ရန်ကုန်မှာ Doggy Cafe ဖွင့်လိုက်ပြီ

ခွေးချစ်သူတစ်ဦးဖြစ်သည့် Miss Myanmar World 2017 ဆုရှင် အိကျော့ခိုင်ကို ဇွန် ၁၇ ရက်က Doggy Cafe မှာ တွေ့ရစဉ်။ အောင်ခန့်/မြန်မာတိုင်း(မ်)ခွေးချစ်သူတစ်ဦးဖြစ်သည့် Miss Myanmar World 2017 ဆုရှင် အိကျော့ခိုင်ကို ဇွန် ၁၇ ရက်က Doggy Cafe မှာ တွေ့ရစဉ်။ အောင်ခန့်/မြန်မာတိုင်း(မ်)

ခွေးလေးတစ်ကောင်လောက် မွေးချင်ခဲ့တဲ့ဆန္ဒက ငယ်စဉ်ကလေးဘ၀တည်းကပါ။ ဒါပေမဲ့လည်း
အခု အသက် ၂၀ ကျော်တဲ့အထိ စာရေးသူရဲ့ဆန္ဒမပြည့်သေးပါဘူး။

ဘာလို့လဲဆိုရင်တော့ မိဘတွေက တိရစ္ဆာန်လေးတွေကို သိပ်မချစ်တတ်တာရယ်၊ အိမ်မှာ
အချိန်ပြည့်နေနိုင်တဲ့ လူ မရှိတာရယ်ကြောင့်လို့ပဲ ပြောရမှာပါ။

အဲဒီတော့ ခွေးချစ်သူစာရေးသူမှာ ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ခွေးလေးတွေတင်မဟုတ်ဘဲ
ကိုယ်မသိတဲ့ လူတွေရဲ့ ခွေးတွေကိုမြင်ရင်လည်း ဣနြေ္ဒမဆည်နိုင်လောက်အောင်ကို
ပွေ့ဖက်ကိုင်ကြည့်ချင်တဲ့စိတ် အမြဲဖြစ်ရပါတယ်။ ပြီးခဲ့တဲ့လကတော့ စာရေးသူတို့လို ခွေးချစ်တဲ့
သူတွေအတွက် သတင်းကောင်းလေးတစ်ခုကို ဖေ့စ်ဘွတ်ခ်မှာ တွေ့လိုက်ရပါတယ်။ အဲဒါကတော့
ရန်ကုန်မှာ လူသိများတဲ့ ခွေးအရောင်းဆိုင်တွေထဲကတစ်ခုဖြစ်တဲ့ JB Pet Shop က သူတို့ဆီမှာ
ခွေးတွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံနိုင်တဲ့ နေရာလေးအဖြစ် Doggy Cafe ကို ဖွင့်လှစ်မယ်ဆိုတဲ့
အကြောင်းကို ကြေညာထားတာပါ။

ဒါမျိုးက မြန်မာပြည်မှာ ပထမဆုံးဖွင့်တဲ့ဆိုင်လို့ ပြောလို့ရမယ်ထင်ပါတယ်။ အရင်ဆုံး Soft Opening
ကို လူဦးရေအကန့်အသတ်နဲ့လက်ခံပြီး ဖွင့်မယ်ဆိုတာကြောင့် ပထမဆုံးရက်မှာပဲ သွားနိုင်ဖို့
စာရင်းပေးလိုက်ပါတယ်။

ဒီဆိုင်ကို သိပ်သွားချင်တဲ့အချက်ထဲက တစ်ခုက Corgi ဆိုတဲ့ ခြေတိုတိုခွေးပုလေးတွေကို အပြင်မှာ
မြင်ဖူးချင်တာကြောင့်လည်း ပါပါတယ်။ Corgi တွေကို ပုံတွေမှာ မြင်လိုက်ကတည်းက ချစ်မိနေပေမဲ့
အပြင်မှာတော့ တစ်ခါမှ မတွေ့ဖူးပါဘူး။

