ပေါ့ပ်သီချင်းတွေပဲ ဆိုဖြစ်နေဦးမယ် Jewel

အဆိုတော် Jewel ။ ဓာတ်ပုံ - Jewel ဖေ့စ်ဘွတ်ခ်စာမျက်နှာမှအဆိုတော် Jewel ။ ဓာတ်ပုံ - Jewel ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ

အသံချိုချိုလေးနဲ့ သီချင်းအေးအေးလေးတွေကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်တဲ့ အဆိုတော် Jewel ကို
သိကြမယ်ထင်ပါတယ်။

တချို့ကလည်း သူ့ကို "The Four" အဖွဲ့ထဲမှာ ကာဗာသီချင်းတွေ သီဆိုတဲ့သူအနေနဲ့ သိကြပါတယ်။

၂၀၁၂ သံစဉ်များနဲ့ကမ္ဘာ သီချင်းဆိုပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ရင်းကနေ ဂီတလောကထဲကို
ရောက်လာခဲ့ပေမဲ့ တကယ်တော့ သူက ငယ်ရွယ်စဉ်ကတည်းက ဂီတနဲ့ ထိတွေ့ခဲ့သူတစ်ယောက်ပါ။

"ကျွန်တော် ငါးတန်းကစပြီး ဆို၊ က၊ ရေး၊ တီးမှာ မြန်မာသံနဲ့ ပြိုင်ဖူးပါတယ်။ ရှစ်တန်းအထိ ပြိုင်ခဲ့တယ်။
ကိုးတန်း၊ ၁၀ တန်းရောက်တော့ ကျောင်းစာကိုပဲ အာရုံစိုက်လုပ်ဖို့ ၀င်မပြိုင်ဖြစ်တော့ဘူး"လို့
ဆိုသူကတော့ အသက် ၂၅ နှစ်အရွယ် အဆိုတော် Jewel ပဲဖြစ်ပါတယ်။

သူက စကားပြောရင် 'ကျွန်တော်'လို့ သူ့ကိုယ်သူ ရည်ညွှန်းပြောတတ်တဲ့ ပြင်ဦးလွင်သူလေးပဲ
ဖြစ်ပါတယ်။ နာမည်အရင်းကတော့ အဆိုတော်ကြီးတစ်ယောက်ရဲ့ နာမည်နဲ့ တူနေပါတယ်။
'ရတနာဦး' တဲ့။

"သံစဉ်များနဲ့ကမ္ဘာမှာ စပြိုင်တော့ အနုပညာနာမည် Jewel ကို ပေးဖြစ်ခဲ့တယ်။ နာမည်အရင်းကျတော့
ကိုယ့်ရှေ့က စီနီယာအစ်မနဲ့လည်း တူနေတာဆိုတော့ အနုပညာနာမည်ပေးပြီး ၀င်ပြိုင်ခဲ့တယ်"လို့
နာမည်ပြောင်းဖြစ်ပုံကို ပြောပြပါတယ်။

လတ်တလောမှာ ခေတ်ပေါ်သံစဉ်တွေနဲ့ နာမည်ရနေပေမဲ့ ငယ်စဉ်ကလုပ်ဖြစ်ခဲ့တဲ့ မြန်မာသံသီဆိုမှု
အတွေ့အကြုံက ရောက်နေတဲ့ လက်ရှိနေရာအတွက် အခြေခံကောင်း ဖြစ်နေတယ်လို့လည်း
သူက ဆိုပါတယ်။

"မြန်မာသံက ဆို၊ က၊ ရေး၊ တီး ပြိုင်လို့ ဆိုဖြစ်တာပေါ့။ ခေတ်ပေါ်သီချင်းကတော့
အဲဒီအရွယ်ကတည်းက ဆိုချင်ခဲ့တာ။ ဒါပေမဲ့ အဲဒီမြန်မာသံဆိုဖြစ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်။
ဘာလို့လဲဆို မြန်မာသံက သိပ်ကို အခြေခံကျတယ်၊ နက်နဲတယ်။ မြန်မာသံရဲ့အနှစ်သာရကို
သိခဲ့ရတဲ့အတွက် ခေတ်ပေါ်ကိုဆိုတဲ့အခါမှာ အများကြီး အထောက်အကူပြုတယ်"လို့ ရှင်းပြပါတယ်။

