စွန့်စားမှု ရှာဖွေနေသူတွေအတွက် သွားစရာနေရာသစ် Xcape Squad

Xcape Squad အခန်းအတွင်းပိုင်း မြင်ကွင်း။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)Xcape Squad အခန်းအတွင်းပိုင်း မြင်ကွင်း။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

အရာရာက မှောင်မိုက်လို့။ ကံကောင်းထောက်မစွာနဲ့ လက်ထဲမှာ ကိုင်ထားတဲ့ မီးအိမ်လေးနဲ့ မြင်ရတဲ့
အတိုင်းအတာအရကတော့ စာရေးသူက သရဲအိမ် တစ်အိမ်ရဲ့ မျက်နှာစာဘက်ခြမ်းကို
ရောက်နေတယ်လို့ ယူဆရတယ်။

မှုန်ပျပျအလင်းရောင်ကတစ်ဆင့် အ၀င်တံခါးပေါက်ရှေ့မှာတော့ လူတစ်ယောက်က စာရေးသူကို
ကြည့်ပြီး စကားပြောနေတာ မြင်ရတယ်။ ဘာကြောင့် ဒီကို ရောက်လာရသလဲ။ အဲဒီလူရဲ့
ပြောပြချက်အရတော့ စာရေးသူက တောနက်ကြီးထဲမှာရှိတဲ့ဒီအိမ်မှာ သရဲရှိမရှိ ကိုယ်တိုင်
လာအတည်ပြုတဲ့ လူသားတစ်ယောက်တဲ့။

ဒီအိမ်ကနေ တစ်နာရီအတွင်း အပြင်ရောက်အောင် ထွက်မသွားနိုင်ရင် သရဲမ သတ်တာကို
ခံရမယ်ဆိုတဲ့ သတိပေးစကားတွေကိုမမှုဘဲ အိမ်ထဲကို တိုးဝင်ဖို့ ကြိုးစားနေသူပါတဲ့။

စာဖတ်ပရိသတ်တို့ ... ထိတ်လန့်သွားကြပါသလား။ တကယ်တော့ စာရေး သူက မကြာသေးခင်ကမှ
ရန်ကုန်မှာ ဖွင့်လှစ်လိုက်တဲ့ ချောက်ချားဖွယ် အခန်းထဲကနေ ပဟေဠိတွေကို ဖြေရှင်းပြီး
သတ်မှတ်ထားတဲ့အချိန်မကုန်ခင် အပြင်ရောက်အောင်ထွက်ရတဲ့ ဂိမ်းခန်းထဲကို ရောက်ရှိနေတာပါ။
ဂိမ်းရဲ့တာဝန်တွေကတော့ ရှင်းပါတယ်။ သဲလွန်စတွေနောက်လိုက်ပြီး ပဟေဠိတွေကို ဖြေရှင်းရမှာပါ။
အဲဒါဆို အခန်းထဲကနေ ထွက်နိုင်မယ့်သော့ကို ရရှိပါမယ်။

Xcape လို့ခေါ်တဲ့ ဒီဂိမ်းကို ကမ္ဘာအနှံ့မှာ ကစားနေကြတာ ကြာပါပြီ။ မြန်မာပြည်မှာတော့
အသက် ၂၀ ကျော် လူငယ်ခြောက်ဦးက Xcape Squad ဆိုတဲ့အမည်နဲ့ ဇွန်လထဲမှာ
စပြီးဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။

သူငယ်ချင်းတွေဖြစ်ကြတဲ့ လူငယ်ခြောက်ဦးဟာ တကယ့်လက်တွေ့ စွန့်စားလုပ်ကိုင်ရတဲ့ ဒီဂိမ်းကို
စင်ကာပူမှာ ပထမဆုံးကစားခဲ့ရာကနေ ကြိုက်နှစ်သက်ပြီး ရန်ကုန်မှာ ဖွင့်ဖို့ အတွေးရခဲ့တာလို့
တည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုငြိမ်းထက်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"ကျွန်တော်တို့သူငယ်ချင်းတွေ စင်ကာပူမှာ စုဆော့ပြီးကြိုက်လို့ ဒီမှာ ဆော့ဖို့ရှာကြည့်တော့လည်း
မရှိဘူး။ ဒါကြောင့် ဒီကလူတွေကိုလည်း ကစားစေချင်လို့ ကျွန်တော်တို့ ပြန်ပြီးတော့
ကိုယ့်ဘာသာကိုယ်ပဲ ဖွင့်လိုက်တာ"လို့ သူက ဆိုပါတယ်။

