ဂျေရုဆလင်မှာ မြန်မာတစ်ဦး ရုပ်ရှင်ကြည့်ခဲ့ရခြင်း

ပြင်သစ်ရုပ်ရှင်ဒါရိုက်တာ Michel Hazanavicius ကို စာရေးသူက နောက်ဆုံးရိုက်ကူးထားတဲ့
သူ့ရဲ့ဇာတ်ကား "Redoubtable" ကို မြန်မာပြည်မှာ လာရောက်ပြသဖို့ အစီအစဉ်ရှိလားလို့
မေးကြည့်လိုက်တဲ့အခါ သူက ခပ်ကြာကြာလေး ပြုံးလိုက်ပြီးမှ "ပြလို့ရရင် ပြမှာပါ"လို့
ပြန်ပြီးအဖြေပေးခဲ့ပါတယ်။

သူပြုံးလိုက်တဲ့အပြုံးကို ဆလိုက်မီးတွေကြားမှာ ထင်ထင်ရှားရှား ဖမ်းမိလိုက်ပေမဲ့ သူတစ်ခုခုဆို
လိုချင်ပုံရတဲ့ အဓိပ္ပာယ်ကိုတော့ အဖြေမထုတ်နိုင်ဘဲ မရေမရာဖြစ်ခဲ့မိပါတယ်။

The Artist ဇာတ်ကားဒါရိုက်တာကို ခုလိုမျိုးမေးခွန်းထုတ်နေတဲ့အချိန်အထိ ပြင်သစ်နိုင်ငံမှာကျင်းပတဲ့
ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပြီးခဲ့တဲ့မေလက ပွဲဦးထွက်ပြသခဲ့တဲ့ "Redoubtable" ကို စာရေးသူ
မကြည့်ဖူးသေးပါဘူး။

ဒါပေမဲ့ စာရေးသူ ရောက်ရှိနေတဲ့ ဂျေရုဆလင်ရုပ်ရှင်ပွဲတော်မှာ အဖွင့်ဇာတ်ကားအနေနဲ့ ပြသခဲ့တာမို့
Michel အပါအ၀င် နိုင်ငံတကာရုပ်ရှင်အသိုင်းအ၀ိုင်းက ပွဲတက်ရောက်သူတွေနဲ့အတူ
ကြည့်ရှုခံစားခဲ့ရပါတယ်။

ဇာတ်ကားက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လူမျိုးရေးအခြေအနေ (သို့) ကချင်ပြည်နယ်
မြောက်ပိုင်းမှာရှိတဲ့ ကျောက်စိမ်းကုန်သွယ်ရေးအကြောင်းကို ရိုက်ကူးထားတာ မဟုတ်ပါဘူး။

၁၉၆၀ ပြည့်နှစ်ဝန်းကျင်လောက်က ပြင်သစ်ရုပ်ရှင်လှုပ်ရှားမှု New Wave မှာ ပါဝင်ခဲ့တဲ့
ရုပ်ရှင်ဇာတ်ညွှန်းရေး ဆရာလည်းဖြစ်၊ ရုပ်ရှင်ဝေဖန်သူလည်းဖြစ်တဲ့ ပြင်သစ်-ဆွစ်ဇာလန်
ရုပ်ရှင် ဒါရိုက်တာ Jean-Luc Godard ရဲ့ အတ္ထုပ္ပတ္တိအကြောင်းကို အချစ်နဲ့ဟာသ ဇာတ်မြူးပုံစံ
ရိုက်ကူးထားတာပါ။

ဒါရိုက်တာ Michel ရဲ့ မိသားစုကပဲ ဂျူးလူမျိုးဖြစ်တာကြောင့်ပဲလား၊ ဒါမှမဟုတ် "Redoubtable"
ဇာတ်ကားကို ကိန်းစ်ရုင်ရှင်ပွဲတော်မှာ ပြသခဲ့တာကြောင့်လား၊ ဒါမှမဟုတ် တခြားအကြောင်း
တစ်စုံတစ်ရာကြောင့်ပဲလားတော့ မသိပေမဲ့ ဇူလိုင် ၁၃ ကနေ ၂၃ ရက်အထိ ကျင်းပခဲ့တဲ့
ဂျေရုဆလင်ရုပ်ရှင်ပွဲတော်မှာ အဖွင့်ဇာတ်ကားအဖြစ်ပြသဖို့ ဒီဇာတ်ကားကို ရွေးချယ်ခဲ့ကြပါတယ်။

စာရေးသူကိုလည်း မြန်မာနိုင်ငံရှိ အစ္စရေးသံရုံးရဲ့ဖိတ်ကြားမှုကြောင့် (၃၄)ကြိမ်မြောက်ကျင်းပခဲ့တဲ့
ဂျေရုဆလင်ရုပ်ရှင်ပွဲတော်ဖွင့်ပွဲညကို မြန်မာတိုင်း(မ်)ကို ကိုယ်စားပြုလို့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

