နောက်ဖေး လမ်းကြားထဲ အမှိုက်တွေ ပစ်နေကြဦးမှာလား

အများပြည်သူ အပန်းဖြေရာနေရာအဖြစ် ပြောင်းလဲလိုက်တဲ့ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ၃၁ လမ်းနဲ့ ၃၂ လမ်း နောက်ဖေးလမ်းကြားရှည်ကြီးထဲက မြင်ကွင်းတစ်ခု။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)အများပြည်သူ အပန်းဖြေရာနေရာအဖြစ် ပြောင်းလဲလိုက်တဲ့ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ၃၁ လမ်းနဲ့ ၃၂ လမ်း နောက်ဖေးလမ်းကြားရှည်ကြီးထဲက မြင်ကွင်းတစ်ခု။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က နောက်ဖေးလမ်းကြားဆိုတာ ကိုယ်သွားချင်တဲ့ နေရာကို
အချိန်တိုအတွင်းရောက်နိုင်ဖို့ ဖြတ်လမ်းအနေနဲ့ အသုံးပြုလို့ရခဲ့ဖူးပါတယ်။

အဲဒီတုန်းက နောက်ဖေးလမ်းကြားတွေက သန့်ရှင်းတောက်ပြောင်နေတယ်လို့ မဆိုနိုင်ပေမဲ့
လက်တွေ့အသုံးပြုလို့ရခဲ့ပါတယ်။

ဒါပေမဲ့ ခုချိန်မှာတော့ အမှိုက်အစို၊ အမှိုက်ခြောက်ထုပ်တွေနဲ့ ပြည့်နှက်နေပါတော့တယ်။

ဒါက ... ဘယ်လိုကြောင့် ဖြစ်သွားတာလဲ။ ရန်ကုန်မှာ နေထိုင်စရာ လိုအပ်ချက်မြင့်မားလာတာနဲ့အမျှ
အဆောက်အအုံတွေရဲ့ အမြင့်ကလည်း တဖြည်းဖြည်းမြင့်တက်လာပါတယ်။ နေထိုင်သူတွေကလည်း
အထပ်မြင့်မှာ နေထိုင်လာရတာနဲ့အမျှ လှေကားနဲ့ အတက်အဆင်းလုပ်ဖို့ တွန့်ဆုတ်လာကြပြီး
အမှိုက်ထုပ်တွေကို ပြီးစလွယ် နောက်ဖေးပြတင်းပေါက်တွေကနေ ပစ်ချလာကြပါတယ်။ ဒီလိုနဲ့ပဲ
နောက်ဖေးလမ်းကြား အမှိုက်ပုံဖြစ်ရခြင်း ဇာတ်လမ်းက စတင်ခဲ့ပါတော့တယ်။

"အရင်တုန်းက (အထပ်မြင့်တွေမဆောက်ခင်) အိမ်တွေမှာ အိမ်ပိုင်ရှင်တွေ ကိုယ်တိုင်ပဲ နေကြတာ။
အဲဒီတော့ ရပ်ကွက်အချင်းချင်း သိနေတော့ မပစ်ကြဘူး"လို့ ကျောက်တံတားမြို့နယ်က
ရာအိမ်မှူးတစ်ယောက်ဖြစ်တဲ့ ဦးမျိုးညွန့်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"ဒါပေမဲ့ အဆောင်၊ အခန်းငှားတာ ခေတ်စားလာပြီးတဲ့ နောက်ပိုင်း နောက်ဖေးမှာ လွယ်လင့်တကူ
ပစ်လာကြတယ်လို့ မြင်တယ်"လို့ အသက် ၆၁ အရွယ် ဦးမျိုးညွန့်က ဆိုပါတယ်။

ရပ်ကွက်အတွင်းရှိ တာဝန်ရှိသူတွေက စည်းကမ်းမဲ့အမှိုက်မပစ်ကြဖို့ ဒဏ်ကြေးတွေရိုက်ပြီး
စောင့်ဖမ်းတာတွေလည်း လုပ်ကြပေမဲ့ အမှိုက်ပစ်သူတွေက ဒါတွေကို ရှောင်တိမ်းဖို့နည်းလမ်း
ရှိတယ်လို့ ရှင်းပြတာကတော့ ပန်းဘဲတန်းမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်ပဲ
ဖြစ်ပါတယ်။