စာရေးသူက ရှားလော့ဟုမ်းအခန်း၊ သရဲခြောက်တဲ့ အခန်းနဲ့ စိတ္တဇအခန်း ဆိုပြီး သုံးခန်းရှိတဲ့အထဲကမှ
ခက်ခဲမှုအဆင့်အလယ်အလတ်ဖြစ်တဲ့ သရဲခြောက်တဲ့ အိမ်ထဲကို ၀င်ကြည့်ခဲ့တာပဲဖြစ်ပါတယ်။

ကိုယ်ရွေးချယ်လိုက်တဲ့ အခန်းက လွတ်မြောက်ဖို့ ကြိုးစားချိန် တစ်နာရီရမှာဖြစ်ပြီး အဲဒီအချိန်အတွင်းမှာ
လွတ်မြောက်နိုင်တဲ့ သော့ရရှိဖို့ ပဟေဠိဆယ်ခုလောက်ကို ဆက်စပ်စဉ်းစား အဖြေထုတ်ပြီး
ဖြေရှင်းရမှာပါ။

အခန်းတစ်ခန်းစီရဲ့အကျယ်အ၀န်းက ၁၈ ပေပတ်လည်ဝန်းကျင်ရှိပြီး လှည်းတန်းက ဂမုန်းပွင့်
စူပါမားကက်အပေါ်ထပ် ငါးလွှာမှာ ဖွင့်ထားတာဖြစ်ပါတယ်။

အခန်းတစ်ခန်းစီရဲ့ ခက်ခဲမှုအတိုင်းအတာက မတူညီပါဘူး။ အုပ်စုလိုက်ကစားရတဲ့ ဂိမ်းဖြစ်တဲ့အတွက်
တစ်ခါကစားရင် အများဆုံး ရှစ်ဦးအထိ ကစားနိုင်ပါတယ်။

Xcape Squad ကို ကိုငြိမ်းထက်အပါအ၀င် လူငယ်ခြောက်ဦးက စုပေါင်းဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)Xcape Squad ကို ကိုငြိမ်းထက်အပါအ၀င် လူငယ်ခြောက်ဦးက စုပေါင်းဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

ကိုငြိမ်းထက်ကတော့ စိတ္တဇအခန်းက ဆော့ရတာ အခက်ဆုံးမို့ ရှစ်ယောက်လောက် စုပေါင်းပြီး
ကစားဖို့ ကောင်းပေမဲ့ ရှားလော့အခန်းကိုတော့ လေး၊ ငါးယောက်လောက် ကစားတာ
အသင့်တော်ဆုံးပဲလို့ အကြံပေးပါတယ်။

"ကိုယ့်သူငယ်ချင်းအကြောင်းကို သိတယ်သာပြောတာ၊ ဒါပေမဲ့ အထဲကို ရောက်သွားတော့မှ သူ့ရဲ့
thinking လေးတွေကို ပိုသိလာတယ်။ နည်းနည်းတော့ တစ်ယောက်နဲ့တစ်ယောက် ပိုနားလည်မှု
ရှိလာတယ်။ နားလည်မှုပိုရှိသလို ရန်လည်း ပိုဖြစ်ကြတယ်။ ငြင်းကြတယ်။ Booming
ဖြစ်သွားတာတော့ အမှန်ပဲ။ ပြီးတော့ ပျော်တယ်။ Team building အတွက်လည်း ကောင်းတယ်"လို့
သူ့သူငယ်ချင်းတွေနဲ့အတူ ဂိမ်းကစားခြင်းမှ ရရှိတဲ့အတွေ့အကြုံကို ကိုငြိမ်းထက်က ပြောပြပါတယ်။

