လမ်းကြောင်းတစ်ခုပေါ် ရောက်လာတဲ့ 'ည'

သမ္မတရုံရှေ့က 'ည' ဇာတ်ကားပိုစတာရှေ့မှာ ဓာတ်ပုံအရိုက်ခံနေသူတစ်ဦးကို ဇူလိုင် ၃၁ ရက်က တွေ့ရစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)သမ္မတရုံရှေ့က 'ည' ဇာတ်ကားပိုစတာရှေ့မှာ ဓာတ်ပုံအရိုက်ခံနေသူတစ်ဦးကို ဇူလိုင် ၃၁ ရက်က တွေ့ရစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

မျက်နှာသစ်ရုပ်ရှင်ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ 'ည' ရုပ်ရှင်ကို ပြီးခဲ့တဲ့သောကြာနေ့ (ဇူလိုင် ၂၈)က
သမ္မတနဲ့ သွင် ရုပ်ရှင်ရုံအပါအ၀င် ရန်ကုန်က ရုပ်ရှင်ရုံ ၁၁ ရုံမှာ ရုံတင်ပြသခဲ့သလို မန္တလေး၊
ပြင်ဦးလွင်၊ တောင်ကြီးအပြင် တခြားတိုင်းနဲ့ ပြည်နယ်တွေက ရုပ်ရှင်ရုံတော်တော်များများမှာ
တစ်ပြိုင်နက်တည်း စတင်ပြသခဲ့ပါတယ်။

မင်းသားဈေးကွက်အားကောင်းတဲ့ မြန်မာ့ရုပ်ရှင်ဈေးကွက်မှာ ဇာတ်ကားတော်တော်များများကို
ရိုက်ကူးထုတ် လုပ်လေ့ရှိတဲ့ ပုံစံက နာမည်ကြီးမင်းသား၊ မင်းသမီးတွေကို အပြုံလိုက်ကြီး
ထည့်သုံးထားခြင်းပါပဲ။

ဒါကြောင့် ဝေဖန် သူတွေ သုံးသပ်ကြတာက ဇာတ်လမ်းနဲ့ အနုပညာဖန်တီးမှုကို ချပြချင်တာ
အဓိကမဟုတ်ဘဲ မင်းသား၊ မင်းသမီးတွေကို အဓိကထားပြီး ပြသနေကြတယ်ဆိုတာပါပဲ။

ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ 'ည'ရုပ်ရှင်ဇာတ်ကားမှာတော့ ရုပ်ရှင်ဈေးကွက်မှာ မြင်တွေ့နေကျ
ပုံစံမျိုးမဟုတ်ဘဲ မျက်နှာသစ်သရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒါက လက်ရှိရုပ်ရှင်ဈေးကွက်ထဲကို ၀င်တိုးဖို့ ဒါရိုက်တာအတွက် စိန်ခေါ်မှုဖြစ်နိုင်ပေမဲ့
ဇာတ်ကား မပြသခင်ကတည်းက လူစိတ်ဝင်တစားရရှိအောင် အွန်လိုင်းကနေတစ်ဆင့်ရော၊
ပြည်တွင်းမီဒီယာတွေက နေတစ်ဆင့်ပါ အဆက်မပြတ် လူသိအောင် လုပ်ခဲ့တဲ့အတွက်
မပြသသေးခင်ကတည်းက ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တာပါ။

ပြသမယ်ဆိုတော့လည်း အကြိုပြသပွဲကို သုံးကြိမ် တောင်ပြုလုပ်ခဲ့တာမို့ ကြည့်ပြီးသွားကြတဲ့
အနုပညာရှင်တွေ၊ အလှအပနဲ့ ခရီးစဉ်တွေအကြောင်း ရေးသားကြတဲ့ Blogger တွေအပြင်
ဇာတ်လမ်းတို၊ ဇာတ်လမ်းရှည်ရုပ်ရှင် ဒါရိုက်တာတွေကလည်း ဆိုရှယ်မီဒီယာမှာ review တွေ
အသီးသီး ရေးသားခဲ့ကြတာမို့လို့ ရုံတင်ပြသခဲ့တဲ့ မြန်မာရုပ်ရှင်ဇာတ်ကားတွေထဲမှာ
လက်ရှိအချိန်အထိ review အများဆုံးရေးသားခံရတဲ့ ဇာတ်ကားတစ်ကားလို့တောင် ပြောရမလားပါပဲ။