၁၀ တန်းအောင်တဲ့အချိန်မှာတော့ တက္ကသိုလ်တက်ဖို့အတွက် ပြင်ဦးလွင်ကနေ မန္တလေးကို
ရောက်လာခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ တက္ကသိုလ်တက်နေရင်းက ဂီတမိတ်သင်တန်းကျောင်းကိုပါ
တက်ရောက်ပြီး ဂီတ၀မ်းစာကို ထပ်ဖြည့်ခဲ့ပါတယ်။

"မန္တလေးဂီတမိတ်က ၂၀၀၆ လောက်ကတည်းက ဖွင့်နေပေမဲ့ ညီမ ၂၀၁၀ လောက်မှ တက်ဖြစ်တယ်။
အဲဒီမှာ လေ့လာနေရင်း တစ်ဖက်ကလည်း တက္ကသိုလ်တက်တယ်။ နောက် မင်္ဂလာဆောင်တွေ
အခမ်းအနားတွေမှာလည်း သီချင်းတွေ လိုက်ဆိုဖူးတယ်"လို့ Jewel က ဆိုပါတယ်။

၂၀၁၂ ခုနှစ်မှာ မန္တလေးဂီတမိတ်ကျောင်းက ရန်ကုန်ဂီတမိတ်ကျောင်းကို ပညာသင်ဆုအစီအစဉ်အနေနဲ့
ကျောင်းသားတွေလွှတ်တဲ့အခါ ရွေးချယ်ခံရတာမို့ အဲဒါက သူ့ကို ရန်ကုန်ရောက်လာဖြစ်တဲ့
တွန်းအားတစ်ခု ဖြစ်လာခဲ့ပါတယ်။

"ကျွန်တော် ရန်ကုန်ကို ဂီတမိတ်က Scholarship နဲ့ ရောက်လာတဲ့အချိန်မှာပဲ သံစဉ်များနဲ့ ကမ္ဘာလည်း
ပြိုင်ဖြစ်တော့ တော်တော်လေးအဆင်ပြေသွားတယ်"လို့ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဂီတဘ၀အစပိုင်းကို
ပြောပြပါတယ်။

သံစဉ်များနဲ့ကမ္ဘာမှာ ဒုတိယဆုရခဲ့တာက သူ့ကို လူတွေ စတင်သတိထားမိခဲ့ကြပေမဲ့
အဲဒီမတိုင်ခင် ၂၀၁၀ မှာ Myanmar Beer Singing Contest ဆိုတဲ့ သီချင်း ဆိုပြိုင်ပွဲမှာလည်း
ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ အဲဒီပြိုင်ပွဲမှာတော့ Top 10 ထဲမှာပဲ ပါဝင်နိုင်ခဲ့ပါတယ်။ သံစဉ်များနဲ့ကမ္ဘာမှာ ဒုတိယဆု
ရပြီးတဲ့နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို တောက်လျှောက်လုပ်ခွင့် ရရှိလာခဲ့ပါတယ်။

"ပန်းနုသွေးဇာတ်လမ်းတွဲထဲက ဆရာမြင့်မိုးအောင် ရေးထားတဲ့ 'ပန်းနုသွေး' သီချင်းကို ဆိုဖြစ်တယ်။
နောက် ကြော်ငြာသီချင်းနောက်ခံတွေ ဆိုတယ်"လို့ Jewel က ဆိုပါတယ်။

အဲဒီနောက်ပိုင်း တေးသံရှင်ဖြိုးပြည့်စုံနဲ့အတူ စုံတွဲသီချင်းလေးတွေ သီဆိုဖြစ်ခဲ့တာမို့ ပရိသတ်တွေက
သူ့ကို ပိုပြီးသတိထားမိလာကြပါတယ်။

ဖြိုးပြည်စုံရဲ့ 'မျှော်နိုင်သမျှ' အခွေထဲက 'အချစ်ဦး' ဆိုတဲ့ သီချင်းလေးမှာ Harmony Duet ပုံစံ
ပါဝင်သီဆိုထားတဲ့ သူ့ရဲ့အသံချိုချို လေးကို ပရိသတ်တွေ မှတ်မိကြမယ်ထင်ပါတယ်။

