရထားဘူတာရုံနဲ့ ဘူတာဝန်းကျင်တွေမှာ မီးအလင်းရောင် လုံလောက်စွာမရှိတာက သူတို့လို
မိန်းမသားတွေအတွက် အချိန်မရွေး အန္တရာယ်ကျရောက်နိုင်သလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

"ညဘက်မြို့ထဲမှာ ဖြတ်နေတာမို့ ရထားပေါ်ကလှမ်းကြည့်ရင်တော့ မီးအလင်းရောင် မြင်ရပေမဲ့
သံလမ်းဘေးမှာ မီးလင်းနေတာ မဟုတ်ဘူး။ တစ်ဘူတာနဲ့တစ်ဘူတာကြားက မှောင်မည်းနေတာ။
ဘူတာရောက်ရင်လည်း လက်မှတ် ရောင်းတဲ့နေရာလေးပဲ မီးက ကွက်လင်းတာ။ ကိုယ်က ဘူတာမှာ
ရပ်နေမှာ မဟုတ်ဘူးလေ။ အရှေ့ဖြစ်ဖြစ်၊ အနောက်ဖြစ်ဖြစ် တစ်နေရာရာကို ဆက်လျှောက်ရမှာ။

"ဘူတာဝန်းကျင်မှာ လမ်းလျှောက်ရလောက်တဲ့အထိ လုံလောက်တဲ့ အလင်းရောင်မရှိဘူး။
ဘယ်လောက်မှောင်လဲဆို လမ်းလျှောက်ရင် ကိုယ့်အရိပ်တောင် မမြင်ရတဲ့အခါတွေ ရှိတယ်။
နေ့ခင်းဘက်တောင် မလုံခြုံတာ၊ ညဘက်ပြန်ရင် လုံးဝမလုံခြုံဘူးလို့ကို ခံစားနေရတာ။
အသတ်ခံရရင်တောင် သေပြီးမှသိကြမှာ"လို့ သူ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပါတယ်။

၄၅ နှစ်ကျော်ကြာ ဘတ်စ်ကားကို အားထားပြီး အလုပ်တက်လာပေမဲ့
ကားလမ်းကျပ်လာတာတွေကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးကတည်းက မြို့ပတ်ရထားကို
ပြောင်းစီးလာတဲ့ ဦးကြည်ကလည်း ညဘက်ဘူတာရုံက မီးအလင်းရောင်နဲ့ပတ်သက်လို့
အခုလို မှတ်ချက်ပေးပါတယ်။

"ဘူတာတစ်ခုနဲ့ တစ်ခုကြား ရထားသံလမ်းဘေးမှာ မီးလင်းတာမတွေ့ပေမဲ့ ဘူတာရုံတွေမှာတော့
လင်းတယ်။ ဒါပေမဲ့ ဘူတာအကျယ်အ၀န်းနဲ့ မီးနဲ့က မလုံလောက်ဘူး။ ရထားလမ်းပတ်ဝန်းကျင်က
ညဘက်ဆို အန္တရာယ်ရှိလောက်တယ်"လို့ ဆိုပါတယ်။

ဦးကြည်က တိုးကြောင်ကလေးဘူတာကနေ ရန်ကုန်ဘူတာကြီးကို မနက်ပိုင်းရော၊ ညနေအပြန်ပါ
ရထားစီးပြီး အလုပ်သွား၊ ပြန်လုပ်နေတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ ၂၀၁၄ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့
မြန်မာ့မီးရထားရဲ့စာရင်းတွေအရ နေ့စဉ်ရထားအသုံးပြုနေသူဦးရေပေါင်း ရှစ်သောင်းကျော် ရှိပါတယ်။

