ကန်တော်ကြီး တံတားရဲ့ ဖြစ်ပုံ အဖြစ်စုံ

အမြန်ဆုံး ပြင်ဆင်ဖို့ လိုအပ်နေတဲ့ ကန်တော်ကြီးပတ်လမ်းတံတားပေါ်မှာ လူအများ ဖြတ်သန်းသွားလာနေကြစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)အမြန်ဆုံး ပြင်ဆင်ဖို့ လိုအပ်နေတဲ့ ကန်တော်ကြီးပတ်လမ်းတံတားပေါ်မှာ လူအများ ဖြတ်သန်းသွားလာနေကြစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတစ်နေရာဖြစ်တဲ့ ကန်တော်ကြီး ကန်ပတ်လမ်းတံတားဟာ
အများပြည်သူဖြတ်သန်းသွားလာဖို့ အန္တရာယ်ရှိနေတဲ့အတွက် ပြုပြင်သင့်တဲ့ သတင်းကို
၂၀၁၇ ခုနှစ်၊ မေ ၄ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) အပတ်စဉ်သတင်းစာမှာ အကျယ်တ၀င့်
ထည့်သွင်းဖော်ပြခဲ့ပါတယ်။

အဲဒီသတင်းရေးခဲ့စဉ်က တံတားပြုပြင်ဖို့အတွက် ၂၀၁၇-၂၀၁၈ ခုနှစ် ဘတ်ဂျက် ကျထားပြီးသားမို့
၂၀၁၇ ခုနှစ်အတွင်းမှာ တံတားကို အပြီးပြန်လည် တည်ဆောက်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်
ပန်းဥယျာဉ်ဌာနဌာနမှူး ဦးကိုကိုလင်းက မေလဆန်းပိုင်းက မြန်မာတိုင်း(မ်)ရဲ့မေးမြန်းမှုကို
ဖြေဆိုပေးခဲ့ပါတယ်။

ဒါပေမဲ့လည်း ဇူလိုင်လကုန်တဲ့အထိ နှစ်လကျော်ကြာကာလအတွင်းမှာ မြန်မာတိုင်း(မ်)က
အခြေအနေကို စောင့်ကြည့်ခဲ့ရာ တံတားကြီးကို တစ်စုံတစ်ရာ ပြန်လည်ပြင်ဆင်ခြင်းပြုလုပ်တာမျိုးကို
မတွေ့ရတာမို့ စုံစမ်းကြည့်ရာ ပြည်သူတွေအတွက် စိတ်မကောင်းစရာသတင်းကို ရရှိခဲ့ပါတယ်။

အဲဒါကတော့ ၂၀၁၇-၁၈ ခုနှစ်အတွက် တံတားပြုပြင်ရန် ဘတ်ဂျက်ငွေ ကျပ်သိန်း ၅,၀၀၀ ရရှိထားပြီး
ဖြစ်ပေမဲ့ တကယ်လိုအပ်တာက ခန့်မှန်းခြေ ကျပ်သိန်း သုံးဘီလျံ (သိန်းသုံးသောင်း) လောက်ရှိတာမို့
တံတားတစ်ခုလုံးကို ပြင်ဆင်ဖို့တော့ ဒီနှစ်ထဲမှာ မဖြစ်နိုင်ဘူးဆိုတာပါပဲ။

"လက်ရှိအနေအထားမှာ ကျွန်တော်တို့က အာရ်စီနဲ့ ဒီဇိုင်းပြန်လုပ်နေပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်
နောက်နားတံတား၊ ကရ၀ိက်ဘက်တစ်လျှောက်၊ ပန်းကန်လုံးကျွန်းနားနဲ့ western Park
စားသောက်ဆိုင်နားက တံတား စတဲ့ သစ်သားတံတား လေးနေရာလုံးကို အာရ်စီနဲ့
ပြန်ဆောက်မှာပါ"လို့ မြို့တော်စည်ပင် လမ်းတံတားဌာန လက်ထောက်ဌာနမှူး ဦးတင်ထွန်းဦးက
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