သူတို့ရဲ့ ပထမဆုံးဆိုင်ဖွင့်တဲ့ရက်က ဇွန် ၁၇ ရက်နေ့ပါ။ ရာသီဥတုကတော့ ရန်ကုန်မိုးတွင်း
ထုံးစံအတိုင်း တိမ်မည်းတွေ အုံ့အုံ့ဆိုင်းဆိုင်းနဲ့ပါ။ ခွေးတွေနဲ့ဆော့ဖို့ ပေးထားတဲ့အချိန်က နေ့လယ်
၃ နာရီကနေ ၄ ခွဲအထိဆိုတော့ အချိန်က တစ်နာရီခွဲပဲ ရှိပါတယ်။ သွားရမယ့်ခရီးကလည်းဝေးတာမို့
နောက်မကျအောင် စောထွက်ခဲ့တာ ၂ နာရီခွဲ လောက်ကတည်းက တစ်ယောက်တည်း
အရင်ဆုံးရောက်နှင့်နေပါတယ်။ ဒါနဲ့ ဆိုင်ပိုင်ရှင်နဲ့ စကားပြောဖြစ်ရင်း သူက Doggy Cafe
ဖွင့်ဖြစ်ခဲ့ပုံကို ရှင်းပြပါတယ်။

"ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်က ဘန်ကောက်ကိုသွားရင် True Love Cafe ဆိုတဲ့ ဆိုင်ကို
ရောက်ခဲ့တယ်။ အဲဒီဆိုင်ရဲ့ ထူးခြားချက်က ဆိုင်မှာ Husky ဆိုတဲ့ ခွေးတွေအများကြီးရှိပြီး
အဲဒီခွေးတွေနဲ့ ဓာတ်ပုံရိုက်လို့ ရတယ်။ သူတို့တွေကို ထိတွေ့ကိုင်တွယ်ရင်းနဲ့ အေးဆေးအနားယူလို့
ရတယ်။ အဲဒါနဲ့ ကျွန်တော်နဲ့ ကျွန်တော့်မိန်းမလည်း မြန်မာပြည်မှာ အဲဒီလိုဆိုင်မျိုးဖွင့်မယ်ဆိုပြီး
စိတ်ကူးရတာနဲ့ ဖွင့်ဖြစ်ခဲ့တာပါ"လို့ ဆိုင်ရှင် ကိုထက်မြတ်အောင်က ပြောပြပါတယ်။

Doggy Cafe ကို အမှတ် ၇၉၁၊ မြရတနာလမ်း၊ ၃၆ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်မှာ ဖွင့်လှစ်ထားပြီး
ပေ ၆၀၊ ၈၀ အကျယ်ရှိတဲ့ ခြံဝင်းထဲမှာ JB ခွေးအရောင်းဆိုင်အပြင် ခွေးရေကူးကန်နဲ့ spa ကို လွန်ခဲ့တဲ့
လေးနှစ်လောက်ကတည်းက ဖွင့်လှစ်ထားခဲ့ပါတယ်။

အခု Cafe ကိုတော့ ခြံဝင်းထဲမှာ ပေ ၃၀x၄၀ အကျယ်အ၀န်းလောက် အကန့်ခွဲပြီး
တည်ဆောက်ထားပါတယ်။

"ဒီဆိုင်ဖွင့်ဖို့အတွက် သုံးလလောက် ပြင်ဆင်ခဲ့ရတယ်။ ခွေးအမျိုးအစားတွေလည်း ထပ်သွင်းရတယ်။
သူတို့ကို လူတွေနဲ့နေတတ်အောင်၊ ယဉ်ကျေးအောင် တစ်လကျော်လောက် ကျွမ်းကျင်တဲ့ ဆရာနဲ့
သင်ပေးရတယ်"လို့လည်း ကိုထက်မြတ်အောင်က ပြောပြပါတယ်။

Cafe ကို လာရောက်သူတွေဟာ သတ်မှတ်ထားတဲ့ခြံဝင်းထဲမှာ လွတ်လွတ်လပ်လပ် လွှတ်ထားတဲ့
ခွေးတွေနဲ့ ရင်းရင်းနှီးနှီး ထိတွေ့နိုင်ကြမှာပါ။ အဲဒီမှာရှိတာက Corgi အမျိုးအစား ခွေးလေးသုံးကောင်၊
Siberian Husky အမျိုးအစားခွေး ငါးကောင်၊ Samoyed ဆိုတဲ့ အဖြူဆွတ်ဆွတ် အမွေးပွခွေး
တစ်ကောင်နဲ့ Alaskan Malamute ဆိုတဲ့ ဧရာမခွေးကြီးတစ်ကောင်တို့ ဖြစ်ပါတယ်။