အခုချိန်မှာတော့ တစ်နေ့ကို လက်မှတ်စောင်ရေ တစ်သိန်းကနေ တစ်သိန်းခွဲဝန်းကျင်ထိ
ရောင်းချ ပေးရပါတယ်လို့ ရန်ကုန်ဘူတာကြီးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်မှတ်ဈေးနှုန်းက တစ်စောင်ကို ခရီးတိုအတွက် ကျပ် ၁၀၀ နဲ့ ပေးဝယ်ရပြီး မြို့ပတ်ရထားခရီးစဉ်
စ/ဆုံး စီးမယ်ဆိုရင်တော့ ကျပ် ၂၀၀ ပါ။

ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် ရထားတစ်စင်းတွင် လိုက်ပါမည့် ခရီးသည်တစ်ဦး ရထားပေါ်တက်နေစဉ်။ မြို့ပတ်ဘူတာရုံတော်တော်များများမှာ ရထားအတက်အဆင်းလှေကားနဲ့ ဘူတာပလက်ဖောင်း ဝေးကွာလွန်းခြင်းကြောင့် အတက်အဆင်းပြုလုပ်ရသည်မှာ ခက်ခဲလှတယ်လို့ ခရီးသည်တွေက ပြောဆိုကြပါတယ်။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)

မြန်မာနိုင်ငံမှာ ရထားစီးသူအရေအတွက်က ဘတ်စ်ကား စီးသူထက် နည်းပါးနေသေးပေမဲ့
နိုင်ငံတကာမှာတော့ မြို့ပြသယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ရထားကိုသာ အားထားစီးနင်းကြတာ
ဖြစ်ပါတယ်။

အိမ်နီးချင်းနိုင်ငံလည်းဖြစ်ပြီး ရထားစနစ်အောင်မြင်တဲ့ စင်ကာပူနိုင်ငံက မြေအောက်ရထား
ဘူတာရုံတွေနဲ့ ဘူတာဝန်းကျင်မှာ မှောင်မိုက်နေတဲ့ အနေအထား လုံးဝမရှိတဲ့အပြင်
ဘူတာဝန်းကျင်ကို လှပစွာ တန်ဆာဆင်ထားပြီး လုံခြုံရေးအတွက် စီစီတီဗီတွေ နေရာအနှံ့မှာ
တပ်ထားတာကြောင့် ဘူတာရုံမှာ လူရှင်းနေရင်တောင် လုံခြုံတယ်လို့ ခံစားရပုံကို ပြောပြသူကတော့
မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ဖူးတဲ့ မဖူးဖူးပဲ ဖြစ်ပါတယ်။

"မြန်မာပြည်မှာက ဘူတာရုံမှာ လူရှင်းနေရင် စိတ်ချောက်ချားနိုင်ပေမဲ့ ဟိုဘူတာရုံမှာက လူလုံးဝ
မရှိရင်တောင် စိတ်ပူစရာမရှိဘူး။ Safe ဖြစ်တယ်လို့ကို ခံစားရတာ"လို့ သူကဆိုပါတယ်။

မြို့ပတ်ရထားစီးသူအားလုံးကို လိုက်လံမေးမြန်းခြင်းမပြုနိုင်ပေမဲ့ မြန်မာတိုင်း(မ်)က
တွေ့ဆုံမေးမြန်းခဲ့တဲ့ ရထားစီးသူတွေကတော့ ရထားစီးခြင်းအပေါ် အားသာချက်၊ အားနည်းချက်
အမြင်တွေက မတူကြသလို ရထားဘူတာရုံဝန်းကျင် လုံခြုံမှုအခြေအနေတွေအပေါ်
ပြောဆိုကြတာလည်း ကွဲပြားကြပါတယ်။