"Redoubtable" ဇာတ်ကားအကြောင်း

Michel ရဲ့ "Redoubtable" က Godard အကြောင်းကိုရိုက်ကူးထားတဲ့
တခြားရုပ်ရှင်ဇာတ်ကားတွေနဲ့မတူဘဲ Godard ရဲ့ နေထိုင်မှုပုံစံကို ရယ်စရာ ပုံစံရိုက်ကွက်တွေ၊
ဇာတ်ကွက်တွေနဲ့အတူ သရုပ်ဖော်ထားတာကြောင့် ဇာတ်ကားပြသနေစဉ်မှာ ပွဲကြည့်ပရိသတ်တွေ
ကတော့ တ၀ါးဝါး တဟားဟားပါပဲ။

တခြားကျော်ကြားတဲ့ လူပုဂ္ဂိုလ်တွေရဲ့အတ္ထုပ္ပတ္တိတွေကို ရိုက်ကူးကြတဲ့အခါ သူတို့ဘဝ
ဘယ်လိုဖြစ်လာတယ်၊ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ဖြတ်သန်းခဲ့ရတယ်၊ ဘယ်လိုကြိုးစား
ရုန်းကန်ခဲ့ရတယ်ဆိုတဲ့ အကြောင်းတွေကို ခေတ်သစ်လူတွေသိအောင် အတုယူဖွယ်၊
လေးစားအားကျဖွယ် ရိုက်ကူးပုံဖော်ကြပေမဲ့ Michel ကတော့ အဲဒါတွေအကုန်လုံးနဲ့
ဆန့်ကျင်ဘက်ပါပဲ။

ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းကို Godard ရဲ့ဇနီးဟောင်း ရုပ်ရှင်မင်းသမီး Anne Wiazemsky က
Godard နဲ့ သူ့ရဲ့အိမ်ထောင်သည်ဘ၀အကြောင်း ရေးသားထားတဲ့ ၀တ္ထုအပေါ်အခြေခံပြီး
ပြန်လည်ရေးသားပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Godard အပေါ် သူ့ရဲ့ဇနီးဟောင်း
Anne Wiazemsky ရဲ့အမြင်က တခြားသူတွေရဲ့ အမြင်နဲ့မတူဘဲ တစ်မူကွဲပြားနေတာလည်း
ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ဒီဇာတ်ကားကို ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပထမဦးဆုံးအကြိမ် ပြသအပြီးမှာတော့ ဝေဖန်သံတွေ
ညံခဲ့ကြပါတယ်။ တချို့ရုပ်ရှင်ဝေဖန်သူတွေကတော့ အကောင်းပြောကြပေမဲ့ ဝေဖန်သူအများစုကတော့
Jean-Luc Godard ကို သတ်ပစ်လိုက်တယ်လို့ ဆိုကြပါတယ်။

ရုပ်ရှင်ကို Godard နဲ့ Anne တို့နှစ်ဦး စတင်တွေ့ရှိခဲ့တဲ့ပုံစံနဲ့ အစပြု ထားပါတယ်။ သူတို့စတွေ့တဲ့
အချိန်မှာ Godard က အသက် ၃၆ နှစ်အရွယ်၊ Anne က အသက် ၂၀ အရွယ်ဖြစ်တာကြောင့်
သူတို့နှစ်ဦးရဲ့ အချစ်ရေးနဲ့ အိမ်ထောင်ရေးက ကြည့်ရှုတဲ့ပရိသတ်တွေကို ကညာပျိုနဲ့ ဇရာအိုဆိုသလိုမျိုး
Anne ရဲ့အထိအတွေ့၊ စွဲမက်စရာကောင်းတဲ့ ခန္ဓာကိုယ်နဲ့ အလှအပေါ်မှာ Godard တစ်ယောက်
တမ်းတမ်းစွဲဖြစ်နေတဲ့ပုံစံမျိုးနဲ့ ဆွတ်ပျံ့ကြည်နူးသွားအောင် တင်ပြထားပါတယ်။

ဒါပေမဲ့ ပါရီမြို့လမ်းတွေပေါ်မှာ ကျောင်းသားတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်လာတဲ့
နောက်ပိုင်းမှာတော့ Godard ဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သလို သူနဲ့အတူ Anne ကလည်း
လိုက်ပါခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံရေးဘက် တဖြည်းဖြည်းပါသွားခဲ့တဲ့ Godard ကြောင့်
နှစ်ဦးသားဟာ သဘောထားချင်း မတိုက်ဆိုင်တော့ဘဲ လမ်းခွဲပြီး ကွာရှင်းပြတ်စဲခဲ့တဲ့အကြောင်းနဲ့
အဆုံးသတ်ခဲ့တဲ့ အပြင်ဘ၀က တကယ့်ဇာတ်လမ်းကိုအခြေခံပြီး ဒါရိုက်တာ Michel Hazanavicius
က ရိုးရိုးရှင်းရှင်းပဲ ရိုက်ကူးပြသထားတာပါ။

