မြန်မာပန်းချီဈေးကွက် ဘယ်လိုအခြေအနေ ရှိနေသလဲ

ပန်းချီပြခန်းပိုင်ရှင် ဦးဩောင်မင်း စုဆောင်းထားတဲ့ ဗဂျီအောင်စိုးရဲ့ လက်ရာကား။ ဓာတ်ပုံ - Suppliedပန်းချီပြခန်းပိုင်ရှင် ဦးဩောင်မင်း စုဆောင်းထားတဲ့ ဗဂျီအောင်စိုးရဲ့ လက်ရာကား။ ဓာတ်ပုံ - Supplied

ဘယ်ဘက်နားရွက်တစ်ဖက် ဖြတ်ပစ်ခဲ့တဲ့ ကမ္ဘာကျော်ပန်းချီဆရာ ဗန်ဂိုးအကြောင်းကို
စဉ်းစားကြည့်လိုက်ပါ။

အနုပညာရှင်တွေဟာ ဒုက္ခတွေ၊ အဆင်မပြေမှုတွေကိုရင်ဆိုင်ရင်း ကိုယ့်ကိုယ်ကိုယ်
ညှဉ်းပန်းနှိပ်စက်ခဲ့ကြတာတွေဟာ ကျော်ကြားလူသိများပါတယ်။

ဒါဟာ ကောင်းလှတဲ့ သတင်းမျိုးတွေတော့ မဟုတ်ပါဘူး။ တချို့သောလူတွေဟာ သူတို့ရဲ့အနုပညာ
ဖန်တီးမှုတွေအပေါ်မှာ အားမလိုအားမရဖြစ်ပြီး ငြင်းခုံပြောဆိုကြတာတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ကို လေးစားအားပေးသူတွေရော ဘယ်လောက်တောင်ရှိနေခဲ့သလဲ။ ဒီလိုအဆင်မပြေမှု
ဒုက္ခတွေဟာ အနုပညာရှင်တွေအတွက် ရှိနေသင့်ရဲ့လား။ မြန်မာနိုင်ငံမှာဆိုရင်ကော ဒီလို
အဖြစ်မျိုးတွေဟာ ပိုပြီးတော့တောင်များနေမလား။

"ပန်းချီထိန်လင်းရဲ့ ပန်းချီကားတစ်ကားကို မက်မက်မောမော လိုချင်ခဲ့ဖူးတယ်။ ဘ၀မှာ
အကြိုက်ဆုံးကား တစ်ကား ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီကားကို ဘယ်တော့မှမရနိုင်တော့ဘူး"ဆိုတဲ့
သူကတော့ ပန်းချီဆရာတစ်ယောက် ဖြစ်သလို ပန်းချီပြခန်းပိုင်ရှင်တစ်ယောက်လည်းဖြစ်တဲ့
ကိုစိုးနှင်းအောင်ပဲဖြစ်ပါတယ်။

လိုချင်ခဲ့တဲ့ ပန်းချီကားကို ၀ယ်ယူဖို့ ငွေကြေးမတတ်နိုင်တာမို့ သူ့ဆန္ဒတွေကို
ထိန်းချုပ်ခဲ့ရပါတယ်လို့လည်း သူက ဆိုပါတယ်။

အဲဒီအချိန်ကတည်းက တစ်နေ့တစ်ချိန်မှာ ပြခန်းတစ်ခုဖွင့်လာနိုင်ဖို့မျှော်လင့်ခဲ့ပြီး ၂၀၁၅ ခုနှစ်
အရောက်မှာတော့ SNA ဆိုတဲ့ အမည်နဲ့ အနုပညာပြခန်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ သူလိုချင်တဲ့ ထိန်လင်းရဲ့ ပန်းချီကားကိုတော့ သူပိုင်ဆိုင်ခွင့် မရခဲ့ပါဘူး။

အမှန်တရားကို ရင်ဆိုင်ကြရအောင် ..။ သင်က ပန်းချီကားတွေကို ၀ယ်ယူစုဆောင်းရတာ
ဝါသနာပါတယ် ဆိုပါစို့။ ဒီအတွက် သင့်မှာ ငွေကြေးတောင့်တင်းခိုင်မာဖို့တော့ လိုအပ်ပါလိမ့်မယ်။
ဒါက တစ်ကမ္ဘာလုံးမှာ ဖြစ်နေတာမျိုးပါ။

