ဖေ့စ်ဘွတ်ခ်ကျေးဇူးနဲ့ ပရိသတ်အချစ်တော်ဖြစ်လာတဲ့ အေးဝတ်ရည်သောင်း (ခ) မအေးသောင်း

မအေးသောင်းကို သူပါဝင်သရုပ်ဆောင်နေတဲ့ 'မင်္ဂလာရှိသောအရပ်' ဇာတ်လမ်းတွဲအတွက် ရိုက်ကွင်းပြုလုပ်ထားတဲ့ သုဝဏ္ဏရှိ နေအိမ်တစ်အိမ်မှာ ဇူလိုင် ၇ ရက်က တွေ့ရစဉ်။ မျိုးဆက်/မြန်မာတိုင်း(မ်)မအေးသောင်းကို သူပါဝင်သရုပ်ဆောင်နေတဲ့ 'မင်္ဂလာရှိသောအရပ်' ဇာတ်လမ်းတွဲအတွက် ရိုက်ကွင်းပြုလုပ်ထားတဲ့ သုဝဏ္ဏရှိ နေအိမ်တစ်အိမ်မှာ ဇူလိုင် ၇ ရက်က တွေ့ရစဉ်။ မျိုးဆက်/မြန်မာတိုင်း(မ်)

မြန်မာဝတ်စုံဝမ်းဆက်လေးတွေ ၀တ်ဆင်လေ့ရှိတဲ့ သူ့အလှက မြင်ရသူကို စိတ်အေးချမ်းသွားအောင်
ဆွဲဆောင်နိုင်တယ်လို့ သူ့ကိုချစ်တဲ့ပရိသတ်တွေက ညွှန်းဆိုကြပါတယ်။

ဆံပင်ရှည်လေးတွေက အလှအပေါ် အယဉ်ဆင့်ပြီး သူ့ကို ကျက်သရေရှိစေတယ်လို့လည်း
ဖွဲ့ဆိုကြပါတယ်။

သူက ကဗျာလေးတွေကိုလည်း ချစ်တတ်သူတစ်ယောက်ပါ။ သူက ဘယ်သူဖြစ်မယ်ထင်ပါသလဲ ...။

မော်ဒယ်လုပ်တာ၊ သရုပ်ဆောင်အလုပ်အပြင် သီချင်းသီဆိုတာကိုလည်း ၀ါသနာပါသူ
တစ်ယောက်ဖြစ်ပြီး လတ်တလော ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေပန်အစားဆုံး အနုပညာရှင်တစ်ယောက်လို့
ဆိုနိုင်တဲ့သူ တစ်ယောက်ပါ။ ကဲ .. ဒါဆိုရင် .. ထပ်မေးပါမယ် .. သူက ဘယ်သူဖြစ်မယ်လို့
ထင်ပါသလဲ။

အေးဝတ်ရည်သောင်း (ခ) မအေးသောင်း ဆိုတာ စာဖတ်ပရိသတ်တွေ ခန့်မှန်းမိလောက်ကြမှာပါ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်အချိန် ဆယ်ကျော်သက်အရွယ်မှာ အနုပညာလောကထဲကို
ရောက်ရှိလာခဲ့တဲ့ သူဟာ အနုပညာအလုပ်တွေကို ခပ်စိပ်စိပ်လုပ်လိုက်၊ ခပ်ကြဲကြဲဖြစ်လိုက်ရာကနေ
၂၀၁၁ ခုနှစ်လောက်မှာ ပရိသတ် တွေ မြင်ကွင်းအောက်ကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။

ဒါပေမဲ့ သူ့ကိုယ်သူ 'ပေါက်စီ'လို့ ရည်ညွှန်းသုံးနှုန်းလေ့ရှိတဲ့ အေးဝတ်ရည်သောင်းဟာ
ပြီးခဲ့တဲ့နှစ်ကစလို့ အနုပညာလောကထဲကို တစ်ကျော့ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။

သူပါဝင်သရုပ်ဆောင်ထားတဲ့ 'ရတနာပုံ' ဇာတ်လမ်း တွဲကိုလည်း လတ်တလောမှာ Channel 7 နဲ့
mntv ရုပ်သံလိုင်းတို့မှာ ပြသနေပါတယ်။