"ကိုဖြိုးပြည့်စုံနဲ့ အတူတူ ဆိုဖြစ်တာကတော့ တော်တော်များတယ်။ တစ်လောကထွက်ထားတဲ့
'အချစ်များစွာနှင့်' အခွေမှာလည်း ကိုဖြိုးပြည့်စုံနဲ့ နှစ်ပုဒ်ဆိုထားတယ်။ တစ်လောက 'တစ်စုံတစ်ရာ'
သီချင်းကို ကာဗာပြန်ဆိုထားတဲ့ အခါမှာလည်း ညီမ ပါဝင်သီဆိုထားတယ်။ အဲဒီသီချင်းက သူ့ရဲ့
နောက်ထွက်မယ့်အခွေမှာ ပါမယ့်သီချင်းပေါ့။ 'ရတနာပုံ' ဇာတ်လမ်းတွဲထဲက 'အလွမ်းမှတ်တိုင်' ဆိုတဲ့
သီချင်းကိုလည်း သူနဲ့ဆိုထားတယ်။ သူနဲ့ကတော့ Featuring မဟုတ်တောင် Harmony ဆိုရင်လည်း
လိုက်ဆိုပေးဖြစ်တယ်"လို့ ဆိုပါတယ်။

အနုပညာလောကထဲမှာ နေရာတစ်ခု ရနေပေမဲ့လည်း သူ့ကို ရန်ကုန်ရောက်လာစေခဲ့တဲ့
ဂီတမိတ်အဖွဲ့နဲ့ ခုချိန်ထိ လက်တွဲမဖြုတ်ဘဲ ရှိနေသေးတယ်လို့လည်း Jewel က ဆိုပါတယ်။

လက်ရှိမှာတော့ ဂီတမိတ်ကျောင်းက ဆရာတွေနဲ့အတူ သင်တန်းသားတွေကို အသံပိုင်းနဲ့
ပတ်သက်တာတွေကို သင်ကြားပေးနေပါတယ်။

Jewel ပါဝင်တဲ့ The Four အဖွဲ့။ ဓာတ်ပုံ - Jewel ဖေ့စ်ဘွတ်ခ်စာမျက်နှာမှJewel ပါဝင်တဲ့ The Four အဖွဲ့။ ဓာတ်ပုံ - Jewel ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ

ဒါ့ပြင် ဂီတမိတ်က သူငယ်ချင်း သုံးယောက်နဲ့အတူ The Four ဆိုတဲ့ အဖွဲ့လေးကို ၂၀၁၄ မှာ
ဖွဲ့ဖြစ်ခဲ့ပါတယ်။ ခုချိန်မှာတော့ အဖွဲ့ဟာ Social Media နဲ့ လူငယ်တွေကြားမှာ နာမည်ရနေတဲ့
အဖွဲ့တစ်ဖွဲ့ဖြစ်နေပါပြီ။

"ကျွန်တော်တို့ အဖွဲ့ဝင် လေးယောက်လုံးက ဂီတမိတ်ကပဲဆိုတော့ The Four မဖွဲ့ဖြစ်ခင်
အမြဲတမ်းတော့ တွေ့ဖြစ်ကြတယ်။ ၂၀၁၄ ဒီဇင်ဘာလောက်မှာ ကျွန်တော်တို့ ခင်မင်တဲ့
အစ်မတစ်ယောက်ရဲ့ သူငယ်ချင်းမင်္ဂလာဆောင်မှာ သီချင်းဆိုပေးဖို့ တီးဝိုင်းတစ်ခု လိုချင်တယ်
ပြောတော့ အဲဒီမင်္ဂလာဆောင်မှာ ကျွန်တော်တို့ လေးယောက် ဖျော်ဖြေပေးဖြစ်ပြီး အဲဒီမှာပဲ အဖွဲ့ကို
တစ်ခါတည်းဖွဲ့ဖြစ်သွားတယ်"လို့ ပြောပြပါတယ်။