ဒါပေမဲ့ မြန်မာနိုင်ငံက အနုပညာကိုချစ်မြတ်နိုးသူတွေအတွက်ကတော့ ပန်းချီကားတွေနဲ့
ထိတွေ့ခွင့်ရဖို့ဆိုတာ တခြားနိုင်ငံတွေမှာ ထက်စာရင် ပိုပြီးခက်ခဲပါလိမ့်မယ်။

တခြားနိုင်ငံတွေတော်တော်များများမှာတော့ အနုပညာချစ်သူတွေဟာ သူတို့ကိုယ်ပိုင်အနေနဲ့
ပန်းချီကားတွေ မ၀ယ်နိုင်ရင်တောင်မှ အနုပညာပြတိုက်တွေကိုသွားပြီး ပန်းချီကားတွေ၊ ပန်းပုတွေကို
မွေ့လျော်ခံစားနိုင်တဲ့ အခွင့်အရေးတွေ ရှိကြပါတယ်။

မြန်မာနိုင်ငံမှာတော့ အမျိုးသားပြတိုက်ရှိပေမဲ့ ပန်းချီပန်းပုလက်ရာတွေအတွက်
သီးသန့်အနုပညာပြတိုက်မျိုး တစ်ခုတလေတောင်မှ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့အတွက် အနုပညာကို
နှစ်သက်မြတ်နိုးသူတွေအတွက် သွားရောက်ခံစားစရာ နေရာကောင်းကောင်းတွေ ရှိမနေပါဘူး။

"အနုပညာကို လူတန်းစားအားလုံး ခံစားနိုင်အောင် လုပ်ပေးဖို့ဆိုတာ အနုပညာရှင်ဖြစ်တဲ့
ပန်းချီဆရာတွေက လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ အစိုးရကပဲ လုပ်ပေးနိုင်တယ်။ အများပြည်သူတွေ
သွားလာနိုင်မယ့်ပန်းခြံတွေမှာ အနုပညာရှင်တွေရဲ့ အနုပညာလက်ရာတွေထားဖို့ နေရာတွေ
ပေးသင့်တယ်။ တောင်ကိုရီးယားနိုင်ငံမှာဆို ပန်းခြံလိုနေရာတွေမှာ အနုပညာရှင်တွေအတွက်
နေရာတွေပေးပြီး တရားဝင်ခွင့်ပြုထားတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာတော့ ပြည်သူ့ရင်ပြင်လို
နေရာမျိုးမှာ ပြပွဲပြချင်ရင် ပန်းချီဆရာက အခန်းခပေးပြီးမှ ပြပွဲပြလို့ရတယ်"လို့ နိုင်ငံတကာတန်းဝင်
ပန်းချီပညာရှင်တစ်ဦးဖြစ်တဲ့ ပန်းချီမင်းဝေအောင်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

မင်းဝေအောင်ဟာ ၁၉၈၂ ခုနှစ်မှာ ရန်ကုန်အနုပညာအထက်တန်းကျောင်းကနေ ကျောင်းပြီးခဲ့ပြီး
ဖိနပ်အသစ်တစ်ရန် ၀ယ်စီးဖို့တောင် မတတ်နိုင်တာမို့ ဖိနပ်စုတ်ကိုစီးရင်း သူ့ရဲ့ပန်းချီဆရာဘ၀ကို
ရုန်းကန်ဖြတ်သန်းခဲ့ရသူပါ။

ပန်းချီဆရာသီးသန့်အနေနဲ့ ဘ၀ရပ်တည်ဖို့ ခက်ခဲတဲ့အတွက် ရုပ်ရှင်ပိုစတာတွေရေးရင်း၊ ပြခန်းမှာ
ပန်းချီဆွဲရင်း၊ ပြခန်းစောင့်လုပ်ရင်း သူ့ရဲ့ပန်းချီဆရာဘ၀ကို ဖက်တွယ်ရပ်တည်ခဲ့ရပါတယ်။