ဒီခွေးတွေအပြင် တခြားခွေးအမျိုးအစားတွေဖြစ်တဲ့ Shiba Inu, Pug, English Bulldog နဲ့
Chow Chow တို့ ရှိပေမဲ့လည်း လူတွေနဲ့ နေတတ်အောင် သေသေချာချာလေ့ကျင့်
မပေးရသေးတာကြောင့် သူတို့ကိုကြည့်ချင်တယ်ဆိုရင်တော့ ဆိုင်က တာဝန်ရှိသူနဲ့အတူ
ကြည့်ခွင့်ကိုင်ခွင့် ရနိုင်ပါတယ်။

ခုလတ်တလောမှာ ဆိုင်ဖွင့်စဖြစ်တဲ့အတွက် စနေ၊ တနင်္ဂနွေ နှစ်ရက်ကိုပဲ ဧည့်သည်လက်ခံပြီး
တစ်ရက်ကို လူဦးရေ ၂၀ ပဲ လက်ခံပါတယ်။ ၀င်ကြေးကတော့ တစ်ဦးကို ကျပ် ၁၂,၀၀၀ ဖြစ်ပြီး
ခွေးလေးတွေနဲ့ဆော့နိုင်တဲ့အပြင် ကိတ်တစ်ခုနဲ့ အအေးတစ်မျိုးကိုလည်း တည်ခင်းပေးပါတယ်။

စာရေးသူကတော့ စောရောက်နေတာနဲ့ ဗိုက်အရင်ဖြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့်
ဝင်းတစ်ခုတည်းမှာပဲ သံဆန်ခါခြားထားတဲ့ အကန့်လေးထဲမှာ ခင်းထားတဲ့စားပွဲဝိုင်းငါးဝိုင်းထဲက
တစ်ဝိုင်းမှာ ၀င်ထိုင်လိုက်ပါတယ်။

ကိုယ်ထိုင်တဲ့ ၀ိုင်းရဲ့အနားမှာပဲ Pomeranian ခွေးလေးနှစ်ကောင်က စာရေးသူကို
လျှာလေးတွေထွက်၊ မတ်တတ်လေးတွေရပ်ပြီး အချီခံချင်တဲ့ပုံစံနဲ့ နှုတ်ဆက်နေတာကြောင့်
ခွေးမြင်ရင်မနေနိုင်တဲ့ စာရေးသူတစ်ယောက်လည်း တစ်ကောင်ကိုပွေ့မယ်အလုပ်မှာ ပိုင်ရှင်က
"ညီလေး လက်ကိုဆပ်ပြာနဲ့ အရင်ဆေးပြီးမှကိုင်ပါ" ဆိုတာနဲ့ လက်အရင် သွားဆေးပြီးမှ ခွေးလေးကို
ချီပါတယ်။

ခွေးလေးတွေကို မထိမကိုင်ခင်မှာ အရင်ဆုံး လက်ဆေးရမှာက ဒီနေရာရဲ့စည်းကမ်းချက်တွေထဲက
တစ်ခုပါ။ ခွေးလေးတွေပြင်ပက ဘက်တီးရီယားတွေ ကူးစက်တာမခံရအောင် ကြိုတင်ကာကွယ်တဲ့
သဘောနဲ့ လာရောက်တဲ့သူတိုင်း အရင်ဆုံး ဆပ်ပြာနဲ့လက်ဆေးပြီးမှ ခွေးလေးတွေကို ကိုင်ခွင့်
ရှိပါတယ်။ ခွေးလေးတွေကိုင်ပြီးရင်လည်း လက်ပြန်ဆေး လို့ရအောင် ဘေစင်ထားပေးတာကလည်း
ကောင်းတဲ့အချက်ပါ။