"နောက်ဖေးလမ်းကြား (အမှိုက်) မပစ်ပါနဲ့ပြောတယ်။ ဘယ်လိုပြောပြောမရဘူး။ အကြိမ်ကြိမ်
သတိပေးကြေညာတယ်။ အသိပညာပေးတယ်။ စောင့်လည်း ဖမ်းဖူးတယ်။ ဒဏ်ငွေတွေလည်း
ရိုက်ခဲ့ဖူးတယ်။ ဒါပေမဲ့ မရဘူး။ ဘယ်အချိန်မှာပစ်လဲ ညဉ့်သန်းခေါင် ၁ နာရီ၊ ၂ နာရီ။
စောင့်ဖမ်းလို့လည်း မရဘူး"လို့ ပြီးခဲ့တဲ့ မတ်လအတွင်းက မြန်မာတိုင်း(မ်)နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျုးမှာ
သူက ပြောခဲ့ပါတယ်။

အမှိုက်ထဲက ရွှေကိုရှာ

ဒါပေမဲ့ လူတစ်စုရဲ့ စတင်ကြိုးပမ်းအားထုတ်မှုကြောင့် ခုဆိုရင် နောက်ဖေးလမ်းကြားတချို့ဟာ
ကြည့်ပျော်ရှုပျော်ဖြစ်လာခဲ့ပါတယ်။

'ဒို့အိမ်' လူမှုရေးအဖွဲ့အစည်းဟာ ပြီးခဲ့တဲ့မတ်လအတွင်းမှာ ဒီအမှိုက် ပြဿနာကို သူ့နည်းသူ့ဟန်နဲ့
စတင်ကိုင်တွယ်ခဲ့ပါတယ်။

အဲဒါကတော့ ပန်းဘဲတန်းမြို့နယ်၊ ၂၇ လမ်းထဲမှာ သူတို့ရုံးခန်းအဖြစ် ငှားထားတဲ့တိုက် အနောက်က
အမှိုက်တွေကိုရှင်းထုတ်ပြီး ဥယျာဉ်ငယ်တစ်ခုအဖြစ် ပြောင်းလဲခဲ့တာပါ။

"ရန်ကုန်မှာ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနဲ့ ရေနုတ်မြောင်းစနစ်က အရေးကြီးတဲ့ topic တွေပဲ" လို့
ဒို့အိမ်ကို တည်ထောင်သူ Emilie Roell က ပြောပါတယ်။

တဖြည်းဖြည်းနဲ့ သူတို့ရဲ့စီမံကိန်းက ကျယ်ပြန့်လာပါတယ်။ ပထမစီမံကိန်းထက် ပိုကြီးတဲ့
ဒုတိယမြောက် နောက်ဖေးလမ်းကြားစီမံကိန်းကို ကျောက်တံတားမြို့နယ်အတွင်းက ၃၉ လမ်းနဲ့
ဆိပ်ကမ်းသာလမ်းတို့ရဲ့ နောက်ဖေးလမ်းကြားထဲမှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီလမ်းကြားနေရာဟာ ခုဆိုရင် ကလေးကစားကွင်းငယ်လေးအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။
ဒါပေမဲ့ အကြီးဆုံးပြောင်းလဲပြခဲ့တဲ့ စီမံကိန်းကတော့ တတိမြောက်ပြုလုပ်ခဲ့တဲ့ စီမံကိန်းပါပဲ။
ပန်းဘဲတန်းမြို့နယ်ထဲက ၃၁ လမ်းနဲ့ ၃၂ လမ်း (အလယ် ဘလောက်)တို့ရဲ့ နောက်ဖေးမြေနေရာမှာ
အကောင်အထည်ဖော်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလမ်းကြားထဲမှာ ကစားကွင်း လေးခု၊ ဥယျာဉ် သုံးခု၊ ရွေ့လျားစာကြည့်တိုက် နှစ်ခုနဲ့
လေ့ကျင့်ခန်းလုပ်ဖို့ နေရာတစ်ခုတောင် ပါဝင်ပါသေးတယ်။ ဒီစီမံကိန်းတွေက စီးပွားရေးပိုင်းက
ကြည့်မယ်ဆိုရင်လည်း အလုပ်ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ လူဦးရေတိုးပွားလာတာနဲ့အမျှ
နေထိုင်စရာအတွက် မြေဈေးနှုန်းကလည်း တရှိန်ထိုး တက်နေတာပါ။