The Four အဖွဲ့က ယူကျုနဲ့ ဖေ့စ်ဘွတ်ခ်မှာ မြန်မာကာဗာသီချင်းတွေဆိုတဲ့ အဖွဲ့အနေနဲ့
နာမည်ကြီးပါတယ်။ ဒါပေမဲ့ သူတို့ကိုယ်ပိုင်သီချင်းတွေကိုလည်း လူကြိုက်များပါတယ်။
ဘားတွေမှာ ပြုလုပ်တဲ့ သူတို့ရဲ့ ဖျော်ဖြေမှုကလည်း လူပြောများကြပါတယ်။

"အဖွဲ့ထဲမှာ ကျွန်တော်နဲ့ ကိုသားငယ်ကတော့ သီချင်း ဆိုတယ်။ ဂီတာကတော့ ကိုစောပါတလာထော၊
ကီးဘုတ် က အရင်အဖွဲ့ဝင် ခုတ်ဘွိုင်းက ပြီးခဲ့တဲ့ တစ်လကျော်ကျော်ကပဲ အနားယူသွားတော့
အခုအဖွဲ့ဝင်အသစ်ကတော့ ဆရာပက်ထရစ်သား ကိုသက်ဇော်ပေါ့"လို့ အဖွဲ့ဝင်တွေ အကြောင်းကို
ပြောပြပါတယ်။

အစကတည်းက အနုပညာလှုပ်ရှားမှုကို တစ်ယောက်တည်းလုပ်ခဲ့တဲ့သူမို့ The Four အဖွဲ့အပြင်
တစ်ကိုယ်တော် အနုပညာလှုပ်ရှားမှုတွေကိုလည်း သူတတ်နိုင်သလောက် လုပ်နေပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလောက်က သူ့ရဲ့ single သီချင်း "Message" ကို အွန်လိုင်းမှာဖြန့်ချိခဲ့တာ
ပေါက်သီချင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

အခုလက်ရှိမှာတော့ သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေအတွက် အစပျိုးနေပြီလို့ ဆိုပါတယ်။

"အခြေအနေကတော့ သီချင်းစုတဲ့ အဆင့်လောက်ပဲ ရှိသေးတယ်။ အချိန်တော့ တော်တော်လေး
ယူရဦးမယ်"လို့ ဆိုပါတယ်။

တစ်ကိုယ်တော်အခွေထဲမှာ အမှတ်တရအနေနဲ့ ကိုယ်တိုင်ရေးထားတဲ့ သီချင်းတစ်ပုဒ်လောက်
ထည့်ချင်တာမို့လည်း သီချင်းကို ကြိုးစားရေးနေတယ်လို့လည်း ဆိုပါသေးတယ်။

"သီချင်းရေးတဲ့ အပိုင်းကတော့ ၀ါသနာပါပေမဲ့ တော်တော်လေး ကြိုးစားရဦးမယ်။ တစ်ခါတလေ
ကိုယ့်ဘာသာကိုယ်ရေးထားတာကြည့်ပြီး ကလေးသီချင်းတွေလို ဖြစ်ဖြစ်နေတော့ အားမရသေးဘူး"လို့
သူကဆိုပါတယ်။

သီချင်းအေးအေးလေးတွေပဲ ဆိုနေကျပေမဲ့ ပုံစံကွဲလေးတွေကိုလည်း ဆိုချင်နေတယ်လို့ Jewel က
ဆိုပါတယ်။

"အမှန်တိုင်းပြောရရင် သီချင်းအေးအေးလေးတွေက ကျွန်တော်နဲ့ လိုက်တယ်ဆိုလို့ အဓိက
ဆိုဖြစ်တယ်။ အမှန်က ကြိုက်တာကတော့ သီချင်းပုံစံတိုင်းကို ကြိုက်တယ်။ အခုနောက်ပိုင်းကျတော့ 
Modern Country ပုံစံလေးတွေ ကြိုက်နေတယ်။ ကြိုက်ပေမဲ့လည်း ဆိုဖြစ်လောက်မယ်တော့
မထင်ဘူး။ လောလောဆယ်ကတော့ ဏသစ သီချင်းချိုချိုလေးတွေ ဆိုဖြစ်တာများတာပေါ့"လို့
ပွင့်ပွင့်လင်းလင်းပဲ ဆိုပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်