အတိတ်ကိုလွမ်းဆွတ်တသခြင်း ROAR အဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက်ပြပွဲ ROC AND ROLL

ကျော်မိုးခိုင်ကို လမ်းပေါ်မှာ တွေ့ဖူးချင်မှ တွေ့ဖူးမယ်ဆိုပေမယ့် သူ့ရဲ့ street artist နာမည်ဖြစ်တဲ့
Bart ကိုတော့ ရန်ကုန်မြို့ရဲ့ နံရံတွေထက်မှာ တွေ့မြင်နိုင်ပါတယ်။

Bart ရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုလက်ရာတွေကို ပြသသွားမယ့် ပြပွဲကို သွားမယ်ဆိုရင်တော့
သူ့ရဲ့အကြောင်းတွေကို အရင်ကထက်သိနိုင်မှာပါ။

ရန်ကုန်သားဂရက်ဖက်တီအနုပညာရှင် အသက် ၂၁ နှစ်အရွယ် Bart နဲ့အတူ အခြားအဖွဲ့ဝင်
နှစ်ဦးဖြစ်တဲ့ 9micro နဲ့ ကိုဝဏ္ဏအောင်တို့က ၂၀၁၂ ခုနှစ်မှာ ROAR(Release of Artistic Rage) လို့
ခေါ်တဲ့ ဂရက်ဖက်တီ အနုပညာရှင်တွေ စုပေါင်းပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။

သူတို့အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ်က သူတို့ရဲ့ ပထမဦးဆုံး ပြခန်းတွင်းပြသတဲ့ ROAR: Unleashed Graffiti
ပြပွဲကို ဂရက်ဖက်တီအနုပညာရှင်ဖြစ်တဲ့ ကိုချစ်ထွဋ်နဲ့ ပူးပေါင်း ကျင်းပခဲ့သလို ဂရက်ဖက်တီ
ပရိတ်သတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိခဲ့ပါတယ်။

ဂရက်ဖက်တီအနုပညာကို လမ်းပေါ်က အဆောက်အဦးနံရံတွေထက်မှာပဲ မြင်တွေ့ရလေ့ရှိတာမို့
ပြခန်းတွင်းမှာ ထည့်သွင်းရေးဆွဲမှုက သမစဉ်ကို ထိန်းသိမ်းလိုသူတွေအတွက်တော့ မေးခွန်းထုတ်စရာ
ဖြစ်မှာပါ။

ဒါပေမယ့် အမြင်သစ်တစ်မျိုးပေးတာကြောင့် ကြည့်ရှုအားပေးသူတွေ များပြားခဲ့ပါတယ်။
ပထမအကြိမ်အောင်မြင်မှုအပြီးမှာတော့ အဖွဲ့ဝင် သုံးဦးပါဝင်တဲ့ အဖွဲ့က လက်ရှိအနုပညာ
ဖန်တီးမှုတွေကို ချပြဖို့ Roc and Roll ဆိုတဲ့ နာမည်နဲ့ နောက်တစ်ခေါက်ပြန်လာခဲ့ပါပြီ။

ဒီတစ်ကြိမ်မှာတော့ သူတို့ကိုယ်တိုင်ရဲ့အကြောင်းတွေကို လေ့လာစူးစမ်းပြီး သူတို့ဘာဆိုတာကို
ပြသမယ့် အနုပညာဖန်တီးမှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

"ကျွန်တော်တို့ရဲ့ပန်းချီကားတွေကနေတစ်ဆင့် ကျွန်တော်တို့ ဘာဆိုတာကို သိအောင်
လုပ်ထားပါတယ်။ ကျွန်တော်တို့ရဲ့ အကြိုက်က ဘာ၊ ဘယ်ကလဲနဲ့ ဘယ်လိုဇာတ်လမ်းတွေရှိခဲ့တယ်
ဆိုတာကို မြင်တွေ့ရမှာပါ" လို့ Bart က သူ့ရဲ့ပန်းချီကားမှာ အပြာရောင်အခရိုင်းလစ်ဆေးလေးကို
ထပ်ဖြည့်ရင်း ဆိုလိုက်ပါတယ်။

သူတို့ရဲ့ ပန်းချီပြပွဲဖွင့်ပွဲကိုတော့ ဇူလိုင် ၁၅ ရက်နေ့မှာ ပြုလုပ်သွားမှာပါ။

"ကျွန်တော်တို့တွေအနေနဲ့ ဂရက်ဖက်တီကိုပဲ မဖန်တီးချင်တော့ဘူး။ ဒီပန်းချီပြပွဲမှာ ကျွန်တော်တို့တွေ
လေ့လာခဲ့တဲ့ pop art scene ကနေ pop surrealism အနုပညာနဲ့ ဖန်တီးထားတာတွေကို
တွေ့ရမှာပါ" လို့ Bart က ဆိုပါတယ်။