သစ်က တန်ဖိုးအရမ်းမြင့်ပြီး ရေထဲမှာ ကြာရှည်ထားမှာဖြစ်တဲ့အတွက် ရေရှည်အသုံးပြုလို့ရအောင်
အာရ်စီနဲ့ ပြန်ဆောက်သွားမှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

"အာရ်စီဒီဇိုင်းပြီးသွားရင်တော့ ဒီနှစ်အတွက်ကိုလျာထားတဲ့ ဘတ်ဂျက် ကျပ်သိန်း ၅,၀၀၀ နဲ့
ပေဘယ်လောက် ပြုပြင်နိုင်မလဲဆိုတာ ပြန်တွက်ပြီး အပျက်စီးဆုံးအပိုင်းတွေကို ပြုပြင်သွားမှာပါ။
အားလုံးပြန်ပြုပြင်ဖို့ကတော့ ဒီနှစ်ထဲမှာ မပြီးနိုင်ဘူး။ နောက်နှစ်ကျရင် ၂၀၁၈-၂၀၁၉ ခုနှစ်အတွက်
ဘတ်ဂျက်နှစ်မှာ ကျန်တဲ့အပိုင်းတွေအတွက် ဘတ်ဂျက်ထပ်တင်ရမှာပါ"လို့လည်း ဦးတင်ထွန်းဦးက
ဆိုပါတယ်။

အမြန်ဆုံး ပြင်ဆင်ဖို့ လိုအပ်နေတဲ့ ကန်တော်ကြီးပတ်လမ်းတံတားပေါ်မှာ လူအများ ဖြတ်သန်းသွားလာနေကြစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)အမြန်ဆုံး ပြင်ဆင်ဖို့ လိုအပ်နေတဲ့ ကန်တော်ကြီးပတ်လမ်းတံတားပေါ်မှာ လူအများ ဖြတ်သန်းသွားလာနေကြစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ရန်ကုန်မြို့နဲ့ ကန်တော်ကြီး၊ ကန်တော်ကြီးနဲ့ ရန်ကုန်မြို့ဆိုတာ ခွဲခြားလို့ မရတဲ့ အတွဲအစပ်တစ်ခု
ဖြစ်ပါတယ်။ ကန်တော်ကြီးကန်နဲ့ ကန်တော်ကြီးပန်းခြံဟာ ရန်ကုန်သူ၊ ရန်ကုန်သားတွေအတွက်
အလှအပဂုဏ်ဆောင်တစ်ခု ဖြစ်သလို သဘာဝတရားကို ခံစားနိုင်ဖို့အတွက် အားထားရတဲ့
အိုအေစစ်တစ်ခုဆိုလည်း မမှားပါဘူး။

ဒါကြောင့်လည်း Signature စားသောက်ဆိုင်ဝင်ပေါက်ကနေ ကရ၀ိက် မျှော်စင်ကျွန်းဂိတ်အထိ
အရှည်ပေပေါင်း ၇,၀၀၀ နီးပါးရှိတဲ့ တံတားပေါ်မှာ နေ့စဉ်လူပေါင်းများစွာ ဖြတ်သန်းသွားလာ
နေကြပါတယ်။

သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်လာရောက် အပန်းဖြေကြသူတွေ၊ အားကစား လုပ်ကြသူတွေ၊
ကလေးတွေနဲ့ မိသားစုလိုက် လေညင်းခံလမ်းလျှောက်ကြသူတွေ၊ စုံတွဲတွေ၊ ကန်တော်ကြီး၊
ရွှေတိဂုံဘုရားနဲ့ ကရ၀ိက်ရဲ့ အလှတွေကို တစ်နေရာတည်းကနေ ခံစားနိုင်ဖို့ တကူးတက
ရောက်လာကြတဲ့ နိုင်ငံခြားသား ဧည့်သည်တွေအပြင် အကြောင်းအမျိုးမျိုးနဲ့ ဖြတ်သန်းသွားလာကြတဲ့
သူတွေ နေ့စဉ် မနည်းမနောပါပဲ။