"ရန်ကုန်မြို့ရဲ့တစ်ပေပတ်လည်ဈေးနှုန်းကို တွက်ကြည့်ရင် ကျွန်တော် အခု နီးစပ်ရာကို
လိုက်မေးကြည့်တော့ တစ်ပေပတ်လည်ကို အနည်းဆုံး ရှစ်သိန်းလောက်ရှိမယ်။ ဟောဒီလမ်းက
ပေ ၈၅၀ ရှိတယ်။ သိန်းပေါင်း ရှစ်သောင်းကျော်လောက် တန်တဲ့မြေကို ပြန်ပြီးတော့ရလိုက်တယ်"လို့
ဇူလိုင် ၂ ရက်နေ့က ကျင်းပခဲ့တဲ့ ၃၁ လမ်းနဲ့ ၃၂ လမ်းကြား စီမံကိန်းဖွင့်ပွဲကို တက်ရောက်လာခဲ့တဲ့
၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။

"ငွေကြေးနဲ့တွက်ရင် အခြေခံနှုန်းပဲ ရှိသေးတယ်။ တကယ့်အမြတ်အစွန်းတွေကို တွက်တဲ့အခါ
ကျန်းမာရေးနဲ့ ပတ်သက်ပြီး တိုးတက်လာမယ်။ လူတွေ စည်းကမ်းကောင်းလာတယ်"လို့လည်း
သူက ဆိုခဲ့ပါသေးတယ်။

ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

မြို့တွင်းကစားကွင်း

ဒီပရောဂျက်ရဲ့အကျိုးကို သိသိသာသာ ခံစားရတာကတော့ ကလေးတွေပါပဲ။

"ကလေးတွေအတွက် ကောင်းတယ်။ နီးနီးနားနားလေး သူတို့ဆော့လို့လည်း အဆင်ပြေတာပေါ့။
ကျန်းမာရေးအတွက်လည်း ကောင်းတယ်။ အမှိုက်မပစ်တော့ အစစအရာရာ အဆင်ပြေတာပေါ့ " လို့
ဒေါ်ဖြူဖြူလွင်က ပြောပါတယ်။

သူတို့မိသားစုက မြို့လယ်ကောင်မှာ နေထိုင်ကြတာဖြစ်ပြီး သူ့မှာ ၁၀ နှစ် အရွယ် သားလေးတစ်ဦး
ရှိပါတယ်။ ဒါပေမဲ့ မြေညီထပ်အခန်းတွေမှာ နေထိုင်သူတွေကတော့ ဒီစီမံကိန်းနဲ့ ပတ်သတ်ပြီး
စိတ်အားတက်ကြွမှု အပြည့်အ၀ ရှိသလားဆိုတာကိုတော့ သိပ်မသေချာလှပါဘူး။

"လူများတဲ့ (လာဆော့တဲ့ ကလေးတွေ) အချိန်ဆိုရင်တော့ တံခါးတော့ ပိတ်ထားရတယ်"လို့
နောက်ဖေးလမ်းကြား ပြုလုပ်ထားတဲ့ ဧရိယာအတွင်းက မြေညီထပ်မှာ နေထိုင်သူတစ်ယောက်က
ပြောပါတယ်။

ဒါပေမဲ့ သူ့အိမ်နောက်ဖေးမှာ ပြေးလွှားနေတဲ့ မြေကြွက်ကြီးတွေကို မြင်နေရတာထက်စာရင်
ကလေးတွေ ဆော့ကစားနေတာတွေကို မြင်ရတာ ပိုပြီးနှစ်သက်စရာကောင်းပါတယ်လို့ ဆိုပါတယ်။

ဒီကြိုးစားအားထုတ်မှုက မြို့ထဲကကျောင်းတွေအတွက်လည်း အကျိုးအမြတ် ရရှိကြပါသေးတယ်။

မြို့ထဲက တိုက်ကျောင်းအများစုမှာ ကလေးတွေ လွတ်လွတ်လပ်လပ်ကစားဖို့ နေရာအကျယ်ကြီးမရှိကြပါဘူး။

"အပေါ်ဆုံးထပ် (ခြောက်လွှာမှာ)တော့ ဆရာမတို့က စာကြည့်တိုက် လုပ်ပေးထားတယ်။ သိပ္ပံခန်း
လုပ်ပေးထားတယ်။ တစ်ခြမ်းကို အားကစားခန်းတော့ လုပ်ပေးထားတယ်။ ဒါပေမဲ့ အပေါ်ဆုံးထပ်
ဖြစ်တဲ့အတွက် တအားကြီးတော့ ပြေးပြေးလွှားလွှား ကစားလို့တော့ မရဘူး" လို့ ကျောက်တံတား
အလက(၁) ကျောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်မွန်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"ဒီလို နောက်ဖေးလမ်းကြားလေးရှိတော့ ကိုယ့်ကလေးတွေအတွက် ပိုပြီးတော့ အဆင်ပြေတာပေါ့။
အဲဒီတော့ ဆရာမတို့လို မြို့ထဲကျောင်းတွေ၊ အထပ်မြင့်ကျောင်းတွေနဲ့နီးရင် ပိုအဆင်ပြေတယ်"လို့
ဆိုပါတယ်။