ခွေးလေးကိုချီပြီး မကြာပါဘူး။ ကိတ်နဲ့အအေး ရောက်လာပါတယ်။ ဒီဆိုင်က Doggy Cafe လို့
ဆိုထားပေမဲ့ လောလောဆယ်မှာ ကော်ဖီမရသေးပါဘူး။ စာရေးသူလို ကော်ဖီထက်
အအေးပိုကြိုက်တဲ့သူအတွက် ကိစ္စမရှိပေမဲ့ ကော်ဖီကြိုက်သူတွေအတွက် စိတ်မကောင်းစရာပါ။
ဒီဆိုင်က ကိတ်က အခုနောက်ပိုင်း အရမ်းခေတ်စားနေတဲ့ အလွှာတွေအများကြီးနဲ့ Crepe Cake
ဖြစ်ပြီး အရသာ ငါးမျိုး ရနိုင်ပါတယ်။ နူးညံ့ပြီး စားလို့ကောင်းပါတယ်။

မုန့်စားနေတုန်းပဲ ဆိုင်ရှင်အကိုကြီးက သူ့ဆိုင်က ၀န်ထမ်းလေးတွေကို (၀န်ထမ်းတွေက
အသက်သိပ်ငယ်တယ်လို့ ခန့်မှန်းရပါတယ်) ခွေးလေးတွေကိုထုတ်ဖို့ ပြောလိုက်ပါတယ်။ အရင်ဆုံး
ခွေးဟောင်သံတွေကို စကြားရပါပြီ။

ခွေးအမျိုးအစားအလိုက် ခွဲထုတ်လာတာဖြစ်ပြီး စာရေးသူ စောင့်မျှော်နေတဲ့ Corgi လေး
သုံးကောင်ကိုတော့ နောက်ဆုံးမှ ထုတ်ပါတယ်။ သူတို့ သုံးကောင်ပျော်ရွှင်ပြီး လှုပ်တုပ်လှုပ်တုပ်နဲ့
ထွက်လာတာကို မြင်ရတဲ့အချိန်မှာ ခံစားရတဲ့ပျော်ရွှင်မှုက ခွေးချစ်သူတွေဆိုရင်
ကောင်းကောင်းနားလည်မယ်ထင်ပါတယ်။

အောင်ခန့်/မြန်မာတိုင်း(မ်)အောင်ခန့်/မြန်မာတိုင်း(မ်)

အချိန်လည်း ၃ နာရီနီးနေတော့ အဲဒီနေ့အတွက် ဘိုကင်လုပ်ထားတဲ့ ခွေးချစ်သူတွေ တစ်စုပြီးတစ်စု
ရောက်လာကြပါတယ်။ ဒီဆိုင်မှာ နောက်ထပ်ထူးခြားတဲ့အကောင်လေးတွေကိုလည်း ထိတွေ့
ကိုင်တွယ်လို့ရအောင် စီစဉ်ပေးထားပါသေးတယ်။ တခြားတော့ မဟုတ်ပါဘူး။ ကိုယ်မှာ
အဆူးလေးတွေနဲ့ ချစ်စရာကောင်းတဲ့ Hedgehog(ဖြူကောင်) လေးတွေပါ။ သုံးကောင်ရှိပြီး
ဆိုင်ရှင်အစ်ကိုကြီးရဲ့ ကြီးကြပ်မှုနဲ့အတူ ကိုင်တွယ်ကြည့်လို့ရပါတယ်။ သူတို့ကိုယ်ပေါ်က
အဆူးလေးတွေ စူးမှာဆိုရင်လည်း လက်အိတ်နဲ့ကိုင်လို့ ရပါတယ်။

ခွေးလေးတွေရှိတဲ့ ၀င်းထဲကို မ၀င်ခင်မှာ လိုက်နာရမယ့်အချက်တွေနဲ့ ဆောင်ရန်ရှောင်ရန်
အချက်တွေကို ဆိုင်ရှင်အကိုကြီးက ရှင်းပြပေးသလို စားပွဲဝိုင်းတွေမှာလည်း အဲဒီအချက်တွေကို
အင်္ဂလိပ်လိုရေးသားထားတဲ့ စာရွက်တွေကို တင်ထားပေးပါတယ်။