နှစ်နာရီနီးပါး ကြာချိန်ရှိတဲ့ 'ည' ရုပ်ရှင်ကို Good Old Days ရုပ်ရှင်ထုတ်လုပ်ရေးကနေ
ထုတ်လုပ်တာဖြစ်ပြီး Cinematographer ကတော့ သိဒ္ဓိပါ။ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ တည်းဖြတ်နဲ့
ဒါရိုက်တာကတော့ ထူးပိုင်ဇော်ဦးပါ။

ဇာတ်လမ်းအမျိုးအစားအသစ်ကို သရုပ်ဆောင် အသစ်တွေနဲ့ ဒါရိုက်တာအသစ်က
ရိုက်ကူးတင်ပြထားတယ်ဆိုပေမဲ့ တော်တော်များများရဲ့ review တွေအရ 'ည'ဟာ မြင်တွေ့နေကျ
ဇာတ်ကားပုံစံတွေလို မဟုတ်ဘဲ ရသအသစ်တွေပေးတယ်ဆိုပြီး အကောင်းဘက်က
ရေးသားထားကြတာကြောင့် အများပြည်သူအတွက် ရုံတင် ပြသတဲ့အချိန်မှာ လူဝင်များပြီး
အခြေအနေကောင်း နေပုံရပါတယ်။

ဒါရိုက်တာ ထူးပိုင်ဇော်ဦးဆိုတာက ၀ဿန်ရုပ်ရှင်ပွဲတော်မှာ ဇာတ်လမ်းတိုတွေနဲ့ ပါဝင်ပြိုင်ပွဲဝင်ဖူးသူလည်း
ဖြစ်ပါတယ်။ Music video တွေ ရိုက်ကူးနေကျဆိုပေမဲ့ 'ည' ရုပ်ရှင်ဇာတ်ကားကတော့
Commercial film လိုင်းကို ပထမဦးဆုံး စတင်လိုက်တဲ့ခြေလှမ်းပဲ ဖြစ်ပါတယ်။

'ည'ကို အများစုက အစပိုင်းမှာ Horror ဇာတ်ကားလို့ ထင်ကြပေမဲ့ တကယ်တမ်းတော့
Psychological Thriller Drama အမျိုးအစားပါ။ ဇာတ်လမ်းက ရိုးစင်းတယ်ဆိုပေမဲ့ ဇာတ်အိမ်ခိုင်မာပြီး
ဇာတ်ညွှန်းကလည်း ဇာတ်ကားတချို့မှာမြင်တွေ့နေကျ အောက်လုံးတွေ၊ တစ်ဖက်ဖက်ကို
(အထူးသဖြင့် LGBT အသိုင်းအ၀ိုင်းနဲ့ ရုပ်ဆိုးတဲ့သူ၊ ၀တဲ့သူတွေ) နှိမ်ချပြောတဲ့အကြောင်းတွေ၊
ကွန့်ညွန့်ထားတဲ့ Metaphor dialogue တွေ မပါဝင်ဘဲ ဇာတ်လမ်းထဲက ဇာတ်ကောင်၊
ဇာတ်ရုပ်တစ်ခုချင်းစီကို ရုပ်လုံးကြွလာအောင် အလိုအပိုမရှိ ပံ့ပိုးနိုင်တယ်လို့ မြင်မိပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ April Fool လုပ်တဲ့အနေနဲ့ သူငယ်ချင်းငါးယောက် တစ်ယောက်နဲ့
တစ်ယောက် စနောက်ကြတာကိုအခြေခံရင်း စနောက်ခြင်းကြောင့် တစ်ဖက်သားကို ထိခိုက်မိပြီး
အငြိုးအတေးထား လက်စားချေရာကနေ ဖြစ်တည်လာတဲ့ ဇာတ်ကွက်နဲ့ သူငယ်ချင်းအချင်းချင်း
သစ္စာစောင့်သိမှုမရှိဘဲ ဖောက်ပြားခြင်းကနေ ဖြစ်ပေါ်လာတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတို့ကို
ပေါင်းစပ်ပြီး ညတစ်ညမှာ မမျှော်လင့်ဘဲဖြစ်သွားတဲ့ အကြောင်းအရာတွေကို တင်ပြထားတာပါ။