Pop surrealism ဆိုတာကတော့ pop ယဉ်ကျေးမှု၊ underground ယဉ်ကျေးမှုကနေ
ပေါင်းစပ်ဖြစ်တည်လာတာဖြစ်ပြီး ဖန်တီးသူအနေနဲ့ သူ့ရဲ့အနုပညာကို fine art တွေကို
သရော်ထားသလိုလို ဖန်တီးတဲ့ အနုပညာလှုပ်ရှားမှုတစ်ခု ဖြစ်တယ်လို့ ရှင်းပြပါတယ်။

Pop Surrealism အနုပညာရှင်တွေအနေနဲ့ ကာတွန်းဆန်ဆန် ဇာတ်ကောင်တွေ (တစ်ခါတစ်ရံ
နာမည်ကျော်ကြားတဲ့ ပန်းချီဆရာကြီးတွေရဲ့ ပန်းချီကားတွေ) ကို အသုံးပြုပြီး သူ့ရဲ့ မသိစိတ်
(အတွင်းစိတ်) ကနေ ထွက်ပေါ်လာတဲ့ ပုံစံတွေကို အရောင်တောက်တောက်တွေနဲ့ အိမ်မက်ဆန်ဆန်
ရေးဆွဲသရုပ်ဖော်လေ့ရှိကြပါတယ်။ ဥပမာ - စပိန်အနုပညာရှင် Dali က Disney World ကို
လွှဲပြောင်းယူလိုက်သလိုမျိုး၊ Alice in wonderland ကို ကန်းဗက်အပေါ်တင်သလိုမျိုး
စိတ်ကူးကြည့်လိုက်ပါ။

ROAR က ဂရက်ဖက်တီအနုပညာရှင် သုံးဦးကတော့ သူတို့ရဲ့ Street art နည်းပညာတွေကို
မြန်မာကာတွန်းဇာတ်ကောင်တွေ၊ အယူအဆတွေနဲ့ အတိတ်အကြောင်းတွေကို
ရောနှောပူးပေါင်းထားတာပါ။ ဥပမာ - Bart ဆိုရင် တချိန်က ကလေး၊ လူကြီးတွေကြားမှာ
အောင်မြင်ကျော်ကြားခဲ့တဲ့ မြန်မာ့ကာတွန်းဇာတ်ကောင်တွေကို ပြန်လည်ဖော်ထုတ်ထားပါတယ်။

"ကာတွန်းစာအုပ်တွေထဲက ဇာတ်ကောင်တွေဆိုတာ တချိန်က အရမ်းအောင်မြင်ခဲ့သလို ဖေ့စ်ဘွတ်၊
အင်တာနက် မရှိတဲ့ အချိန်မှာ ကျွန်တော်တို့တွေ အကုန်လုံး အဲဒါတွေနဲ့ ကြီးပြင်းလာခဲ့တာပါ" လို့
သူက ဆိုပါတယ်။

ဒါ့ကြောင့် Bart အနေနဲ့ ဆေးဗူးတွေ၊ စုတ်တံတွေကို ပေါင်းစပ်အသုံးပြုပြီး သူ့ငယ်ဘ၀ရဲ့
လူစွမ်းကောင်းတွေကို ပြန်လည်ဖော်ထုတ်ဖို့ ရည်ရွယ်ခဲ့တာပါ။ သူ့ရဲ့ ပန်းချီကားတွေအပြင်
သူစုဆောင်းထားတဲ့ မြန်မာကာတွန်းစာအုပ်တွေကိုလည်း ပြသသွားမှာဖြစ်ပါတယ်။ သူ့အနေနဲ့
အတိတ်ကို လွမ်းဆွတ်တသူတစ်ဦးမဟုတ်ပေမယ့် သူ့ရဲ့အနုပညာဖန်တီးမှုတွေကနေတစ်ဆင့်
သုတ်သီးသုတ်ပြာဖြစ်နေတဲ့ လက်ရှိလူမှုအသိုင်းအ၀ိုင်းကို မေးခွန်းတွေထုတ်ထားပါတယ်။