"အနုပညာလောကကနေ နားနေတဲ့အချိန်မှာ British Council မှာ အင်္ဂလိပ်စာတက်တယ်။
အဲဒါပြီးတော့ Business Management တက်တယ်။ British Council မှာ တက်တာကလည်း 
Business Management စာမေးပွဲဖြေဖို့ အင်္ဂလိပ်စာအားနည်းတဲ့အတွက် တက်တာပါ။ ပြီးတော့မှ
အင်္ဂလန်က စာမေးပွဲကို ဒီကနေ ဖြေတယ်။ အဲဒီမှာ အင်္ဂလန်က အသိအမှတ်ပြုတဲ့ 
Advanced Diploma ကို ၂၀၁၃ မှာ ရခဲ့တယ်"လို့ အနုပညာလောကကနေ ခေတ္တထွက်သွားချိန်မှာ
လုပ်ဖြစ်တာတွေကို အေးဝတ်ရည်သောင်းက ပြောပြပါတယ်။

သူလိုချင်တဲ့ ပညာရေးအပိုင်းကို ပြီးမြောက်တဲ့ အခါမှာတော့ ကိုယ်ပိုင်စီးပွားရေးအနေနဲ့
'ရွှေလွန်းသံ' ဆိုတဲ့ ပိုးထည်ချည်ထည်နဲ့ ရိုးရာအထည်ဆိုင်ကို ၂၀၁၄ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး
၂၀၁၆ ခုနှစ်မှာတော့ ဒုတိယမြောက်ဆိုင်ကို 'ရွှေချည်လွှာ' ဆိုတဲ့အမည်နဲ့ ဖွင့်လှစ်ခဲ့ပါတယ်။

"ရွှေလွန်းသံကတော့ ပြည်တွင်းက ပိုးထည်နဲ့ ရိုးရာအထည်လေးတွေကိုရောင်းပြီး ရွှေချည်လွှာဆိုင်မှာ
ထိုင်းနဲ့ တရုတ်က သွင်းတဲ့ ချည်ထည်ဒီဇိုင်းအဆန်းလေးတွေကို ရောင်းချပေးပါတယ်။ ပြောရရင်
တစ်ခုက ပွဲနေပွဲထိုင်အတွက်၊ နောက်တစ်ခုက နေ့စဉ်ပေါ့ပေါ့ပါးပါးဝတ်ဖို့အတွက်ပေါ့" လို့
ပရိသတ်တွေကြားမှာ 'မအေးသောင်း' ရယ်လို့ ရေပန်းစားနေတဲ့ အေးဝတ်ရည်သောင်းက ဆိုပါတယ်။

လတ်တလောလေးကမှစပြီး ဖေ့စ်ဘွတ်ခ်မှာ အရမ်းကိုရေပန်းစားလာပေမဲ့ တကယ်တမ်းကျတော့
၂၀၀၄ ခုနှစ်လောက်ကတည်းက ဖေ့စ်ဘွတ်ခ်ကို စတင်အသုံးပြုလာခဲ့တာလို့လည်း သူက ဆိုပါတယ်။

"ပထမဆုံး ဖေ့စ်ဘွတ်ခ်စသုံးတုန်းက Lizzy Paukc ဆိုတဲ့ နာမည်နဲ့သုံးတာ။ နောက် ဖေ့စ်ဘွတ်ခ်က
ကိုယ်ရဲ့ ID ကိုတောင်းလာတော့ ID အမှန်ကို ပေးရတာပေါ့။ အဲဒီမှာ Sir name တို့ Last name တို့
ခွဲပြီးထည့်တယ်။ နောက် ဖေ့စ်ဘွတ်ခ်ဘက်က တကယ်တမ်း ခွင့်ပြုလိုက်တော့ Aye Thaung ဆိုပြီး
ဖြစ်လာတယ်။ ၀တ်ရည်ကတော့ ပြုတ်ခဲ့တယ်။ အဲဒီကတည်းကစပြီး Aye Thaung နာမည်
ဖြစ်နေတာပေါ့။ သေချာတော့ မသိပေမဲ့ ခန့်မှန်းခြေပြောရရင် Aye Thaung နာမည်နဲ့ သုံးနေတာ
သုံးလေးနှစ်လောက်တော့ ရှိတော့မယ်။ ဖေ့စ်ဘွတ်ခ်မသုံးခင်တုန်းက Friendster ဆိုတာကို
သုံးခဲ့ဖူးတယ်။ အခုခေတ်လူငယ်လေးတွေဆို သိတဲ့လူရှားမယ်ထင်တယ်"လို့လည်း ပြောပြပါတယ်။