အိမ်နဲ့ ဘူတာ အရမ်းနီးတာကြောင့် လှည်းတန်းဘူတာကနေ ရန်ကုန်မြို့ထဲကို ရထားတစ်မျိုးတည်းနဲ့ပဲ
၁၀ နှစ်ကျော်ကြာ သွားလာအလုပ်တက်နေတဲ့ ဦးခင်မောင်ကတော့ "အရင်တုန်းကဆို
ရထားတွဲထဲမှာကို မီးမရှိလို့ အမှောင်ထဲ ထိုင်လိုက်ရတာ ရှိတယ်။ အခုတော့ မရှိတော့ဘူး။
အတက်အဆင်းများတဲ့ ဘူတာတွေမှာ ရပ်ချိန်နည်းတယ်၊ ပန်ကာတွေပါပေမဲ့ မလည်တဲ့
အဖြစ်တွေကလွဲလို့ ဓာတ်တိုင်တွေက မီးတွေက မီးလာရင် လင်းနေပါတယ်"လို့ ပြောပါတယ်။

အမြင်အမျိုးမျိုးတွေ ဖြစ်နေတာကြောင့် စာရေးသူကိုယ်တိုင် ဘူတာ ၃၈ ဘူတာကိုပတ်တဲ့
မြို့ပတ်ရထားခရီးစဉ်အပြင် ရန်ကုန်ဘူတာကြီးကနေ တိုးကြောင်ကလေးဘက်ကိုသွားတဲ့
ငါးဘူတာခရီးစဉ်ကို လိုက်စီးကြည့်တဲ့အခါ ခရီးသည်တွေအတွက် အဆင်ပြေတဲ့ဘူတာတွေထက်
အဆင်မပြေတဲ့ဘူတာတွေက ပိုများနေတာကို တွေ့ရှိခဲ့ရပါတယ်။

တချို့ဘူတာရဲ့ ပတ်ဝန်းကျင်အနေအထားတွေကတော့ ချုံနွယ်ပိတ်ပေါင်းဟာ လူမြင်ကွင်းကို
ပိတ်ဆို့ထားပြီး လူနေအိမ်ခြေတွေနဲ့ ဝေးလွန်းလှတဲ့အပြင် ဘူတာကနေ လမ်းလျှောက်ထွက်ရတဲ့
ဝန်းကျင်မှာတော့ မီးတိုင်တွေ ရှိတဲ့နေရာမှာလည်း မီးလုံးတွေမရှိဘဲ မှောင်မည်းနေတတ်ပါတယ်။

ဒါ့ပြင် လုံခြုံမှုအတွက် အရေးပါတဲ့အချက်တစ်ချက်ဖြစ်တဲ့ စီစီတီဗီတပ်ထားတာကလည်း
ဘူတာရုံအနည်းငယ်မှာပဲ တွေ့ရပါတယ်။

ရထားဖြတ်မောင်းတဲ့ သံလမ်းတစ်လျှောက်မှာလည်း ဓာတ်တိုင် တွေရှိပေမဲ့ အများစုမှာ မီးလုံးတွေ
ရှိမနေပါဘူး။

ဘတ်စ်ကားစီးရတာထက် စရိတ်နဲ့ အချိန်ကုန်တာ သက်သာပေမဲ့ ရထားအချိန် မမှန်တာ၊ ဦးစားပေး
ရထားလမ်းကြောတွေကို စောင့်ရတာကြောင့် အချိန်ကြန့်ကြာတာကိုလည်း ခရီးသည်တွေမှာ
ခံစားကြရပါတယ်။

ရထားအဆင်းအတက် လှေကားတွေက မြင့်လွန်းပြီး ဘူတာရုံက ပလက်ဖောင်းတွေက
နိမ့်နေတာကြောင့်လည်း သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေသာမက အရပ်ပုတဲ့
သူတွေအတွက် အတက်အဆင်းပြုလုပ်ရတာ မလွယ်ကူလှပါဘူး။