၁၉၈၈ ခုနှစ်လောက်အရောက်မှာတော့ ခုချိန်မှာ သူ့ရဲ့အောင်မြင်ကျော်ကြားတဲ့ လက်ရာတွေဖြစ်နေတဲ့
ဘုန်းကြီးနဲ့ မယ်သီလရှင် ပန်းချီကားစီးရီးတွေကို စတင်ဖန်တီးခဲ့ပြီး နိုင်ငံတွင်းရှိ သံရုံးတွေကနေ
နှစ်သက်လို့ ၀ယ်ယူအားပေးရင်းကနေ သူ့ရဲ့ပန်းချီဆရာဘ၀ဟာ တဖြည်းဖြည်းနဲ့
အဆင်ပြေလာခဲ့ရပါတယ်။

ခုချိန်မှာတော့ သူ့ပန်းချီကားတစ်ကားကို ဒေါ်လာသောင်းချီတဲ့ဈေးနဲ့ ရောင်းချနိုင်ပြီဖြစ်ပြီး
မြန်မာပန်းချီဆရာတွေထဲမှာ အနုပညာကြေးအများဆုံးရတဲ့ ပန်းချီဆရာတစ်ယောက်လည်း
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မြန်မာပန်းချီပညာရှင်တွေ နိုင်ငံတကာကို ထိုးဖောက်ဖို့မလွယ်ကူတဲ့အချိန်မှာ မင်းဝေအောင်ဟာ
သူ့ရဲ့အနုပညာပါရမီကြောင့်အပြင် ကံကောင်းမှုကြောင့်ပါ အများမရနိုင်တဲ့အခွင့်အရေးကို
ရရှိခဲ့တာဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်မှာ အမေရိကန်အစိုးရက ထောက်ပံ့ပေးတဲ့ အနုပညာဖလှယ်တဲ့ အစီအစဉ်တစ်ခုကနေ
ကမ်းလှမ်းခံရပြီး အမေရိကန်နိုင်ငံမှာ ပြပွဲသွားလုပ်ခွင့် ရခဲ့ပါတယ်။ မြန်မာပန်းချီဆရာတွေအတွက်
နိုင်ငံတကာမှာ ပြပွဲတွေလုပ်ဖို့ ခက်ခဲလှတဲ့အချိန်ဖြစ်ပေမဲ့လည်း ၁၉၉၃ ခုနှစ်မှာ ဂျပန်နိုင်ငံမှာ
သူ့လက်ရာတွေကို ထပ်ပြီး ပြသခွင့်ရခဲ့ပါတယ်။

၁၉၉၄ ခုနှစ်မှာတော့ စင်ကာပူက လူသိများတဲ့ပြခန်းတစ်ခုဖြစ်တဲ့ Art 2 Gallery နဲ့ ချိတ်ဆက်မိပြီး
အာဆီယံနိုင်ငံတွေမှာ သူ့အနုပညာလက်ရာတွေကို ချပြနိုင်ခဲ့ကာ နောက်ပိုင်းမှာ ဟောင်ကောင်ရှိ
Karin Weber ပြခန်းကြောင့် ဟောင်ကောင်ကနေတစ်ဆင့် ဥရောပပန်းချီဈေးကွက်အထိ
သူ့လက်ရာတွေဟာ ရောက်ရှိသွားပါတော့တယ်။

ဒီလိုဆိုတော့ မင်းဝေအောင်ဟာ မြန်မာပန်းချီပညာရှင်တွေကြားမှာ အဆိုးဆုံးအနေအထား
တစ်ခုကနေ အောင်မြင်မှုကိုရယူနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။