ဓာတ်ပုံ - အေးသောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာမှဓာတ်ပုံ - အေးသောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ

ဓာတ်ပုံ - အေးသောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာမှဓာတ်ပုံ - အေးသောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ

သူ့ကို လူတွေ ဖေ့စ်ဘွတ်ခ်မှာ စတင်သတိထားမိလာတာက ဒီနှစ်ဇန်န၀ါရီလထဲမှာ 'ရတနာပုံ'
ဇာတ်လမ်းတွဲကို စတင်ရိုက်ကူးခဲ့တဲ့အချိန်ကနေ စခဲ့တာပဲလို့လည်း မအေးသောင်းက ဆိုပါတယ်။

"ရတနာပုံဇာတ်လမ်းတွဲ စရိုက်တဲ့အချိန်မှာ ရှူတင်က ပုံလေးတွေနဲ့ အစ်မကြိုက်တဲ့ ကဗျာလေးတွေ
ရေးပြီး တင်တုန်းက လူတွေ သတိထားမိလာတယ်။ နောက် ရတနာပုံဇာတ်လမ်းတွဲ စပြတော့ လူတွေ
ပိုစိတ်ဝင်စားလာတယ်။ နောက် Comment တွေမှာ ကဗျာဆရာတွေက ကဗျာလေးတွေ
ရေးလာကြတော့ တစ်ယောက်စကား တစ်ယောက်ပြောရင်းနဲ့ အေးဝတ်ရည်သောင်း အကောင့်မှာ
ဝင်ကြည့်ကြ။ ကဗျာတွေ ရေးထားတယ်။ ရယ်ရတယ်။ ပျော်ဖို့ကောင်းတယ်ဆိုပြီး ၀င်ကြည့်ရင်း
တစ်စတစ်စနဲ့ ကျယ်ပြန်သွားတယ်လို့တော့ ထင်တာပဲ"လို့ သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကို
လူတွေ စိတ်ဝင်စားမှုပိုလာပုံကို ပြောပြပါတယ်။

ဒါကြောင့် အနုပညာလောကကို ပြန်လည်ခြေချလာချိန်မှာ အခုလို အောင်မြင်ပြီး အနုပညာအလုပ်တွေ
အဆက်မပြတ်လုပ်နေရတာက ဖေ့စ်ဘွတ်ခ်ကနေ အားပေးလာကြတဲ့ ပရိသတ်တွေကြောင့်လို့လည်း
မအေးသောင်းက ခံယူထားပါတယ်။

"ဒီကြီးမားတဲ့ အပြောင်းအလဲမှာ ဖေ့စ်ဘွတ်ခ်က တော်တော်လေးကို လွှမ်းမိုးတယ်။ ဒါကြောင့်လည်း
အနုပညာ အလုပ်တွေ ပိုပြီးတော့လုပ်ရတယ်လို့လည်း ပြောနိုင်ပါတယ်"လို့ သူကဆိုပါတယ်။