အဓိကစည်းကမ်းတွေကတော့ ပြင်ပအစားအစာ ယူဆောင်လာခွင့် မရှိပါဘူး။ ခွေးတွေကိုမကိုင်ခင် လက်ဆေးရမှာ ဖြစ်သလို ခွေးလေးတွေလွှတ်ထားတဲ့ဝင်းထဲကို ၀င်တဲ့အခါမှာလည်း ဖိနပ်၊
ခြေအိတ်တို့ကိုချွတ်ပြီး ဆိုင်ကပေးတဲ့ ပလတ်စတစ်ခြေအိတ်ကို စွတ်ပြီးမှဝင်ရမှာပါ။

လူတွေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခွေးတွေ မလျက်မိအောင် သတိထားရမှာဖြစ်သလို သူတို့
ပါးစပ်ထဲကို လက်ထည့်ပေးတာမျိုးလည်း မလုပ်ရပါဘူး။ နောက်ပစ္စည်းတစ်ခုခု၊ သစ်ရွက်၊
အသံစတာတွေနဲ့ ခွေးတွေကို မြှူတာမျိုးလည်း မလုပ်ရပါဘူး။ ၀င်းထဲမှာ ပြေးတာ၊ ခွေးတွေနောက်ကို
ပြေးလိုက်တာမျိုးကိုလည်း ရှောင်ကြဉ်ရမှာပါ။

ပြီးတော့ ပွေ့ချီတာ၊ နှိပ်ပေးတာ၊ တင်ပါးနဲ့အမြီးကိုဆွဲတာမျိုးလည်း မလုပ်ရပါဘူး။ ဓာတ်ပုံရိုက်တဲ့
အခါမှာလည်း မီးအလင်းဖွင့်ပြီး ရိုက်တာက ခွေးတွေကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက်
မီးအလင်းပိတ်ပြီးမှ ရိုက်ရမှာပါ။ အဲဒီ အချက်တွေကို အဓိကလိုက်နာရမှာဖြစ်ပါတယ်။

Corgi တွေကို အနီးကပ်တွေ့လိုက်ရတဲ့အချိန်မှာ ဓာတ်ပုံထဲမှာမြင်ရတာထက်ကို ပိုပြီး ချစ်ဖို့
ကောင်းပါတယ်။ ဒါတောင် ဆိုင်က Corgi တွေက တစ်နှစ်အရွယ်လောက်ပဲရှိသေးတာမို့
အမွေးတွေက သိပ်မထူသေးပါဘူး။ နောက်ထပ်ကြီးလာရင် အမွေးတွေ ပိုသန်လာပြီး
ပွပွယောင်းယောင်းလေးနဲ့ ပိုတောင်မှချစ်ဖို့ကောင်းဦးမှာပါ။ သူတို့ သုံးကောင်ကတော့
'သုံးကောင်ပေါင်း၊ လောင်းကျော်'လို့ ပြောရမလိုကို မမောနိုင်အောင်ကိုဆော့ကြလို့ ကိုင်ဖို့မနည်းကို
လိုက်ဖမ်းရပါတယ်။ သူတို့ရဲ့နာမည်တွေက Joanne၊ Dyno နဲ့ JD တဲ့။

Corgi တွေနဲ့ ဆော့လို့ဝတော့မှ ဆိုင်မှာ အရွယ်အကြီးဆုံးဖြစ်တဲ့ Alaskan Malamute အမျိုးအစား
ခွေးကြီး Daniel ဆီကို ဆက်ပါတယ်။ သူက အသက်တစ်နှစ်ပဲရှိသေးပေမဲ့ အကောင်က
တော်တော့်ကိုကြီးနေပါပြီ။ လက်ရှိမှာတောင် ပေါင် ၁၈၀ လောက်ကို ရှိနေတာပါ။
နောက်ထပ် ကြီးလာဦးမှာလို့လည်း ဆိုင်ရှင်က ပြောပါတယ်။

Daniel ကိုတော့ တချို့တွေက သူ့အရွယ်အစားကို ကြည့်ပြီး လန့်တတ်ကြပါတယ်။ ဒါပေမဲ့ သူက
ကလေးကြီးပါ။ အရမ်းလည်း ယဉ်ပါတယ်။ တစ်ခါတလေ လူတွေအများကြီးနဲ့ဆိုရင်တောင်
သူ့ခန္ဓာကိုယ်ကြီးမှ အားမနာဘဲ လန့်တတ်ပါသေးတယ်။ တကယ့်ကိုချစ်စရာကောင်းတဲ့ Daniel ကြီးနဲ့
အဲဒီနေ့မှာ ဆုံခွင့်ရခဲ့တာကလည်း အမှတ်တရပါပဲ။