သူတို့ရဲ့ Xcape Squad ကို စဖွင့်တဲ့အချိန်ကတည်းက အခုထိ အချိန်နှစ်လ အတောအတွင်း
လာရောက်ကစားသူပေါင်း ၂၀၀ ကျော်ရှိနေပြီဖြစ်ပြီး ဒုတိယလအတွင်းမှာ စဖွင့်တဲ့ ပထမလနဲ့စာရင်
လာကစားသူဦးရေ ၅၀ ရာခိုင်နှုန်းလောက် တိုးလာတယ်လို့ ဆိုပါတယ်။

"သဲလွန်စတွေ၊ မျှော်လင့်မထားတဲ့ ပဟေဠိတွေနောက်လိုက် အဖြေရှာရင်း အရမ်းမိုက်တဲ့အချိန်တွေ
ကုန်ဆုံးခဲ့တယ်။ တစ်နာရီကုန်သွားတာ အရမ်းမြန် တယ်။ အခန်းက မကြီးပေမဲ့ နည်းပညာ
အမြင့်တွေနဲ့ ချောက်ချားဖို့ကောင်းအောင် လုပ်ထားနိုင်တယ်"လို့ Xcape Squad မှာ
လာရောက်ကစားသူ တစ်ဦးဖြစ်တဲ့ မထက်ရည်ဝင်းက ပြောပါတယ်။

စာရေးသူဆော့ခဲ့တဲ့ သရဲခြောက်တဲ့ အိမ်ကတော့ ပေါက်ပြား၊ ခက်ရင်းခွ စတဲ့ သရဲကားတွေမှာ
ပါနေကျ လူသတ်လက်နက်တွေ၊ မျက်နှာအမူအရာ ပြောင်းသွားတဲ့ လူဓာတ်ပုံတွေ၊ သွေးစွန်းနေတဲ့
ပိတ်စဖြူတွေနဲ့ ဗိုလ်မရုပ်တွေ၊ ကြောက်ဖို့ကောင်းတဲ့ ကလေးငိုသံ စတဲ့ကြောက်လန့်ဖွယ်ရာတွေနဲ့
ပြည့်နှက်လို့နေတာက တကယ်သရဲခြောက်တဲ့အိမ်ထဲ ရောက်သွားသလို ခံစားချက်မျိုးကို
ရရှိခဲ့ပါတယ်။

"ဈေးနှုန်းကတော့ နည်းနည်းကြီးတယ်လို့ သူများတွေက ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က
ပြန်စဉ်းစားရတာကျတော့ လူတစ်ယောက်က တစ်ခေါက်ဝင်ပြီးရင် ကျွန်တော်က နောက်တစ်ခေါက်
ဒီနေရာအတွက် ပိုက်ဆံမရတော့ဘူးဆိုတာမျိုး ရှိတယ်။ ပြီးတော့ အထဲမှာ သုံးထားတဲ့ ကျွန်တော်တို့ရဲ့
decoration တွေ အရဆိုရင်တော့ အရမ်းကြီးယူထားတာ မရှိဘူး"လို့ ကိုငြိမ်းထက်က ဆိုပါတယ်။

Xcape Squad ရဲ့ ၀င်ကြေးက ပိတ်ရက်(စနေ၊ တနင်္ဂနွေ)ဆိုရင် တစ်ဦး အတွက် ကျပ် ၁၈,၀၀၀
သတ်မှတ်ထားပြီး တနင်္လာက သောကြာနေ့အထိကိုတော့ တစ်ယောက်စာကို ကျပ် ၁၄,၀၀၀ ပါ။

အွန်လိုင်းဘွတ်ကင်စနစ် အသုံးပြုပြီးလည်း အခန်းကြိုချိတ်ထားလို့ရပါတယ်။

မတူညီတဲ့ ပုံစံအသစ်နဲ့ အခန်းတွေကို ထပ်တိုးချဲ့ဖွင့်သွားဖို့ အစီအစဉ်ရှိပြီး အီဂျစ်အခန်း၊ အာကာသနဲ့
စုန်းမအခန်းတွေ ပြုလုပ်သွားဖို့ စဉ်းစားထားတယ်လို့လည်း ဆိုပါတယ်။

Xcape Squad ကို စံရိပ်ငြိမ် ဂမုန်းပွင့် ငါးလွှာ၊ လှည်းတန်းမှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်