"ပန်းချီကားတစ်ချပ်ကို ဒေါ်လာ ၄,၅၀၀ နဲ့ရောင်းမယ်လို့ နိုင်ငံတကာဈေးကွက်မှာ သတ်မှတ်ထားရင်
ကိုယ့်နိုင်ငံအထိလာဝယ်တဲ့ ပြည်တွင်းဈေးကွက်မှာလည်း ဒီဈေးပဲ ဖြစ်ဖို့လိုပါတယ်။ ဒါမှ နိုင်ငံတကာက
ကိုယ့်ပန်းချီကားကိုရောင်းပေးတဲ့ ဂယ်လာရီအတွက်လည်း အဆင်ပြေနိုင်မယ်။ နိုင်ငံခြားမှာ
ရောင်းတဲ့ဈေးက တစ်ဈေးဖြစ်ပြီး ပြည်တွင်းမှာလာဝယ်တဲ့ဈေးက တစ်ဈေးဖြစ်နေတယ်ဆိုရင်
နိုင်ငံတကာက ကိုယ့်ပန်းချီကားကို ရောင်းပေးတဲ့သူတွေအနေနဲ့လည်း ဈေးကွက်မှာ ရပ်တည်ဖို့
ခက်ခဲပြီး ကိုယ့်အနေနဲ့လည်း နိုင်ငံတကာဈေးကွက်မှာ ကြာရှည်ရပ်တည် ထိုးဖောက်နိုင်ဖို့
ခက်ခဲပါတယ်"လို့ နိုင်ငံတကာဈေးကွက်မှာ ရပ်တည်နိုင်ဖို့ အဓိက အကျဆုံးအချက်ကို
ပန်းချီမင်းဝေအောင်က ရှင်းပြပါတယ်။

ပန်းချီ မင်းဝေအောင်ကို ရွှေတောင်ကြားရှိ သူ့ရဲ့အလုပ်ရုံအတွင်းမှာ သူ့ပန်းချီကားနဲ့အတူ ပြီးခဲ့တဲ့ သီတင်းပတ်က တွေ့ရစဉ်။ အောင်ခန့်/မြန်မာတိုင်း(မ်)ပန်းချီ မင်းဝေအောင်ကို ရွှေတောင်ကြားရှိ သူ့ရဲ့အလုပ်ရုံအတွင်းမှာ သူ့ပန်းချီကားနဲ့အတူ ပြီးခဲ့တဲ့ သီတင်းပတ်က တွေ့ရစဉ်။ အောင်ခန့်/မြန်မာတိုင်း(မ်)

မြန်မာပန်းချီဈေးကွက်

ပြည်တွင်းပန်းချီဈေးကွက်ဟာ နည်းလမ်းလေးသွယ်နဲ့ ရှင်သန်လည်ပတ်နေပြီး အားလုံးကိုတော့
တရားဝင် ဈေးကွက်အနေနဲ့ ရှိနေတယ်လို့မပြောနိုင်ပါဘူး။

ပထမဆုံးနည်းလမ်းတစ်ခုကတော့ နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်နိုင်တဲ့ မင်းဝေအောင်တို့လို
အနုပညာရှင်တွေ ကျင်လည်ရပ်တည်တဲ့ ဈေးကွက်ပါပဲ။

ဒီဈေးကွက်မှာတော့ ပန်းချီကားတစ်ချပ်ကို ဒေါ်လာ သောင်းချီပြီး တန်ကြေးရှိပါတယ်။ နောက်ထပ်
နည်းလမ်းတစ်ခုကတော့ နိုင်ငံတကာအဆင့်အထိ မထိုးဖောက်နိုင်သေးပေမဲ့ ပြည်တွင်းမှာပဲ
ကိုယ်ဖန်တီးမှုအသစ်တွေကိုချပြရင်း ပုံမှန်ရောင်းချလည်ပတ်နေတဲ့ ပြည်တွင်းဈေးကွက်အနေအထားပါ။
ဒီဈေးကွက်မှာတော့ ပန်းချီကားတစ်ချပ်ကို ဒေါ်လာရာဂဏန်းကနေ ထောင်ဂဏန်းအထိ ပန်းချီဆရာရဲ့
ထင်ပေါ် ကျော်ကြားမှုနဲ့ လက်ရာကိုလိုက်ပြီး ပန်းချီကားရဲ့တန်ဖိုးက အမျိုးမျိုးရှိပါတယ်။