နောက်ဆုံးပိတ်ကိုတော့ Samoyed အမလေး JiaJia အပြင် Husky ခွေးငါးကောင်တို့နဲ့
အချိန်ကြာကြာနေခဲ့ပါတယ်။ Husky တွေထဲမှာဆိုရင် Dendi က အသက်လေးနှစ်ကျော်ပြီမို့
သူတို့အုပ်စုထဲမှာတော့ အသက်အကြီးဆုံးပါ။ တစ်ကိုယ်လုံးဖြူဆွတ်နေတဲ့ JiaJia ကတော့
Husky တွေကြားမှာ တစက်ကလေးမှ အငြိမ်မနေပါဘူး။

Husky ငါးကောင်ထဲက တည်ငြိမ်ပြီး ချစ်ဖို့ကောင်းတဲ့ Juicy နဲ့ ရှစ်လအရွယ်အငယ်ဆုံးဖြစ်တဲ့
Divine ကတော့ စာရေးသူရဲ့အချစ်တော်တွေပါပဲ။ Divine ကတော့ အငယ်ဆုံးဆိုတဲ့အတိုင်း
အဆော့အင်မတန်မှ မက်ပါတယ်။

အဲဒီနေ့က စာရေးသူလိုပဲ ခွေးတွေကိုကြည့်ဖို့ရောက်လာကြသူတွေထဲမှာ အများစုက
မိန်းမလေးတွေပါ။

"ဒီကိုလာဖြစ်တာက ခွေးလေးတွေကိုချစ်တာရယ်၊ နောက် Corgi ခွေးလေးတွေကို အပြင်မှာတစ်ခါမှ
မမြင်ဖူးတာနဲ့ မြင်ဖူးအောင် သူငယ်ချင်းတွေကိုပါခေါ်ပြီး လာတာပါ"လို့ ကျောက်မြောင်းကနေလာတဲ့
မမေသံစဉ်ကိုကပြောပြပါတယ်။

"ဒီကိုလာရတာပျော်ပါတယ်။ ခွေးလေးတွေကလည်းယဉ်တော့ အဆင်ပြေတယ်။
နောက်ပိုင်းတွေလည်း အားတဲ့ အခါကျရင် လာဦးမှာပါ"လို့လည်း သူက ထပ်ပြောပါသေးတယ်။

ပြီးတော့ လာတဲ့သူတွေထဲမှာ Husky အမျိုးအစားခွေးတွေကိုချစ်တဲ့ Miss Myanmar World 2017
ဆုရှင် အိကျော့ခိုင်လည်း ပါဝင်ပါတယ်။

"ညီမဘန်ကောက်ကိုသွားခဲ့တုန်းက Husky ခွေးတွေရှိတဲ့ True Love Cafe ဆိုင်လေးကို
ရောက်ခဲ့တယ်။ အဲဒီကတည်းက Husky ခွေးတွေကို အရမ်းချစ်သွားတယ်။ အခုမြန်မာပြည်မှာလည်း
အဲဒီလိုဆိုင်လေးဖွင့်တာကို သိရတော့ အရမ်းပျော်သွားပြီး ဖွင့်ဖွင့်ချင်းကိုလာဖြစ်တာပါ"လို့ ဆိုတဲ့
သူက လက်ရှိမှာ ကြောင်ပဲမွေးထားပေမဲ့ ခွေးမွေးတဲ့ အခါကျရင် Husky ကိုပဲ မွေးမယ်လို့ ဆိုပါတယ်။

ပြီးတော့ သူက ဘန်ကောက်ကဆိုင်နဲ့ ခုရန်ကုန်က ဆိုင်လေးကိုလည်း နှိုင်းယှဉ်ပြီးအကြံပေးစကား
ဆိုပါသေးတယ်။