"အစ်မတို့ အနုပညာစလုပ်တုန်းက ဖုန်းတောင် ခြင်းဖုန်းတွေ ကိုင်ရတာ။ အဓိက နည်းပညာ
အားနည်းတာပေါ့။ အရင်ခေတ်က ကိုယ်ရဲ့အနုပညာလှုပ်ရှားမှုတစ်ခု ပရိသတ်သိဖို့ဆိုရင်
ဂျာနယ်တွေကနေတစ်ဆင့် သွားရတယ်။ အဲဒီတုန်းက ဂျာနယ်တွေက အဲဒီခေတ်အနေအထားနဲ့ဆို
တော်တော်ကို မြန်တယ်ပြောရမယ်။ ကိုယ်တွေရဲ့ အနုပညာ လှုပ်ရှားမှုတွေကို
တစ်ပတ်တစ်ခါလောက်ကို ဖော်ပြပေးကြတယ်။ ဒါပေမဲ့ လက်ရှိအနေအထားနဲ့စာရင်တော့
အရမ်းကွာတာပေါ့" လို့လည်း လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကအချိန်နဲ့ လက်ရှိအချိန်မှာ
နည်းပညာကွာခြားသွားပုံကို လည်း ပြောပြပါတယ်။

"အခုကျတော့ နေ့စဉ်တောင်မဟုတ်ဘူး၊ စက္ကန့်တိုင်း ပရိသတ်နဲ့ ထိတွေ့လို့ရတယ်။ အခုချက်ချင်းပုံတင်
အခုချက်ချင်း သူတို့ဆီက တုံ့ပြန်မှုကိုရမယ်ဆိုတော့ ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့မှုက အရမ်းကို
လွယ်ကူပြီး မြန်ဆန်သွားတယ်။ အရင်ခေတ်က ကိုယ့်ရဲ့အနုပညာတစ်ခုကို ပြဖို့က တကူးတကကို
အားစိုက်ထုတ်ရတယ်"လို့လည်း မအေးသောင်းက ပြောပါသေးတယ်။

အစောပိုင်းက ပြောခဲ့သလို သူက ကဗျာလေးတွေကို ကြိုက်နှစ်သက်သူ တစ်ယောက်ပါ။
ကဗျာရွတ်ဆိုပွဲတွေမှာ ပါဝင်ရွတ်ဖတ်လေ့ရှိသလို ကိုယ်တိုင်လည်း ကဗျာလေးတွေ ရေးလေ့ရှိသူပါ။
သူ့ကို ဖေ့စ်ဘွတ်ခ်မှာ လူသိများစေတဲ့ အချက်တွေထဲက တစ်ချက်ကတော့ ကဗျာဆရာတွေ
သူ့ပုံအောက်က Comment မှာ သူ့အလှကိုဖော်ညွှန်းတဲ့ ကဗျာတွေကို ၀င်ရောက်ရေးသား
ပေးတာကြောင့်ပဲ ဖြစ်ပါတယ်။

"ကိုယ့်အတွက်ရေးထားတဲ့ ကဗျာလေးတွေမှာ တချို့ဟာလေးတွေက ဖတ်ရတာ တော်တော်ကြည်နူးဖို့
ကောင်းတယ်။ အစ်မက ကဗျာလေးတွေ ကြိုက်တယ်။ ရေးတော့ မရေးတတ်ဘူး။ ကိုယ်ခံစား
ရတာလေးကိုပဲ နည်းနည်းလေး လှအောင်လောက်ပဲ ရေးတတ်တာ။ အခု ကိုယ့်အကောင့်မှာ
ရေးထားတဲ့ ကဗျာတွေကြည့်တော့ ကိုယ့်ထက်အများကြီးသာအောင် ရေးတတ်တဲ့ လူတွေလည်း
တွေ့ရတယ်။ ယောက်ျားလေးတွေရော မိန်းကလေးတွေပါ ရေးပေးကြတယ်။

"မိန်းကလေးတွေ ရေးပေးတာကို ပိုသဘောကျတယ်။ မိန်းကလေးအချင်းချင်း ရေးတာကတော့
အစ်မအတွက် ပိုထူးဆန်းတယ်။ ယောက်ျားလေးက မိန်းကလေးတစ်ယောက်ကို ရေးတာလည်း
သိပ်မထူးဆန်းဘူး။ မိန်းကလေးကလည်း ယောက်ျားလေးကိုရေးတာ သိပ်မထူးဘူး။ ဒါပေမဲ့
မိန်းကလေးအချင်းချင်း ချစ်လို့ရေးတာကတော့ အစ်မအတွက် ပိုထူးဆန်းတယ်။ ကိုယ်ကြိုက်တဲ့
ကဗျာလေးတွေတွေ့ရင်တော့ Screen Shot ရိုက်ပြီး သိမ်းထားလိုက်တယ်"လို့
အေးဝတ်ရည်သောင်းက ဆိုပါတယ်။