ဒါကြောင့် ဇာတ်ကားနာမည်ကို 'ည' လို့ ပေးဖြစ်သွားတယ်လို့ ထင်ပါတယ်။ အဲဒီလိုတင်ပြရာမှာ
ထူးပိုင်ဇော်ဦးအနေနဲ့ သတ်သတ်စီ ဖြစ်နေတဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်တစ်ခုချင်းစီကို ပရိသတ်
ပျင်းမသွားစေဘဲ စ၊ လယ်၊ ဆုံးတိုင် မလွတ်တမ်း ကြည့်ရအောင် အချိတ်အဆက်မိမိ၊ ကွင်းဆက်ကျကျ
နောက်ကြောင်းပြန်ပြတဲ့ ပုံစံလေးတွေနဲ့ ဟာကွက်မရှိအောင် ချိတ်ဆက်ပြသနိုင်တယ်လို့
မြင်မိပါတယ်။

ဇာတ်ကားတစ်ကားလုံးမှာ မလိုအပ်ဘဲ အလင်းရောင် မသုံးတာမျိုးတွေ၊ ညဥ့်သန်းခေါင်ရိုက်တဲ့
ဇာတ်ကွက်တွေမှာလည်း ဘယ်ကရောက်လာမှန်းမသိတဲ့ အလင်းရောင်တွေ သုံးထားတာမျိုး
မရှိသလို ပတ်ဝန်းကျင်အသံတွေကိုလည်း သေချာထည့်သွင်းတင်ပြထားနိုင်ပါတယ်။

အထူးသဖြင့် နိုင်ငံခြားကို ပညာတော်သင်သွားရမယ့် ချမ်းမင်းရဲထွဋ် ညဘက်အိပ်နေတဲ့
ဇာတ်ဝင်ခန်းကနေ မနက်မိုးလင်းသွားတဲ့ပုံစံကို အလင်းအမှောင် ကစားသွားတာကို
သဘောကျမိပါတယ်။

နောက်ပြီး တွေ့နေကျ မြန်မာရုပ်ရှင်ဇာတ်ကားထဲကလို စကားပြောသံ အတိုးအကျယ်မညီတာမျိုးတွေ၊
စကားပြောနေချိန်မှာ နောက်ခံ တေးဂီတသံက မလိုက်ဖက်စွာ ရုတ်တရက်ထွက်လာတဲ့
ဇာတ်ဝင်ခန်းမျိုးတွေကိုလည်း ဇာတ်ကားတစ်ခုလုံးမှာ မတွေ့ခဲ့ရပါဘူး။

'ည'ရုပ်ရှင်အတွက် ဇာတ်ဝင်တေးနှစ်ပုဒ် ရှိတယ်လို့ ဆိုပေမဲ့ စာရေးသူကြားမိတာကတော့
ဇာတ်ဝင်တေး တစ်ပုဒ်ကို သံစဉ်အမျိုးမျိုးပြောင်းပြီး ဇာတ်ကွက်နဲ့အညီ ထည့်သွင်း
တီးခတ်ထားတာပါပဲ။

တခြားဇာတ်ကားတွေမှာ မတွေ့ရတဲ့ scene အသစ် တွေဖြစ်တဲ့ ညဘက် စည်ပင်ဝန်ထမ်းတွေ
အမှိုက်သိမ်းနေတဲ့ ပုံစံလိုမျိုး၊ မြို့ထဲက သက်တမ်းလွန် တိုက်ခန်းတွေရဲ့ ဆေးရောင်မှေးမှိန်
ပျက်ပြယ်နေတဲ့ မြင်ကွင်းတွေ၊ ရထားသံလမ်းတွေ၊ ယိုယွင်းပြီး လူအသုံးမပြုတော့တဲ့ ကုန်လှောင်ရုံတွေ
စတဲ့ မြင်ကွင်းအမှန်၊ ရန်ကုန်မြို့ရဲ့ သရုပ်အမှန်တွေကိုလည်း ဇာတ်ကားထဲမှာ လိုက်ဖက်စွာ
ထည့်သွင်းထားတာ တွေ့ရပါတယ်။

ဇာတ်ကားတစ်ကားလုံးမှာ ဒါရိုက်တာ ဘယ်လောက် တော်တော်၊ ဇာတ်ညွှန်း
ဘယ်လောက်ကောင်းကောင်း ဇာတ်ဆောင်တွေ အသုံးမကျဘူးဆိုရင် အဲဒီဇာတ်ကားကို
ပရိသတ်တွေ သဘောတွေ့မှာမဟုတ်ပါဘူး။