နောက်ဖေးလမ်းကြားတွေရဲ့ နောက်ကွယ်

မြန်မာတိုင်း(မ်)က ပရောဂျက်တွေအကုန်လုံးကို ကိုယ်တိုင်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အံဩစရာကောင်းတာက ပန်းဘဲတန်းမြို့နယ်ထဲက ပထမဆုံးပရောဂျက်က ပိတ်ထားတာပါပဲ။

"ပိတ်ထားတယ်ဆိုတာက လောလောဆယ် လူမ၀င်အောင် လုံခြုံရေး အရ ပိတ်ထားတာပေါ့" လို့
အဲဒီနောက်ဖေးလမ်းကြားစီမံကိန်းကို ဦးဆောင် လှုပ်ရှားသူတွေထဲက တစ်ယောက်ဖြစ်တဲ့
ဦးခင်မောင်လတ်က ပြောပါတယ်။

အဲဒီစီမံကိန်းက တိုက်တစ်တိုက်ရဲ့ နောက်ဖေးလေးကိုပဲ အလှဆင် ပြုပြင်ထားတာပါ။ ဒီလိုအဖြစ်မျိုး
တတိယမြောက်စီမံကိန်းမှာတော့ မဖြစ်နိုင်တော့ပါဘူးလို့ ဒို့အိမ်က အာမခံပြောဆိုပါတယ်။

ပထမဆုံးစီမံကိန်းက တိုက်တစ်တိုက်ရဲ့ လုံခြုံရေးအတွက် စဉ်းစားစရာဖြစ်ပေမဲ့ တတိယမြောက်
စီမံကိန်းကတော့ တစ်ဘလောက်စာ နောက်ဖေးလမ်းကြားတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တာပါ။

အဲဒီတော့ ပထမဆုံးလုပ်ခဲ့တဲ့ လမ်းကြားစီမံကိန်းက မအောင်မြင်ဘူးလို့ ဆိုနိုင်ပါသလားအပေါ်
အောင်မြင်ပါတယ်ဆိုတဲ့ အဖြေကို ပေးလိုက်သူကတော့ ဦးခင်မောင်လတ်ပါ။

ပထမဆုံး နောက်ဖေးလမ်းကြား ဥယျာဉ်က နောက်ပိုင်းလမ်းကြားတွေ ဖန်တီးရာမှာ
အထောက်အကူဖြစ်စေဖို့ ရှေ့ဆောင်နမူနာအနေနဲ့ ပြုလုပ်ခဲ့တာပါလို့ သူကဆိုပြီး အဲဒီနမူနာ
ပန်းခြံငယ်လေးက ပြည်သူလူထုကြားမှာ စိတ်ဝင်းစားမှုတွေ ရရှိခဲ့တယ်လို့လည်း သူကဆိုပါတယ်။

"ပန်းခြံကတော့ အသက်မ၀င်ပေမဲ့ အစပျိုးခဲ့တာပေါ့" လို့ သူကဆိုပါတယ်။

ဒုတိယစီမံကိန်းအဖြစ် ပြုလုပ်ခဲ့တဲ့ ၃၉ လမ်းနဲ့ ဆိပ်ကမ်းသာလမ်းကြား နောက်ဖေးဥယျာဉ်ကိုတော့
ရပ်ကွက်နေထိုင်သူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ တနင်္လာနေ့ ကလွဲလို့ နေ့တိုင်း မနက် ၉ နာရီကနေ
ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားပါတယ်။

"စနေ၊ တနင်္ဂနွေမှာ အများစု လာကစားလိုက်တော့ တနင်္လာနေ့ဆို လာမှာမဟုတ်တော့ဘူးလေ။
ကျောင်းကလည်း အဲဒီအချိန်ကျတော့ ကလေးတွေက ပင်ပန်းပြီး ဆင်းဆော့မှာ မဟုတ်တော့ဘူး။
တနင်္လာနေ့ကျရင် လိုအပ်တာတွေ ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့၊ သန့်ရှင်းရေး လုပ်ဖို့
ပိတ်ရက်သတ်မှတ်လိုက်တာ"လို့ အဲဒီစီမံကိန်းရဲ့ ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးမျိုးညွန့်က
ပြောပါတယ်။

ပျမ်းမျှအားဖြင့် နေသာတဲ့ ရက်ဆိုရင် ကလေး ၃၀ က နေ ၄၀ ၀န်းကျင် လာကစားတတ်တယ်လို့လည်း
သူက ပြောပြပါတယ်။