"အရင်က အရမ်းနာမည်ကြီးအောင်မြင်ခဲ့တဲ့ ကာတွန်းစာအုပ်တွေက ဘာတွေဖြစ်ကုန်တာလဲ။
ကျွန်တော်ကတော့ တိုးတက်လာတဲ့ နည်းပညာ၊ အင်တာနက်ကြောင့်၊ ရေးဆွဲတဲ့ အနုပညာရှင်တွေ
ဆုံးသွားလို့ ဘာလို့တော့ မပြောချင်ပါဘူး။ ဒါပေမယ့် ဒီနေ့ခေတ်မှာ လူတွေကြား ဘာကြောင့်
ဒီလောက်ထိ ခပ်မြန်မြန်မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာကိုပဲ မသိတာ" လို့ တအံ့တဩပုံစံနဲ့
ဆိုပါတယ်။

9micro ကတော့ သူ့ရဲ့ သန္ဓေသားလောင်းလေးတွေ ပုံစံနဲ့ ရေးခြယ်ထားတဲ့ ပန်းချီကားစီးရီးကနေ
တစ်ဆင့် သူ့ရဲ့ငယ်ဘ၀က မရေရာတဲ့ (မိဘအသိုင်းအ၀ိုင်း ပတ်ဝန်းကျင်က ဖြစ်စေချင်တဲ့)
အိမ်မက်တွေနဲ့ လက်ရှိအိမ်မက် အကြောင်းကို ဖော်ကျူးသွားမှာပါ။

"မိဘတွေဆီမှာ သူတို့ကလေးတွေအတွက် သူတို့ဖြစ်စေချင်တဲ့ အိမ်မက်တွေအများကြီးရှိတယ်။
ဒါပေမယ့်ကလေးတွေဆီမှာ လည်းသူတို့ဖြစ်ချင်တာရှိသလို ကျွန်တော့်ဆီမှာလည်း ရှိခဲ့တယ်။
ကျွန်တော်ငယ်ငယ်က အနုပညာရှင်ဖြစ်ချင်ပေမယ့် ကျွန်တော့် မိဘတွေက သဘောမတူခဲ့ဘူး။
သူတို့က ကျွန်တော့ကို စီးပွားရေးဖြစ်ဖြစ် လုပ်စေချင်ခဲ့တာလေ" လို့ အသက် ၂၆ နှစ်အရွယ်
9micro က ဆိုပါတယ်။

9micro ကတော့ ဂရက်ဖက်တီအနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်လာတာ ၁၀ နှစ်ကျော်သွားပါပြီ။
သူ့ရဲ့ သန္ဓေသားလောင်း ပန်းချီကားတစ်ခုမှာဆိုရင် ဂရက်ဖက်တီရေးဖို့ ဆေးဗူးလေးတစ်ဗူး
ကိုင်ထားတာကြောင့် အဲဒီပန်းချီကားက သူ့ရဲ့အကြောင်းကို သူရေးဆွဲထားတယ်လို့ ထင်မြင်မိပါတယ်။

ကိုဝဏ္ဏအောင်ရဲ့ အနုပညာဖန်တီးမှုစီးရီးမှာတော့ သူငယ်ငယ်က ကြီးပြင်းရှင်သန်လာခဲ့တဲ့
ရော့ခ်ဂီတရဲ့အငွေ့အသက်တွေကို တွေ့မြင်ရမှာပါ။ ပီကာဆိုရဲ့ပြောစကားရှိပါတယ်။

"ပန်းချီဆိုတာ ဒိုင်ယာရီရေးသလိုမျိုးပါပဲ" တဲ့။ "Painting is just another way to keep a diary"။
အဲဒီလိုပါပဲ Roc and Roll ပန်းချီပြပွဲကနေတစ်ဆင့် ROAR အဖွဲ့က အနုပညာရှင် သုံးဦးကလည်း
သူတို့ရဲ့ငယ်ဘ၀စာမျက်နှာတွေကို ပညာသားပါပါဖန်တီးတင်ပြသွားမှာဖြစ်ပါတယ်။

ROAR အဖွဲ့ရဲ့ Roc and Roll ပန်းချီပြပွဲကို ဇူလိုင်လ ၁၅ ရက်နေ့ကနေ ဩဂုတ်လ ၁၀ ရက်နေ့အထိ
အမှတ် ၉၈၊ သုံးလွှာ၊ ဗိုလ်ကလေးဈေးလမ်း၊ ဗိုလ်တထောင်မြို့နယ်က Myanm/art ပြခန်းမှာ
ပြသသွားမှာဖြစ်ပါတယ်။

Bart

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်