တစ်ခါတလေမှာဆိုရင်တော့ ကန်တော်ကြီးရဲ့သဘာဝအလှကို နောက်ခံထားပြီး ဒီတံတားပေါ်မှာ
ဗီစီဒီ၊ ဗီဒီယို လာရိုက်ကြတဲ့အဖွဲ့တွေလည်း ရှိသလို ပွင့်လင်းရာသီဆို မင်္ဂလာဓာတ်ပုံလာရိုက်ကြတဲ့
စုံတွဲတွေလည်း အများကြီးပါပဲ။

ဒီလိုလူပေါင်းများစွာ နေ့စဉ်အသုံးပြုနေတဲ့ ကန်တော်ကြီးကန်ပတ်လမ်း တံတားဟာ
ပေပေါင်း ၇,၀၀၀ မှာ သုံးပုံပုံလိုက်ရင် နှစ်ပုံနီးပါးလောက်က တော်တော်လေးကို
ပျက်စီးယိုယွင်းနေပါတယ်။

တံတားတစ်လျှောက်လုံးမှာ ပြုပြင်ထိန်းသိမ်းထားတဲ့အပိုင်းက ပျက်စီးနေတဲ့ အပိုင်းနဲ့ယှဉ်ရင်
နည်းပါးလှတာကို တွေ့ရှိရပါတယ်။

၂၀၁၅-၂၀၁၆ ခုနှစ်မှာတစ်ကြိမ်၊ ၂၀၁၆-၂၀၁၇ ခုနှစ်မှာတစ်ကြိမ် ပြန်လည် ပြုပြင်ထားတယ်ဆိုတဲ့
ဒီတံတားဟာ Signature ဘက် တံတားအစကနေ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်
အစနားလောက်အထိကို တစ်လျှောက်လုံးမှာ အပေါက်ပေါင်းများစွာ ရှိနေသလို အပေါက်တွေကို
ပြန်ဖာထေးထားတဲ့ သစ်သားတွေကလည်း ဆွေးမြည့်နေပါတယ်။

တံတားတစ်ခုလုံးဟာ ချွတ်ခြုံကျနေပြီး ကျိုးနေတဲ့ သစ်သားချောင်းတွေ၊ ထောင်နေတဲ့ သံချောင်းတွေ၊
တစ်ဖက်ကနင်းလိုက်ရင် တစ်ဖက်က ထောင်သွားတဲ့ သစ်သားချောင်းတွေအပြည့်နဲ့ ဖြစ်နေပါတယ်။
အထူးသဖြင့် ပန်းကန်လုံးကျွန်းဘက်ကို ကူးသွားလို့ရတဲ့ တြိဂံဇုန်နေရာက အနေအထားတွေကတော့
အဆိုးဆုံးပါပဲ။ လမ်းလျှောက်တဲ့အခါ အသံတွေလည်းမြည်ပြီး လှုပ်ယမ်းနေတာမို့
လမ်းလျှောက်သူတွေခမျာ ကန်တော်ကြီးရဲ့သဘာဝအလှအပကို မခံစားနိုင်ရှာဘဲ တံတားကိုသာ
သေချာငုံ့ကြည့်ပြီး လမ်းလျှောက်ကြရပါတယ်။

အမြန်ဆုံး ပြင်ဆင်ဖို့ လိုအပ်နေတဲ့ ကန်တော်ကြီးပတ်လမ်းတံတားပေါ်မှာ လူအများ ဖြတ်သန်းသွားလာနေကြစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)အမြန်ဆုံး ပြင်ဆင်ဖို့ လိုအပ်နေတဲ့ ကန်တော်ကြီးပတ်လမ်းတံတားပေါ်မှာ လူအများ ဖြတ်သန်းသွားလာနေကြစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

စာရေးသူကတော့ ကလေးငယ်တွေအတွက် အန္တရာယ်ရှိတာမို့ ဖြတ်သန်းသွားလာဖို့
လုံးဝမသင့်တော်တဲ့ နေရာလို့ မြင်မိပါတယ်။

ဒါပေမဲ့ တံတားအလယ်လောက်ဖြစ်တဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် ထဲကနေ လှမ်းမြင်ရတဲ့
မြင်ကွင်းနေရာတစ်လျှောက်လုံးမှာတော့ တံတားကို ချောနေအောင် သေချာပြန်လည်ပြုပြင်ထားပါတယ်။