အထူးသဖြင့် 'ည' လိုမျိုး ဈေးကွက်မရှိသေးတဲ့ ဇာတ်ဆောင်အသစ်တွေချည်း
ထည့်သွင်းရိုက်ကူးထားတဲ့ ရုပ်ရှင်အတွက် စွန့်စားမှု တစ်ခုလိုပါပဲ။

'ည'မှာပါဝင်တဲ့ ဇာတ်ဆောင်တွေအကုန်လုံးကို ဒါရိုက်တာက သူတို့အပြင်က
တကယ့်နာမည်တွေကိုပဲ ထည့်သွင်းအသုံးပြုထားပါတယ်။

ဇာတ်ကောင် ၁၀ ဦး ပါဝင်သရုပ်ဖော်ထားတဲ့ 'ည'မှာ သရုပ်ဆောင်တွေ အကုန်လုံးအနေနဲ့
ဇာတ်ကားမှာ အချိုးကျ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဒါကြောင့် ဘယ်သူကတော့ အဓိကဇာတ်ဆောင်ပါ၊ ဇာတ်ရံ၊ ဇာတ်ပို့ ပါဆိုပြီး ပြောလို့မရနိုင်ပါဘူး။

'ည'ရုပ်ရှင်ရဲ့ ဉ်ငခငေူ င်္ခေနဘသသု စာမျက်နှာမှာတော့ 'ည'ဇာတ်ကားအတွက် ထူးပိုင်ဇော်ဦးက
သရုပ်ဆောင် အသစ်တွေကို အွန်လိုင်းမီဒီယာ၊ စာနယ်ဇင်းမီဒီယာတွေကနေ ကြေညာပြီး
လာရောက်လျှောက်ထားတဲ့ အယောက် ၃၀၀ ထဲကမှ နောက်ဆုံး ၁၀ ယောက်ကို ရွေးချယ်ခဲ့တာ
ဖြစ်သလို သရုပ်ဆောင်တွေကိုလည်း ရက်ပေါင်း ၁၅၀ လောက် သေချာလေ့ကျင့်ပေးခဲ့တယ်လို့
ရေးသားထားတာ တွေ့ရပါတယ်။

ဒါတွေကြောင့် ဒီလိုမျိုးရလဒ်ကောင်းမျိုး ထွက်လာတယ်လို့ ထင်မိပါတယ်။ နောက်ပြီး
ဇာတ်ကားတစ်ကားလုံး ပြီးစီးဖို့အတွက် အချိန်လေးနှစ်ယူခဲ့ရသလို ရုံတင်ရက် ရရှိဖို့အတွက်ကိုတော့
နှစ်နှစ်နီးပါး စောင့်ဆိုင်းခဲ့ရပါတယ်။

အဆိုးနဲ့ အကောင်းက ဒွန်တွဲနေသလို အားသာချက်ရှိရင် အားနည်းချက်ဆိုတာကလည်း ရှိစမြဲပါ။
ဇာတ်လမ်း စကတည်းက မြှုပ်ကွက်တွေ၊ အလှည့်အပြောင်း၊ အကွေ့အကောက်တွေနဲ့ စာရေးသူကို
ဆွဲခေါ်နိုင်ပေမဲ့ ဇာတ်သိမ်းကို မြန်မြန်ဆန်ဆန်ကြီး တိခနဲ ဖြတ်ချလိုက်သလိုမျိုး လုပ်ထားတာကိုတော့
အားမရလှပါဘူး။ ဇာတ်သိမ်းကို ဘာကြောင့်အဲဒီလို မြန်မြန်ဆန်ဆန်ဖြတ်ချ လိုက်တယ်
ဆိုတာကိုတော့ ဒါရိုက်တာဆီမှာ အကြောင်းပြချက် ကောင်းတစ်ခုတော့ ရှိပါလိမ့်မယ်။

အားလုံးခြုံငုံပြီးပြောရရင်တော့ ဒါရိုက်တာ ထူးပိုင် ဇော်ဦးရဲ့ 'ည'က အသစ်အဆန်းတွေ
ဆာလောင်နေတဲ့ ရုပ်ရှင်ပရိသတ်တွေအတွက် ညစာကောင်းကောင်းစား လိုက်ရသလို
စိတ်ကျေနပ်မှုအပြည့်အ၀ ပေးနိုင်မယ့် မြန်မာရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားပါပဲ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်