"နောက်ပိုင်းတော့ ဒီက ခွေးလေးတွေကို ပိုဂရုစိုက်နိုင်ပြီး သေသေချာချာလေး လုပ်ပေးနိုင်ရင်
ပိုကောင်းမယ်။ ဘန်ကောက်မှာက စည်းကမ်းအရမ်းကြီးတယ်။ လာတဲ့ လူတွေကို သန့်ရှင်းရေး
သေသေချာချာ လုပ်ခိုင်းပြီး ပိုးမွားတွေ သန့်စင်ပြီးမှ ၀င်ခိုင်းတာ။ ပြီးတော့ အဲဒီမှာ လာကြည့်တဲ့
လူတွေထက် ခွေးတွေရဲ့ကျန်းမာရေးကို ပိုဂရုစိုက်ပြီး အနားမှာ လိုက်ကြည့်ပေးနေတာ။ ဒီမှာတော့
လာကြတဲ့လူတွေကို သေသေချာချာလေး ပြောပြနိုင်ရင် ပိုကောင်းမယ်"လို့ သူ့အမြင်ကို
ပြောပြပါတယ်။

အစပိုင်းဆိုတော့ ဆိုင်မှာလိုအပ်ချက်တွေ ရှိနေသေးတာကို စာရေးသူလည်း တွေ့မြင်မိပါတယ်။
ဆိုင်သီးသန့် မဟုတ်ဘဲ ခွေးနဲ့ပတ်သက်တဲ့ ၀န်ဆောင်မှုတွေကိုလည်း ခြံဝင်းတစ်ခုတည်းမှာ ပေးတာမို့
အထဲမှာ အနံ့အသက်ကတော့ အနည်းငယ်ရှိနေပါတယ်။

ဒါ့ပြင် ခုချိန်ခါက မိုးရာသီဆိုတော့ တချို့နေရာတွေမှာ ရေပက်တာမျိုးနဲ့ ရေယိုတာတွေလည်း
ရှိနေတာမို့ ဧည့်သည်တွေအတွက် သိပ်အဆင်မပြေဘူးလို့ ထင်မိပါတယ်။

ဒါပေမဲ့လည်း ရန်ကုန်မှာ ဒီလိုနေရာမျိုး ပေါ်ပေါက်လာတဲ့အတွက်ကိုတော့ ခွေးချစ်သူတစ်ဦးအနေနဲ့
ကျေနပ် ပျော်ရွှင်မိတာတော့ အမှန်ပါပဲ။

ဒါကြောင့် သင်လည်း ချစ်စရာကောင်းလှတဲ့ခွေးတွေနဲ့ အချိန်တစ်ခဏတာ ကုန်ဆုံးချင်တယ်
ဆိုရင်တော့ ဖုန်း ၀၉၉၇၅၁၂၈၈၅၃ ကိုဆက်သွယ်ပြီး စာရင်းပေးနိုင်ပါတယ်။ ဆိုင်နဲ့
ပတ်သက်လို့ သိချင်တာတွေရှိတယ်ဆိုရင်လည်း သူတို့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာဖြစ်တဲ့
JB PetCenter Myanmar - since 2013 မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

တစ်ခုပဲသတိပေးချင်တာက ငါးနှစ်အောက် ကလေးငယ်တွေဆိုရင်တော့ အထဲဝင်လို့ မရပါဘူး။
ငါးနှစ်နဲ့ ၁၀ နှစ်ကြား ကလေးတွေဆိုရင်တော့ လူကြီးဈေးရဲ့တစ်ဝက်နှုန်း ကျပ် ၆,၀၀၀ ပေးပြီး အထဲကို
ဝင်ရောက်နိုင်ပါတယ်။ သတိပြုရမှာက ဘယ်သူမဆို Doggy Cafe ခြံဝင်းထဲကို ၀င်မယ်ဆိုတာနဲ့
ဝင်ကြေးကောက်ခံမှာဖြစ်ပြီး အဖော်လိုက်ရုံပဲလိုက်သူတွေကတော့ ခြံဝင်းအပြင်မှာပဲစောင့်ရမယ့်
စည်ကမ်းသတ်မှတ်ထားတယ်လို့ ဆိုင်ရှင် ကိုထက်မြတ်အောင်က ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်