အာဆီယံနိုင်ငံတွေဆီက အကျိုးခံစားနေရတဲ့ မလေးရှား

မလေးရှားခရီးသွားဝန်ကြီးဌာနက ကြီးမှူးပြီး အာဆီယံနိုင်ငံတွေက စာရေးသူတွေကို ဇူလိုင် ၁၀ ရက်ကနေ ၁၅ ရက်အထိ မလေးရှားနိုင်ငံကို ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ - Suppliedမလေးရှားခရီးသွားဝန်ကြီးဌာနက ကြီးမှူးပြီး အာဆီယံနိုင်ငံတွေက စာရေးသူတွေကို ဇူလိုင် ၁၀ ရက်ကနေ ၁၅ ရက်အထိ မလေးရှားနိုင်ငံကို ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ - Supplied

အရှေ့တောင်အာရှနိုင်ငံများအသင်း သို့မဟုတ် အာဆီယံနိုင်ငံတွေရဲ့ ဆောင်ပုဒ်ကို "One vision,
one identity, one community" လို့ သတ်မှတ်ထားကြပြီး အဲဒီထဲမှာ တချို့အာဆီယံနိုင်ငံတွေက
ပိုပြီး တစ်စိတ်တည်းတစ်ဝမ်းတည်းဖြစ်ဖို့ ကြိုးစားနေကြပါတယ်။

မြန်မာခရီးသွားတွေဟာ အာဆီယံနိုင်ငံတွေအားလုံးကို (မလေးရှားနိုင်ငံမှအပ) ဗီဇာမလိုဘဲ
လွတ်လပ်စွာ ခရီးသွားလာနိုင်နေကြပါပြီ။

"မလေးရှားခရီးစဉ်တွေကို စီစဉ်ပေးရတဲ့အခါ အခက်အခဲတွေ ရှိတယ်"လို့ ခရီးသွားအေဂျင်စီတစ်ခုရဲ့
တည်ထောင်သူဖြစ်တဲ့ မမေဇွန်ဝင်းက ပြောပါတယ်။

"ဗီဇာရဖို့က အခက်အခဲဖြစ်နေတယ်"လို့လည်း သူက ပြောပါသေးတယ်။

မလေးရှားနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားဝန်ကြီးဌာန ၀န်ကြီး Mohamed Nazri Abdul Aziz
မြန်မာနိုင်ငံကို ဒီလအစပိုင်းက လာရောက်လည်ပတ်ခဲ့တဲ့ ခရီးစဉ်မှာမှ မြန်မာနိုင်ငံသားတွေ
ကြုံတွေ့နေရတဲ့ ဗီဇာကိစ္စကို သူသိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

"မြန်မာနိုင်ငံသားတွေ ဒီကိုလာလည်ဖို့ ဗီဇာလျှောက်ရတယ်လို့ ကြားရတာ တကယ်စိတ်မကောင်းဘူး။
ဒါ ကျွန်တော်တို့အစိုးရရဲ့ လမ်းကြောင်းမဟုတ်ဘူး။ အဲဒါက အတူတကွ ရင်းနှီးချစ်ခင်စွာ
နေထိုင်မှုကိုလည်း အားမပေးဘူး။ အာဆီယံနိုင်ငံတွေ မျှော်မှန်းထားတဲ့ စိတ်ဝိညာဉ်အစစ်အမှန်လည်း
မဟုတ်ဘူး"လို့ သူက ပြောပါတယ်။

ဒီကိစ္စကို အရေးယူဆောင်ရွက်ဖို့၊ အာဆီယံနိုင်ငံတွေအားလုံး ညီတူညီမျှဖြစ်ဖို့ ဆောင်ရွက်မယ်လို့လည်း
သူက ကတိပေးပြောဆိုခဲ့ပါတယ်။

ဗီဇာရှိရှိ၊ မရှိရှိ မြန်မာလူမျိုးတော်တော်များများကတော့ မလေးရှားနိုင်ငံကို သွားရောက်လျက်ရှိပြီး
အဲဒီမှာ နေထိုင်သူတွေလည်း အများကြီး ရှိကြပါတယ်။

မလေးအခြေစိုက် မြန်မာလူမှုကူညီရေးအသင်းအဖွဲ့များရဲ့ ခန့်မှန်းချက်အရ မလေးရှားနိုင်ငံမှာ
ရွှေ့ပြောင်းမြန်မာအလုပ်သမားပေါင်း ငါးသိန်းကျော်ကနေ ခုနစ်သိန်းအထိ ရှိနိုင်တယ်လို့
ပြီးခဲ့တဲ့ မေလက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

တိုးရစ်ဗီဇာအခက်အခဲက လုပ်ငန်းပိုင်းဆိုင်ရာအမှားတစ်ခုလို့ ၀န်ကြီးက ဆိုပေမဲ့ မလေးရှားနဲ့
မြန်မာနိုင်ငံကြားက ကိစ္စတွေက ဒါတစ်ခုတည်းမဟုတ်ပါဘူး။ ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေအပေါ်
မတရားဖြစ်စဉ်တွေ ပြုလုပ်နေတယ်လို့ မလေးရှားနိုင်ငံဝန်ကြီးချုပ်က လူထုစုဝေးမှု တစ်ခုပြုလုပ်ကာ
စွပ်စွဲပြီးနောက်ပိုင်း ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလက စတင်ပြီး ဒီနှစ်ဇွန်လအထိ မြန်မာက မလေးရှားနိုင်ငံသို့
အလုပ်သမားစေလွှတ်ခြင်းကို ယာယီ ပိတ်ထားခဲ့ပါတယ်။