ကဗျာတွေကို ချစ်တဲ့သူက အဆိုလည်း ၀ါသနာပါတာကြောင့် 'မောင့်ကဗျာသို့... လွမ်းချင်း' ဆိုတဲ့
သီချင်း MTV လေးကို ဇူလိုင် ၁၀ ရက်နေ့က သူ့ရဲ့ဆိုရှယ်စာမျက်နှာမှာ တင်ခဲ့ပါသေးတယ်။

"သီချင်းလေးကို အစ်မခင်တဲ့ တေးရေးဆရာ လင်းထက်က အစ်မအတွက် သီချင်းစပ်ပေးထားတယ်
ဆိုပြီး ဆိုပြတယ်။ အဲဒါနဲ့ အရမ်းကြိုက်သွားပြီး မဆိုတတ်ဆိုတတ်နဲ့ ဆိုထားပါတယ်"လို့ဆိုပါတယ်။

အဲဒီသီချင်းဗီဒီယိုထဲမှာ နေတိုးနဲ့အတူ သရုပ်ဆောင်ထားပြီး သီချင်းလေးက အဆွေးသီချင်း
အေးအေးလေးပါ။ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ တင်လိုက်ပြီး တစ်နာရီအတွင်းမှာပဲ ကြည့်ရှုသူ
ကိုးသောင်းကျော် ရှိခဲ့ပါတယ်။ အခုနောက်ပိုင်း ဖေ့စ်ဘွတ်ခ်မှာ Live လွှင့်လာတာက မြန်မာပြည်က
အနုပညာရှင်တွေကြားမှာ တော်တော်လေး ခေတ်စားလာတော့ မအေးသောင်းကလည်း
တစ်ခါတလေမှာ ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့မှုလေးတွေ လုပ်ချင်လို့ လိုက်ဖ်လွှင့်တာရှိပေမဲ့
သူ့အတွက်တော့ မလွယ်ကူတဲ့ အလုပ်တစ်ခုပါလို့ ဆိုပါတယ်။

ဓာတ်ပုံ - အေးသောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာမှဓာတ်ပုံ - အေးသောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ

ဓာတ်ပုံ - အေးသောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာမှဓာတ်ပုံ - အေးသောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ

"ဖေ့စ်ဘွတ်ခ်မှာ အစ်မ Live လွှင့်တာက လက်ချိုးရေလို့ရတယ်။ လိုက်ဖ်လွှင့်ပြီးရင်လည်း အကြာဆုံး
တစ်နာရီ လောက်ထားပြီး ပြန်ဖြတ်ဖြစ်တာ။ စလွှင့်တဲ့လိုက်ဖ်က ၂၀၁၆ နိုဝင်ဘာလောက်က
ကားပေါ်မှာ သွားနေရင်းနဲ့ မုန့်သွား စားတယ်ဆိုပြီး တင်ဖြစ်တာ။ ဒါပေမဲ့ အရမ်းရှက်လို့ဆိုပြီး ခဏနဲ့ပဲ
ပြန်ပိတ်လိုက်တယ်။ အဲဒါနဲ့ ပတ်သက်ရင် အားနည်းတယ်။ ဘယ်လိုပြောရမလဲ မကျွမ်းကျင်ဘူးပေါ့။
လိုက်ဖ်လွှင့်ပြီဆို သူများတွေလိုလည်း မပြောတတ်ဘူး။ အဲဒါကြီး ပွင့်လာပြီဆို ဘာလုပ်ရမှန်း
မသိတော့ဘူး။ နာမည်ပဲခေါ်ရမှာလား။ ကိုယ်ပြောချင်တာပြောလိုက်လို့ အောက်က နာမည်မခေါ်မိရင်
စိတ်မကောင်းဖြစ်သွားမှာလားဆိုပြီး စိုးရိမ်တာပေါ့။ သူများတွေ လိုက်ဖ်လွှင့်တာကို ကြည့်ရင်
ကောင်းလိုက်တာ ပြောတတ်လိုက်တာဆိုပြီး အရမ်းကိုကြည့်လို့ကောင်းပြီး ကြာလို့ကြာမှန်းကို
မသိဘူး။ ကိုယ်ကျတော့ ဖုန်းကိုပဲ ပြူးကြည့်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်တတ်တယ်"လို့
သူ့ရဲ့ဖြစ်ပုံကို ပြောပြပါတယ်။

ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေပန်းစားလာခြင်းက သူ့ကို ကုန်ပစ္စည်းတစ်ခုရဲ့ သံတမန်တစ်ယောက်လည်း
ဖြစ်လာစေခဲ့ပါတယ်။

မအေးသောင်းဟာ ဒီလထဲမှာပဲ Remax တံဆိပ်ဖုန်းနဲ့ ဆက်စပ်ပစ္စည်းထုတ်ကုန်ရဲ့ သံတမန်အဖြစ်
ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း အနုပညာလျှောက်လှမ်းမှုမှာ ဒါဟာ ပထမဆုံး သံတမန်
ဖြစ်လာတာတော့ မဟုတ်ပါဘူး။ ၂၀၀၀ ပြည့်နှစ်လောက်က M&Co. ဆိုတဲ့ အလှကုန်ပစ္စည်းရဲ့
သံတမန်အနေနဲ့လည်း စာချုပ်တစ်နှစ်ချုပ်ခဲ့ဖူးပါတယ်။

"အဲဒီတုန်းကဆို တော်တော်ငယ်သေးတယ်။ သံတမန်တစ်ယောက်ရဲ့ တာဝန်ကတော့ ကိုယ်နဲ့
လက်တွဲထားတဲ့ ကုန်ပစ္စည်းကပေးတဲ့ လှုပ်ရှားမှုတွေပေါ် မူတည်ပြီး လုပ်ဆောင်ရတာတွေကတော့
ကွာခြားတာပေါ့"လို့ သူက ဆိုပါတယ်။

အခုနောက်ပိုင်း သူ့ကိုဆိုရင် ပိတ်စအဆင်လှလှလေးတွေကို မြန်မာဝတ်စုံဝမ်းဆက်လေးတွေ
ချုပ်ဝတ်တတ်သူ ရယ်လို့ တွဲသိကြတာမို့ ၀တ်စုံလေးတွေကို ဘယ်သူတွေ ချုပ်ပေးလည်း
ဆိုတာကလည်း စိတ်ဝင်စားစရာပါ။

"အစ်မကို နေ့စဉ်ဝတ်ဖို့ ချုပ်ပေးကြတာက လှည်းတန်းက မချိုရယ်၊ မင်းဓမ္မက မနီနီတို့ ချုပ်ပေးတယ်။
ပွဲတက်ကတော့ ဒီဇိုင်နာကိုလတ်က အများဆုံးချုပ်ပေးပါတယ်။ ကျန်တဲ့ဒီဇိုင်နာတွေလည်း
အဆင်ပြေရင်ပြေသလို ချုပ်ပေးကြပါတယ်"လို့ဆိုပြီး လတ်တလောမှာတော့ ဒေါ်မေရှင်တို့ခေတ်ကလို
ခါးနည်းနည်းပွပွပုံစံမျိုးလေးတွေကို ကြိုက်မိနေတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံရိုက်တဲ့အခါ အိုင်တင်ပုံစံတွေကလည်း ရိုးရိုးလေးနဲ့ ဆန်းနေတာမို့ ဒီလိုဓာတ်ပုံလှလှလေးတွေ
အမြဲ ရိုက်ပေးတာက ဘယ်သူတွေဖြစ်မလဲဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။