ဒါကြောင့် ဟိုတယ်ကများ သူတို့ဧည့်သည်တွေအတွက် မြင်ကွင်းကောင်းရဖို့ တံတားကို သူ့စရိတ်နဲ့
ပြုပြင်ထားလားလို့ ထင်စရာရှိနေတာမို့ ဟိုတယ်ကို ဖုန်းဆက်မေးကြည့်တဲ့အခါ ဒီတံတားပြုပြင်ခြင်းနဲ့
ပတ်သက်လို့ သူတို့နဲ့ ဘယ်လိုမှ ပတ်သက်ဆက်နွယ်မှု မရှိပါဘူးလို့ ဟိုတယ်ရဲ့ဂျူတီမန်နေဂျာက
ပြန်လည် ဖြေကြားပေးခဲ့ပါတယ်။

ကန်ပတ်လမ်းတံတားကို အစအဆုံး အေးအေးဆေးဆေး အပန်းဖြေရင်း လမ်းလျှောက်မယ်ဆို
၄၅ မိနစ်နီးပါးလောက်ကြာပါတယ်။

ဒါပေမဲ့ ပျက်စီးနေတဲ့ တံတားရဲ့အခြေအနေကြောင့် ၄၅ မိနစ်မှာ ၁၅ မိနစ်လောက်သာ
စိတ်ဖြောင့်လက်ဖြောင့် လျှောက်နိုင်ပြီး ကျန်တဲ့မိနစ် ၃၀ လောက်က အောက်တငုံ့ငုံ့နဲ့
ဂရုစိုက်လျှောက်ရမယ့် အနေအထားမျိုးပါ။

ဒါ့ပြင် အခုလိုမိုးတွင်းအချိန်တွေမှာ ရေညှိတက်တာတွေပါ ရှိနေတာကြောင့် လမ်းလျှောက်သူတွေဟာ
ပျက်စီးနေတဲ့တံတားကိုလည်း သတိထားရသလို ရေညှိကြောင့် ချော်လဲမသွားအောင်လည်း
တော်တော်လေးကို သတိထားလျှောက်ကြရပါတယ်။

စာရေးသူကိုယ်တိုင်လည်း ဒီတံတားကို ပထမအကြိမ်သတင်းအတွက် တံတားအစအဆုံး
လျှောက်ကြည့်စဉ်မှာ ဘယ်အချိန်များ အောက်ကျွံကျ လိုက်မလဲဆိုပြီး ကြောက်ရွံ့စွာနဲ့ လျှောက်ခဲ့ရသလို
နောက်ထပ်ရောက်ဖြစ်တဲ့ အကြိမ်တွေမှာလည်း လမ်လျှောက်ကြည့်တဲ့အခါတိုင်း ကြောက်ရွံ့စိတ်က
မပြောင်းလဲဘဲ ခံစားနေရတုန်းပါပဲ။

ခုချိန်မှာ စာရေးသူဆုတောင်းနေမိတာကတော့ ဒီတံတားကြီးကနေ ဘယ်သူမှ ခြေကျွံကျပြီး
ထိခိုက်ဒဏ်ရာမရရှိစေဖို့ပါပဲ။

ဒါ့ပြင် အောက်ခြေမှာ ဘယ်လောက်ပဲ ယိုယွင်းပျက်စီးနေပါစေ၊ သစ်သားတွေနဲ့ ဆောက်လုပ်ထားတာမို့
ဂန္ထ၀င်ဆန်တဲ့အလှတွေကို ပိုင်ဆိုင်ထားဆဲဖြစ်တဲ့ တံတားကြီးဟာ ဘ၀လုံးလုံးပြောင်းပြီး
အုတ်တံတားကြီးဖြစ်သွားမယ်ဆိုရင်တော့ ကန်တော်ကြီးကန်၊ ကန်တော်ကြီးပန်းခြံနဲ့ ရန်ကုန်မြို့ကြီးကို
ပိုပြီးပဲအလှတိုးလာစေမလား၊ အကျည်းပဲတန်သွားစေမလားဆိုတာကတော့ ...။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်