အဲဒီလိုပိတ်ပင်မှု မရှိခင်တုန်းကတော့ လစဉ်တိုင်း မြန်မာအလုပ်သမားပေါင်း သုံးထောင်နဲ့
လေးထောင်ကြား အလုပ်လုပ်ကိုင်ဖို့ မလေးရှားနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

နေပြည်တော်နဲ့ ကွာလာလမ်ပူက ဗျူရိုကရက်အရာရှိတွေ၊ နိုင်ငံရေး သမားတွေကြားမှာ အမြဲတမ်း
အဆင်ပြေချင်မှ ပြေကြမှာဖြစ်ပေမဲ့ စာရေးသူကတော့ တခြားအာဆီယံလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ
ဒီလအလယ်ပိုင်းလောက်က မလေးရှားနိုင်ငံကို သွားရောက်တဲ့ခရီးစဉ်မှာ အဆင်ပြေပြေဖြစ်ခဲ့ပါတယ်။

ဒီခရီးစဉ်ကနေတစ်ဆင့် အာဆီယံနိုင်ငံတွေအားလုံးမှာ ဆင်တူတဲ့ အရာတွေသာမကဘဲ
အချင်းချင်းဆီက ဘယ်လိုတွေသင်ယူနိုင်လဲဆိုတာ စာရေးသူကိုယ်တွေ့ သိခဲ့ရပါတယ်။

တစ်စိတ်တစ်ဝမ်းတည်း

စာရေးသူ သေသေချာချာနားလည်သဘောပေါက်ခဲ့တာကတော့ မလေးရှားနိုင်ငံဟာ
ဘယ်လောက်ပါးပါးနပ်နပ်နဲ့ သူတို့ခရီးသွားလုပ်ငန်းကို မြှင့်တင်နေလဲဆိုတာပါပဲ။

နှစ်နှစ်တစ်ကြိမ် ကျင်းပနေကျဖြစ်တဲ့ အရှေ့တောင်အာရှအားကစား ပွဲတော်ကို ဒီနှစ်မှာ မလေးရှားက
အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို အာဆီယံဒေသတွင်းက
သေသေချာချာ ထပ်သိအောင် မလေးရှားခရီးသွားဝန်ကြီးဌာနက သတင်းနှင့် စာနယ်ဇင်းသမားတွေ၊
ဘလော့ခ်ရေးသူတွေအတွက် သူတို့နိုင်ငံတွင်းမှာ အလည်အပတ်ခရီးစဉ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။
ကံကောင်းစွာနဲ့ မြန်မာတိုင်း(မ်)ကလည်း အဲဒီခရီးစဉ်မှာ ပါဝင်ခဲ့ရပါတယ်။

အာဆီယံနိုင်ငံတွေက စာနယ်ဇင်းသမားပေါင်း ၅၀ ကျော်ဟာ ခရီးစဉ်အတွင်းမှာ
"Malaysia on Wheels" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စိတ်ဝင်စား တက်ကြွဖွယ်ကောင်းတဲ့
ရတနာသိုက်ရှာဖွေတဲ့ဂိမ်းကို မလေးရှားနိုင်ငံအနှံ့က မြို့အတော်များများကို လှည့်လည်သွားလာပြီး
ကစားခဲ့ရပါတယ်။

ဂိမ်းထဲမှာ မလေးရှားနိုင်ငံရဲ့ယဉ်ကျေးမှုတွေ၊ အခြေခံအဆောက်အအုံတွေနဲ့ ပတ်သက်ဆက်စပ်တာ
တွေကို ဓာတ်ပုံရိုက်ကူးရတဲ့ တာဝန်တွေကို ဖန်တီးပေးထားပြီး ရိုက်ကူးပြီးတဲ့ ဓာတ်ပုံတွေကို
စာရေးသူတို့ရဲ့ ဆိုရှယ်မီဒီယာ (ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်ပေ့ခ်ျ)တွေမှာ တင်ပေးမှသာ
တာဝန်ပြီးမြောက်အောင်မြင်မှာ ဖြစ်ပါတယ်။

ခရီးစဉ်အတွင်းမှာ ဓာတ်ပုံပို့စ်တွေအများကြီး တင်ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ရတာ ပျော်စရာလည်း
ကောင်းတယ်ဆိုတာ စာရေးသူ ၀န်ခံပါတယ်။ မလေးရှားနိုင်ငံတွင်းက မြို့ပေါင်းတော်တော်များများကို
သွားရောက်ရပြီး အရင်က တစ်ခါမှမလုပ်ဖူးခဲ့တဲ့ လှုပ်ရှားမှုပေါင်းများစွာမှာ ပါဝင်ခဲ့ရတာမို့
စာရေးသူအတွက်တော့ စိတ်လှုပ်ရှားစရာ၊ စိတ်ဝင်စားစရာ အတွေ့အကြုံတွေကို ရရှိခဲ့တာလည်း
အမှန်ပါပဲ။