တတိယအမျိုးအစားကတော့ နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ အောင်မြင်နေတဲ့ အနုပညာရှင်တွေရဲ့
ပန်းချီလက်ရာတွေကို ကော်ပီကူးဆွဲပြီး ရောင်းချနေတဲ့ဈေးကွက်ပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒါက
ဥပဒေအရ တရားမ၀င်ပါဘူး။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ လက်မှုအနုပညာပစ္စည်းတွေနဲ့ ပတ်သက်ပြီး
ခိုင်မာတိကျတဲ့ မူပိုင်ခွင့်ဥပဒေတွေ ရှိမနေတာကြောင့် ဒီလိုဈေးကွက်က အားကောင်းနေတာ
ဖြစ်နိုင်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ တရားမ၀င်ရောင်းချနေတဲ့ ရှေးဟောင်းပန်းချီကားတွေကို
ရှေးဟောင်းလက်ရာတွေအတိုင်း အတုပြုလုပ်ပြီးရောင်းချတဲ့ ဈေးကွက်ပါပဲ။ ဒီဈေးကွက်ကတော့
ရှေးဟောင်းပန်းချီကားတွေကို ၀ယ်စုချင်ပေမဲ့ ပန်းချီကားအစစ် ဟုတ်၊ မဟုတ်ဆိုတာကို နားမလည်တဲ့
အနုပညာမြတ်နိုးသူတွေကို အဓိကပစ်မှတ်ထားပြီး တရားမ၀င်ရောင်းချနေတာ ဖြစ်ပါတယ်။

တကယ့်လက်တွေ့မှာတော့ ရှေးတုန်းက ပန်းချီဆရာကြီးတွေရဲ့လက်ရာတွေက ပြည်တွင်းမှာ
တော်တော့်ကို ရှားသွားပါပြီလို့ ပန်းချီမင်းဝေအောင်က ပြောပါတယ်။

"မြန်မာပြည်က old master ကားတွေက နိုင်ငံတကာက ပန်းချီစုဆောင်းသူတွေနဲ့ ပြတိုက်တွေဆီကို
ရောက်ကုန်တဲ့အတွက် အစစ်ဆိုတာ မရှိသလောက်ပဲ"လို့ သူကဆိုပါတယ်။

သူ့ဆီမှာတော့ ရှေးဟောင်းပန်းချီကားတွေကို စုဆောင်းထားတာ အနည်းငယ်ရှိပါတယ်လို့လည်း
မင်းဝေအောင် က ဆိုပါတယ်။

"ရှေးဟောင်းကားအစစ်တွေက ရှားသွားပြီ။ ဒါ လန်ဒန်ကနေပြန်ဝယ်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ် ၁၈၀ က
ဦးကြာညွန့်ရဲ့ ကား။ ဦးကြာညွန့် (၁၈၁၉ - ၁၈၇၃) ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀ က ရှိခဲ့တဲ့
နန်းသုံးပန်းချီဆရာ"လို့ဆိုပြီး သူဝယ်ယူစုဆောင်းထားတဲ့ ရှေးဟောင်းပန်းချီကို ထုတ်ပြသူကတော့
collector သက်တမ်းနှစ် ၃၀ ရှိပြီဖြစ်တဲ့ Magic Art Art Gallery ပိုင်ရှင် ဦးဩောင်မင်းပဲ ဖြစ်ပါတယ်။

ပန်းချီကားက ပိုးစပေါ်မှာ ရွှေအစစ်နဲ့ရေးထားတဲ့ ရေးချက်လေးတွေပါဝင်ပြီး မြန်မာဘုရင်နဲ့ သူ့မိဖုရား၊
မှူးကြီးမတ်ရာတွေရဲ့ လှုပ်ရှားမှုပုံရိပ်တွေအပြင် ဥယျာဉ်တော်ထဲမှာ တွေ့မြင်ရတဲ့ သစ်ပင်၊
တိရစ္ဆာန်တွေကို ပန်းချီကားပတ်လည်တစ်ခုလုံးမှာ အသေးစိတ်ရေးချက်တွေနဲ့ ဖန်တီးထားတာ
ဖြစ်ပါတယ်။

 ပန်းချီဆရာကြီး ဦးကြာညွန့်ရဲ့ လက်ရာပန်းချီကား။ ဓာတ်ပုံ - Supplied ပန်းချီဆရာကြီး ဦးကြာညွန့်ရဲ့ လက်ရာပန်းချီကား။ ဓာတ်ပုံ - Supplied