ညဘက်ရထားစီးပြီး ဆင်းရမယ့်ဘူတာမှာ ဆင်းပြီးတိုင်း ကိုယ့်လိုရာခရီးကို ဆက်သွားကြတဲ့အခါမှာ
အေးအေးလူလူ လမ်းလျှောက်ပြန်ကြတာထက် အမှောင်လမ်းကို အမြန်ဆုံး ဖြတ်ကျော်နိုင်ဖို့အတွက်
ခြေလှမ်းကျဲကျဲနဲ့ သုတ်ခြေတင်ကြရတယ်လို့ အလုပ်ပြီးချိန်နောက်ကျတတ်တာမို့ ရထားစီးလည်း
နောက်ကျတတ်တဲ့ သမိုင်းမှာနေထိုင်သူ မအိက ပြောပြပါတယ်။

"ရထားလမ်းဝန်းကျင်က မီးအလင်းရောင်က မှောင်ကိုမှောင်နေတာ၊ တစ်ခုခုလုပ်ချင်လို့ ကြံစည်ထားရင်
လုပ်လို့ကိုရတဲ့ အနေအထားလေ။ ကိုယ့်ကို မုဒိမ်းကျင့်သွားရင်တောင် ကိုယ်အကျင့်ခံရပြီးမှ
လူသိမယ့်အဖြစ်မို့ အမြဲစိုးရိမ်နေရတယ်။ တစ်ယောက်တည်းဆို တကယ်ကြောက်တယ်။
ဒါကြောင့် တက်သုတ်ရိုက်ပြီး မပြေးရုံတမည် ဆင်းတဲ့ လူအုပ်နဲ့အမီ အမြန်လျှောက်ရတာ"လို့
ပြောတဲ့ သူ့ရဲ့စကားက မိန်းကလေးတစ်ယောက်အနေနဲ့ ကြုံရနိုင်တဲ့ ရထားလမ်းဘေးက
အမှောင်ထုရဲ့အန္တရာယ်ကို ကွက်ကွက်ကွင်းကွင်း မြင်သွားစေပါတယ်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျခံမယ့်
မီးရထားစီမံကိန်း လေးခုကို ဒီနှစ် အောက်တိုဘာလကစတင်ပြီး ၂၀၂၂ ခုနှစ်မှာ
အပြီးဆောင်ရွက်မယ်လို့ ဒီနှစ် ဇန်န၀ါရီလထဲမှာ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီစီမံကိန်းလေးခုထဲမှာ ရန်ကုန်မြို့ပတ်ရထားပြုပြင်ပြောင်းလဲရေး အဆင့်မြှင့်တင်ခြင်းစီမံကိန်းလည်း
ပါဝင်ပါတယ်။ နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိနေပြီဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ မြို့ပတ်ရထားစနစ်ကို
ပထမဆုံးအနေနဲ့ အကြီးစားပြင်ဆင်မှု ပြုလုပ်မယ်လို့လည်း ဆိုထားပါတယ်။

ဒါက သတင်းကောင်းဖြစ်လို့ ကြိုဆိုပါတယ်။ တစ်ခုပဲ .. အကြီးစားအလုပ်တွေ မစသေးခင်လေးမှာပဲ
ဘူတာရုံတွေနဲ့ သူ့ပတ်ဝန်းကျင်တစ်လျှောက်မှာ လင်းလင်းကျင်းကျင်းနဲ့ အန္တရာယ်ကင်းကင်း
သွားလာလို့ရအောင် မီးတွေ လုံလောက်အောင် ထွန်းပေးပါလို့ တိုက်တွန်းလိုက်ပါရစေ။

ပြီးတော့ ပြောစရာကျန်သေးတာက မီးတိုင်တွေထောင်၊ မီးလုံးတွေတပ်တာတော့ ဟုတ်ပါပြီ။
မီးပျက်နေပြန်ရင်လည်း အလုပ်မဖြစ်သေးတာမို့ အနည်းဆုံးတော့ ညဘက်တွေမှာ မီးပုံမှန်လာအောင်
လုပ်ပေးပါလို့ ထပ်မံတိုက်တွန်းလိုက်ပါရစေ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။