Ipoh မြို့က ရွှံ့အိုးလုပ်တဲ့ အလုပ်ရုံမှာ ပါဝင်ခဲ့သလို မကြာသေးခင်ကမှ ဖွင့်ထားတဲ့ အာရှရဲ့ပထမဆုံး
အန်နီမေးရှင်းစတူဒီယိုကို သွားရောက် လည်ပတ်ခဲ့ရပါတယ်။ ပြီးတော့ Putrajaya မြို့မှာရှိတဲ့ 
Air Asia ရုံးချုပ်ကို လေ့လာခွင့်ရခဲ့ပါတယ်။ အဲဒီရုံးချုပ်မှာ ကြမ်းပြင်ပေါ် သက်သောင့်သက်သာထိုင်ကာ
အစည်းအဝေးတွေကို လုပ်ကြပြီး သူတို့အားလပ်ချိန်တွေမှာ ဗီဒီယိုဂိမ်းကစားလို့လည်း ရပါတယ်။

ခရီးစဉ်ရဲ့လှည့်ကွက်လေလား၊ ဒါမှမဟုတ် မလေးရှားနိုင်ငံနဲ့ စာရေးသူကြားမှာ တစ်ခုခုပဲ
ရှိနေလေသလားတော့ မသိတော့ပါဘူး။ အကြောင်းကတော့ ခရီးစဉ်အတွင်းမှာ မလေးရှားနဲ့
မြန်မာကြားက တူညီမှုလေးတွေကို စာရေးသူ ရှာတွေ့ခဲ့ပါတယ်။

ကွာလာလမ်ပူမှာရှိတဲ့ Independence square ကို လေ့လာခွင့်ရခဲ့စဉ်မှာ မလေးရှားနိုင်ငံလိုပဲ
မြန်မာနိုင်ငံသားတွေလည်း ဗြိတိသျှလက်အောက်မှာ နေထိုင်ခဲ့ရပုံကို ပြန်ပြီးအမှတ်ရလာမိပါတယ်။

Batu လိုဏ်ဂူရောက်တော့လည်း မျောက်တွေအများကြီး မြင်တွေ့ရပြန်တော့ ပုပ္ပါးတောင်မှာ
တွေ့ဖူးတဲ့ မျောက်တွေကို အမှတ်ရမိပြန်တယ်။

နောက်ပြီး Perak မြို့မှာ မလေးရှားရိုးရာအစားအသောက်တွေ မြည်းစမ်းခွင့်ရပြန်တော့ မြန်မာပြည်က
မုန့်ဦးနှောက်နဲ့ ငှက်ပျောကြော်ကို သတိရမိပြန်တယ်။

အားလုံးကိုခြုံပြောရရင်တော့ ဂိမ်းတွေအများကြီး အတူတူကစားခွင့်ရခဲ့တဲ့ အာဆီယံနိုင်ငံတွေက
မိတ်ဆွေတွေနဲ့ စာရေးသူဟာ မိသားစုကြီး တစ်ခုလို ပိုပြီးစည်းလုံးသွားတယ်လို့ ခံစားရစေပါတယ်။

ဒီလိုစိတ်ပိုင်းဆိုင်ရာခံစားမှုအပြင် စီးပွားရေးဆိုင်ရာကိစ္စတွေကိုပါ ခံစားမိခဲ့ပါသေးတယ်။

မလေးရှားနိုင်ငံကို လာရောက်တဲ့ ခရီးသွားဦးရေက အနောက်နိုင်ငံတွေကထက် အာဆီယံ ၁၀ နိုင်ငံက
လာသူတွေက ပိုများနေတယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ်မှာဆိုရင် မလေးရှားနိုင်ငံကို သွားရောက် လည်ပတ်သူရဲ့ ၇၅ ဒသမ ၈ ရာခိုင်နှုန်းက
အာဆီယံနိုင်ငံက ခရီးသွားတွေပဲ ဖြစ်ပါတယ်။ [အဲဒီဦးရေက တစ်နှစ်အတွင်း ခန့်မှန်းခြေ ခရီးသွား
၂၀ ဒသမ ၃ သန်းရှိခဲ့ပြီး မြန်မာငွေ ၁ ဒသမ ၄ ထရီလျံ (အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ) ကို
ယူဆောင်ပေးနိုင်ခဲ့တာပါ။]

မလေးရှားနိုင်ငံဟာ အာဆီယံအဖွဲ့အစည်းဆီက ဘယ်လိုအကျိုးစီးပွားကို ရယူနိုင်သလဲဆိုတာ
သေသေချာချာသိတဲ့ နိုင်ငံတစ်နိုင်ငံပါ။ အဲဒီတော့ မြန်မာနိုင်ငံလည်း သူတို့လိုဖြစ်အောင်
မကြိုးစားသင့်ပေဘူးလား။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်