ပန်းချီကားအရောင်းအ၀ယ် သဘောတူညီမှု

မြန်မာနိုင်ငံမှာ အကောင်းဆုံး dealer or collector တစ်ယောက်ဖြစ်ချင်တယ် ဆိုရင်တော့
ပန်းချီကားတွေအကြောင်း နားလည်ဖို့လိုအပ်တဲ့အချက်အပြင် နိုင်ငံရဲ့သမိုင်း၊ အနုပညာရှင်တွေရဲ့
အကြောင်းတွေနဲ့ ဘယ်ခေတ်က ဘယ်ပန်းချီဆရာတွေက ဘယ်လိုရေးဟန်မျိုးကို ဖန်တီးခဲ့တယ်၊
ဘယ်လိုကင်းဗတ်စတွေကို အသုံးပြုခဲ့တယ် ဆိုတာမျိုးတွေကိုပါ နားလည်သိရှိထားဖို့ လိုအပ်ပါတယ်။

ဒါမှသာ ပန်းချီကား အတု၊ အစစ်ကို ကောင်းကောင်း ခွဲခြားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့
ပန်းချီဈေးကွက်မှာ အရေးအကြီးဆုံးက ကိုယ်ရောင်းလိုက်တဲ့ ပန်းချီကားအပေါ် သစ္စာရှိဖို့ပဲလို့
ဦးဩောင်မင်းက ဆိုပါတယ်။

"ကိုယ့်ပန်းချီကားအပေါ် သစ္စာမထားဘဲ ပန်းချီကားဈေးတွေကို နှိမ့်ပေးလိုက်၊ မြှင့်တင်လိုက်
လုပ်နေမယ်ဆိုရင် ကိုယ့်အနုပညာနာမည်တစ်ခုကိုလည်း ထိန်းထားနိုင်မှာမဟုတ်ဘဲ
ကျဆုံးမှာပဲ"လို့လည်း သူက ဆိုပါတယ်။

မြန်မာပန်းချီဆရာတွေ ဖန်တီးထားတဲ့ ပန်းချီကားတစ်ချပ်ရဲ့ဈေးနှုန်းဟာ ပျမ်းမျှအားဖြင့် အနည်းဆုံး
ပန်းချီကား တစ်ချပ်ကို ဒေါ်လာ ၁၀၀ ကနေ အများဆုံး ဒေါ်လာသောင်းချီအထိ ရှိပါတယ်။

ဒေါ်လာသောင်းချီဈေးနဲ့ ရောင်းချနိုင်တဲ့ ပန်းချီဆရာကတော့ ၁၀ ယောက်ဝန်းကျင်လောက်ပဲ
ရှိပါလိမ့်မယ်။ ၀ယ်သူတွေကရော ဘယ်လိုလူမျိုးတွေဖြစ်မလဲ...။

ပန်းချီကားဝယ်ယူစုဆောင်းသူတွေ အများစုက နိုင်ငံခြား သားတွေပါပဲ။ ပြည်တွင်းက ပန်းချီကား
ဝယ်ယူစုဆောင်းသူဆိုတာက တော်တော့်ကို နည်းပါးတဲ့ အရေအတွက်ပဲ ရှိနေပါသေးတယ်။

"နိုင်ငံတကာမှာတော့ ပန်းချီ gallery တွေက ပန်းချီဆရာတွေကို promote လုပ်ပေးပြီး သူတို့
promote လုပ်ပေးထားတဲ့ ပန်းချီဆရာရဲ့ကားတွေကို gallery တွေက percentage ယူတဲ့ပုံစံနဲ့
သွားတယ်။ တချို့လည်း Art Auction တွေကနေ ဘယ်နိုင်ငံက ဘယ်ဈေးအထိ
ပေးဝယ်သွားတယ်ဆိုတဲ့ ပုံစံမျိုးတွေနဲ့ ပန်းချီကားဈေးကို တစ်ဆင့်ထက်တစ်ဆင့် တက်လာအောင်
promote လုပ်ပြီး ရောင်းချပေးတဲ့ပုံစံမျိုးနဲ့လည်း သွားကြတာတွေ ရှိပါတယ်။ မြန်မာပန်းချီဆရာတွေရဲ့
ပန်းချီကားတွေ နိုင်ငံတကာလေလံပွဲတွေမှာ ပါဝင်နိုင်ဖို့လည်း မြန်မာဂယ်လာရီတွေကနေ promote
လုပ်ပေးတာတွေလည်း ရှိပါတယ်"လို့ နိုင်ငံတကာပြပွဲတွေသွားသလို လေလံပွဲတချို့မှာလည်း
ပါဝင်ခဲ့ဖူးသူ Art Collector သက်တမ်း နှစ် ၄၀ ရှိပြီဖြစ်တဲ့ Summit Art Collection ပိုင်ရှင်
ပန်းချီမြင့်စိုးက ပြောပါတယ်။