"ဘယ်သူတွေ ရိုက်ပေးလည်းဆိုတော့ အစ်မနားမှာ ရှိတဲ့လူကိုပဲ ရိုက်ခိုင်းတယ်။ ကိုယ်ရိုက်ချင်တဲ့
နေရာမှာ ကိုယ်လိုချင်တဲ့ အနေအထားကို ရိုက်မယ့်လူကိုချိန်ပေးပြီး ပြေးပြီးသွားရိုက်တာကတော့
များပါတယ်"လို့ဆိုပြီး သူ့ပုံလေးတွေကို Instagram မှာပဲ အဓိက ပြင်ဖြစ်တယ်လို့လည်း
ပြောပြပါတယ်။ တချို့တွေကတော့ ခုလိုအောင်မြင်လာမှ ပုံတွေပိုတင်ပြီး လူတွေသိလာအောင်
တမင်လုပ်ယူထားတယ်လို့ ပြောဆို ကြတာမျိုးလည်း ရှိပါတယ်။

"အစ်မရဲ့ ဖေ့စ်ဘွတ်ခ်က အရင်ကလည်း ဒီအတိုင်းပဲ။ ကိုယ်နေထိုင်မှုပုံစံလေးအတိုင်းပဲ သုံးတယ်။
ပရိသတ်ကလည်း တကူးတကလုပ်ယူထားတာမဟုတ်တဲ့ နဂိုအတိုင်းလေးကို ကြိုက်တာကိုပဲ
ကျေနပ်မိတယ်။ လုပ်ယူထားတာမျိုးဆို အစ်မလည်း ပင်ပန်းတယ်။ ဖေ့စ်ဘွတ်ခ်က အခုမှ
အားပေးသူများလာလို့ ပို့စ်တွေ အများကြီးတင်တာမျိုး မဟုတ်ဘူး။ အရင်ကလည်း
ကိုယ်လုပ်တာလေးတွေ တင်နေကြပါ။ အခုကျတော့ လှုပ်ရှားမှုလေးတွေ များလာတဲ့အတွက်
တင်တာတွေ များလာတာပါ။ မြန်မာဝတ်စုံလေးတွေနဲ့ တင်ဖြစ်နေတာကတော့ အရင်ကလို
ပုံမှန်အတိုင်းပါပဲ။ ဆိုင်သွားတိုင်းလည်း တင်ဖြစ်ပါတယ်"လို့ သူကဆိုပါတယ်။

'ရတနာပုံ' ဇာတ်လမ်းတွဲကတော့ လက်ရှိမှာ ပြသနေဆဲဖြစ်ပြီး အခု ဇူလိုင်လကစပြီး
'မင်္ဂလာရှိသောအရပ်' ဆိုတဲ့ ဇာတ်လမ်းတွဲကိုလည်း မြင့်မြတ်၊ စည်ဖြိုး၊ Kelvin Kate၊
နွယ်ဒါလီထွန်းတို့နဲ့ ရိုက်ကူးနေပါတယ်။

"အခုရိုက်နေတဲ့ ဇာတ်လမ်းတွဲကလည်း ရတနာပုံပြီးရင် ပြသမှာပါ။ အပိုင်းကတော့ ၂၀ ပဲ
ဖြစ်မယ်ထင်တယ်။ ရိုက်ကူးရက်ကတော့ ရက် ၄၀ ပေးထားပါတယ်။ ဇာတ်လမ်းတွဲအပြင် ဗီဒီယိုနဲ့
ရုပ်ရှင်ကားကြီးအတွက် ပြောထားတာ တွေတော့ရှိတယ်။ အစ်မ တေ့တေ့ဆိုင်ဆိုင်နဲ့ ကိုယ်လည်း
ရိုက်ချင်တဲ့ ဇာတ်လမ်းလည်းဖြစ် ဇာတ်ရုပ်လည်း လိုက်မယ့်ဟာကတော့ အစ်မ ရွေးနေတုန်းပါပဲ"လို့
သူကဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာဝတ်စုံလေးတွေနဲ့ မြန်မာဆန်ဆန်လှနေတာကို လူငယ်တွေ ချစ်မြတ်နိုး
တန်ဖိုးထားကြသေးတယ်ဆိုတာကို မအေးသောင်းရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်က follower
ခုနစ်သိန်းကျော်က သက်သေပြလို့ နေပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။