အဲဒီဒုတိယစီမံကိန်းက လုံးဝအောင်မြင်သလားဆိုတဲ့အပေါ် လုံးဝနီးပါးအောင်မြင်တယ်လို့
သူက အဖြေပြန်ပေးပါတယ်။

"အမှိုက်က ထပ်မပစ်ချဘူး။ လာကစားတဲ့သူတွေ အတွက် ပုံးသုံးပုံး ထားပေးထားတယ်။
အဲဒါကိုတောင် လာကစားတဲ့သူတချို့က အမှိုက်ပုံးထဲမှာ မထည့်တာရှိတယ်။ ဘူးလေးတွေ၊
ကြွပ်ကြွပ်အိတ်လေးတွေ ထားသွားတာလောက်ပဲ ရှိတာပေါ့"လို့ ဦးမျိုးညွန့်က ပြောပါတယ်။

ဒီမိုကရေစီ လက်တွေ့ကျင့်သုံးမှုတစ်ခု

နောက်ဖေးလမ်းကြားစီမံကိန်းတွေအတွက် အခြေခံ ပြင်ဆင်မှုတွေဖြစ်တဲ့ ကွန်ကရစ်ကြမ်းခင်း
ပြုလုပ်ပေးခြင်း၊ ရေနုတ်မြောင်းပြုပြင်ပေးခြင်းတွေကိုတော့ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးက
အကုန်အကျခံ ဆောင်ရွက်ပေးပါတယ်။

လမ်းရှင်းလင်းခြင်း၊ အလှဆင်ခြင်းနဲ့ ဆေးသုတ်ခြင်းကိစ္စတွေကိုတော့ ဒို့အိမ်အဖွဲ့က ၈၀ ရာခိုင်နှုန်းနဲ့
ရပ်ကွက်နေပြည်သူတွေက စုပေါင်းပြီး ၂၀ ရာခိုင်နှုန်း အကုန်အကျခံကြပါတယ်။ (ဒို့အိမ်အဖွဲ့က
သူ့ရန်ပုံငွေကို ဒိန်းမတ်သံရုံးနဲ့ ကိုကာကိုလာတို့လို စပွန်ဆာတွေထံက ရရှိပါတယ်။)

"အခုဆို မြန်မာနိုင်ငံက ဒီမိုကရေစီနိုင်ငံဖြစ်နေပြီ။ ပြည်သူတွေကိုယ်တိုင် ပူးပေါင်းပါဝင်ပြီး
သူတို့ပတ်ဝန်းကျင်ကို ဖန်တီးနိုင်တဲ့ အခြေအနေလည်း ဖြစ်နေပြီ။ ပြည်တွင်းစွန့်ဦးတီထွင်သူတွေ
ကိုလည်း အားပေးရမယ်" လို့ ဒို့အိမ်လူမှုရေးအဖွဲ့အစည်းကို တည်ထောင်တဲ့ Emilie က ပြောပါတယ်။

ဒို့အိမ်ရဲ့ ဦးတည်ချက်က ပထမဆုံးတွန်းအားအနေနဲ့ စီမံကိန်းကို စတင်ပေးဖို့ပဲဖြစ်ပြီး နောက်ပိုင်းမှာ
နောက်ဖေး လမ်းကြားဥယျာဉ်ကို ရေရှည်ထိန်းသိမ်းဖို့က နေထိုင်သူတွေရဲ့တာဝန်ပဲလို့
သူက မြန်မာတိုင်း(မ်)ကို ရှင်းပြပါတယ်။

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက တတိယ စီမံကိန်းရဲ့ဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။

နောက်ဖေးလမ်းကြားမှာ အမှိုက်ဆက်ပစ်နေသေးတဲ့ အိမ်တွေကို ရေနဲ့ လျှပ်စစ်မီးဖြတ်တောက်မယ်
လို့လည်း သူ့မိန့်ခွန်းထဲမှာ သတိပေးပြောကြားခဲ့ပါတယ်။

ဒါကြောင့် ဒီပရောဂျက် ရေရှည်ဆက်သွားနိုင်ဖို့က ပြည်သူတွေပေါ်မှာပဲ မူတည်နေပါတယ်။

တခြားစီမံကိန်းတွေကို လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ကျောက်တံတား၊
ပန်းဘဲတန်းနဲ့ စမ်းချောင်းမြို့နယ်တွေမှာလည်း နောက်လ ဩဂုတ်လက စတင်ပြီး
ဆက်အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။