အာရှနိုင်ငံတွေထဲမှာ စင်ကာပူနဲ့ ဟောင်ကောင်ဟာ စီးပွားရေးလုပ်ငန်းရှင်တွေ အများဆုံး
ကျက်စားကြတဲ့ နိုင်ငံတွေဖြစ်တဲ့အတွက် နိုင်ငံတကာကပန်းချီကားဝယ်ယူစုဆောင်းသူတွေများပြီး
အာရှမှာ ပန်းချီဈေးကွက်အမြင့်မားဆုံးကတော့ ဟောင်ကောင်လို့ ပြောလို့ရပါတယ်လို့လည်း
သူက ဆိုပါတယ်။

မြန်မာပန်းချီဆရာတွေ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ချင်တယ်ဆိုရင်တော့ သူတို့ရဲ့
အနုပညာလက်ရာတွေကို ဈေးကွက်က ကြိုက်အောင်လုပ်ဖို့ထက် ကိုယ့်ဖန်တီးမှုအပေါ်မှာ
ကောင်းအောင်မြှင့်တင်ဖို့ လိုအပ်ပါတယ်လို့လည်း သူ့အမြင်ကို ဆိုပါတယ်။

ပန်းချီကားရောင်းဝယ်တဲ့ ပုံစံကလည်း နိုင်ငံတကာကလို ဂယ်လာရီက promote လုပ်ပေးတဲ့
ပုံစံမျိုးမဟုတ်ဘဲ ပန်းချီဆရာက သူ့ပန်းချီကားကို တိုက်ရိုက်ရောင်းတဲ့ပုံစံမျိုးနဲ့ သွားကြတာဖြစ်ပါတယ်။

ပန်းချီဆရာက ပြခန်းကို အခန်းငှားခပေးပြီး ပြပွဲအတွင်းမှာ ပန်းချီကားရောင်းတဲ့ပုံစံမျိုးနဲ့
သွားကြပါတယ်။

ဒါမှမဟုတ်လည်း ပန်းချီကားဝယ်ယူချင်သူက ပန်းချီဆရာအိမ်ကို တိုက်ရိုက်သွားရောက်ဝယ်ယူတဲ့
ပုံစံမျိုးနဲ့ သွားကြပါတယ်။

ပန်းချီဈေးကွက်ရဲ့ နိုင်ငံရေးအနေအထား

မူဝါဒအရကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ပန်းချီအပါအ၀င် လက်မှုအနုပညာရပ်တွေဟာ
လျစ်လျူရှု ခံနေရတဲ့အခြေအနေမျိုးမှာ ရှိနေပါတယ်။

ပြည်တွင်းမှာ နိုင်ငံတော်အဆင့် ပန်းချီပညာရှင်တွေ အမြောက်အမြား ရှိနေပေမဲ့ သူတို့လက်ရာတွေကို
ပွဲထုတ်ပြသပေးတဲ့ ပွဲမျိုးတွေက ရှားပါးလှသလို ဒီပန်းချီဆရာတွေရဲ့လက်ရာတွေကို
စုစည်းပြသထားနိုင်မယ့် သီးသန့်အနုပညာပြတိုက်ဆိုတာမျိုးလည်း မရှိသေးပါဘူး။

အစိုးရက တာဝန်ယူပြီး ပန်းချီ၊ပန်းပုအပါအ၀င် လက်မှုအနုပညာလက်ရာတွေအတွက် ပြတိုက်တွေ
တည်ထောင်ပေးဖို့ ငွေကြေးချပေးသင့်သလို မြန်မာနိုင်ငံသား လူချမ်းသာစာရင်းဝင် သူဌေးကြီးတွေ
အနေနဲ့လည်း ဒီအတွက် ပံ့ပိုးကူညီပေးသင့်ပါတယ်။

မြန်မာနိုင်ငံမှာ ပန်းချီဆရာအရေအတွက် ပျမ်းမျှခြောက်သောင်းလောက် ရှိတယ်လို့ collector
ဦးဩောင်မင်း က ပြောပါတယ်။

မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး ဗဟိုကောင်စီရဲ့ စာရင်းအရဆိုရင်တော့ အသင်းဝင်ထားတဲ့
ပန်းချီဆရာ အရေအတွက်ဟာ တစ်နိုင်ငံလုံးအနေနဲ့ ၁၀,၀၀၀ ကျော်ရှိပါတယ်။

ဒါပေမဲ့ အသင်းဝင်မထားတဲ့ ပန်းချီဆရာ အရေအတွက်လည်း တော်တော်များများကို ရှိနေပါတယ်။

နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး အနုပညာအလုပ်တွေလုပ်ဖို့ ပန်းချီကားနဲ့အနုပညာပစ္စည်းတွေ
တင်ပို့တိုင်းမှာ လိုင်စင်ခွင့်ပြုချက်ယူနေရတာဟာလည်း ပန်းချီဈေးကွက်နဲ့ ပန်းချီအနုပညာရှင်တွေ
အတွက် တော်တော်လေးခက်ခဲတဲ့ အတားအဆီးတစ်ခု ဖြစ်နေပါတယ်လို့ ပန်းချီဆရာတွေက
ဆိုကြပါတယ်။

"ပန်းချီဆရာတွေ နိုင်ငံခြားမှာ ပြပွဲသွားလုပ်ဖို့ နိုင်ငံခြားကို ပန်းချီကားတွေပို့တဲ့အချိန်မှာ
ဒီအနုပညာပစ္စည်းဟာ ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်း တံဆိပ်တုံးထုပေးထားတဲ့
ရှေးဟောင်းယဉ်ကျေးမှုဌာနက ခွင့်ပြုချက်စာရွက်က မဖြစ်မနေလိုအပ်နေတယ်"လို့
ပန်းချီမင်းဝေအောင်က ပြောပါတယ်။

သူပြောတဲ့ ခွင့်ပြုချက်စာရွက်ဆိုတာက ဒေါ်လာ ၅၀၀ နဲ့ အထက်တန်ဖိုးရှိတဲ့ ဘယ်လိုလက်မှု
အနုပညာပစ္စည်းကိုမဆို ပြည်ပကိုပို့ချင်ပါက ပို့တဲ့အချိန်မှာ ထုတ်ကုန်သွင်းကုန်လိုင်စင်
စာရွက်ပေါ်မှာ ရှေးဟောင်းယဉ်ကျေးမှုဌာနက ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်း
တံဆိပ်တုံးထုပေးထားတဲ့ စာရွက်ပဲဖြစ်ပါတယ်။

နောက်ထပ်လည်း သေးငယ်ပေမဲ့ ခက်ခဲနေသေးတဲ့ အကြောင်းအရာပေါင်းများစွာ မြန်မာအနုပညာ
ဈေးကွက် လောကထဲမှာ ရှိနေပါသေးတယ်။

"ပြည်တွင်းလေလံဈေးကွက်ဆိုတာ ဘယ်မှာရှိလို့လဲ၊ ကြားတောင်မကြားဖူးဘူး။ ပြည်တွင်းလေလံ
ဈေးကွက် မရှိသလို နိုင်ငံတကာကလေလံပွဲတွေမှာ မြန်မာတစ်ယောက်အနေနဲ့ လေလံဝင်ဆွဲရင်လည်း
ကတ်ကိုကြည့်ပြီး မြန်မာဆိုတာနဲ့ ဗီဇာကတ်စနစ်တွေ၊ ငွေပေးချေမှုစနစ်တွေ အဆင်ပြေတာနဲ့
ပယ်ချတာများတယ်"လို့ ပန်းချီ ဩောင်မင်းက ပြောပါတယ်။

ဒါတွေအားလုံးဟာ မြန်မာပန်းချီအနုပညာရှင်တွေ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ အတည်တကျ
ပြောလို့မရနိုင်တဲ့ မြန်မာပန်းချီဈေးကွက် အနေအထားတွေပါပဲ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်