ယဉ်ကျေးမှုလွှမ်းမိုးမှုအောက်က လူသားများ

သူ့အနေနဲ့ ရိုးရှင်းတယ်ဆိုပေမဲ့ အချစ်ဇာတ်ကားဖြစ်တဲ့အပြင် ကျွန်မလိုမျိုး များပြားလှတဲ့ ယဉ်ကျေးမှု
ကန့်သတ်ချုပ်ချယ်မှုတွေကြားမှာ ကြီးပြင်းအရွယ် ရောက်လာတဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ဦး
အတွက် ၀တ်လစ်စားလစ် (အ၀တ်အစားမဲ့) ခန္ဓာကိုယ်တွေ၊ လိင်ဆက်ဆံတဲ့ ဇာတ်ဝင်ခန်းတွေ
ကိုတော့ အရွယ်မျိုးစုံလူတွေနဲ့ အတူတူကြည့်ဖို့ဆိုတာက ထင်သလောက် မလွယ်ကူခဲ့ပါဘူး။

ပြည်တွင်းမှာ တက္ကသိုလ်ပညာအထိ သင်ယူခဲ့တဲ့စာရေးသူဟာ လိင်ပညာပေး အကြောင်းကို
စာသင်ကျောင်းမှာ မသင်ယူခဲ့ရသလို မိဘတွေဆီကလည်း မကြားခဲ့ရပါဘူး။

အိမ်က ဧည့်ခန်းထဲမှာ မိသားစုအားလုံးအတူ (အမေ၊ အဖေ၊ မောင်လေးနဲ့ စာရေးသူ)
အင်္ဂလိပ်ဘာသာစကားပြောဇာတ်ကားတွေ ကြည့်ကြတဲ့အခါ လိင်ပိုင်းဆိုင်ရာဇာတ်ဝင်ခန်းတွေကို
အမြန်ကျော်ပစ်နိုင်ဖို့အတွက် အဖေဖြစ်သူက remote control ကို အသင့်ကိုင်ထားတတ်သလို
မတော်တဆကြည့်မိကြရင်လည်း အားလုံး မျက်နှာပူနေကြရ၊ အနေခက်နေရကြတဲ့ အတွေ့အကြုံကို
မြန်မာပြည်ကမိသားစုတွေ အများစုခံစားဖူးကြမှာပါ။

စာရေးသူဟာ ဒီလိုအသားကျနေတဲ့ အကျင့်တွေထဲမှာ ဘယ်လောက်များ နစ်ဝင်နေသလဲဆိုရင် 
"Redoubtable" ဇာတ်ကားကိုကြည့်နေတာဟာ ကိုယ့်နိုင်ငံမှာမဟုတ်ဘဲ ဆင်ဆာချုပ်ထိန်းမှုမရှိတဲ့
နိုင်ငံတစ်နိုင်ငံက ရုပ်ရှင်ပွဲတော် မှာဆိုတာကို သတိမရတော့လောက်အောင် ဖြစ်သွားတဲ့အထိပါပဲ။

ဒါကလည်း ပြည်တွင်းတီဗီလိုင်းတွေကနေ ဇာတ်ကားတွေကိုကြည့်တဲ့အခါ မြန်မာဇာတ်ကား
မဟုတ်တာတောင်မှ အမျိုးသမီးတစ်ဦးရဲ့ ရင်သားအထက်ပိုင်းလေး လွတ်နေတဲ့ ဇာတ်ဝင်ခန်းမျိုး၊
သရုပ်ဆောင်တစ်ဦးဦးက ဆေးလိပ်သောက်တဲ့ ဇာတ်ဝင်ခန်းမျိုး ပါလာတဲ့အခါ အဲဒီနေရာတွေကို
ဝါးပစ်လိုက်တာမျိုးတွေအပြင် နှုတ်ခမ်းချင်းထိပြီး နမ်းတဲ့ အခန်းတွေဆိုရင် လုံးဝဆင်ဆာ
ဖြတ်ပစ်လိုက်တာမျိုးတွေနဲ့ နှစ်ပေါင်းများစွာ အသားကျစွာနေထိုင်နေခဲ့ရလို့ပါပဲ။

"Redoubtable" ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်နေရာမှာ အဓိက ဇာတ်ကောင်က ပြောလိုက်တဲ့
"Jews are the new Nazis" ဆိုတဲ့ controversial ဖြစ်စေမယ့် စာသားက ယဉ်ကျေးမှုလို့
အမည်တပ်ပြီး ကန့်သတ်ထားတာတွေကြားမှာ ကြီးပြင်းအရွယ်ရောက်လာခဲ့တဲ့ ကျွန်မကို ထပ်ပြီး
အတွေးနယ်ချဲ့စေပြန်ပါတယ်။

ဒီစာသားက ဒါရိုက်တာအနေနဲ့ နောက်ပြောင်ပြောတဲ့အခန်းမှာ ထည့်သုံးထားတဲ့
အာဘော်သက်သက်ပါ။ ဒီလိုမျိုးစာသားကို ဂျူးလူမျိုးတွေ အများအပြား နေထိုင်ရာ၊ နောက်ပြီး
ဘာသာရေးအထွတ်အမြတ်ထားရာ၊ သန့်စင်တဲ့ Holy land လို့တောင် အများကပြောနေကြတဲ့
ဂျေရုဆလင်မြို့မှာ ပရိသတ် ၆,၀၀၀ နီးပါးရဲ့အလယ်မှာ အနုပညာတစ်ခုအဖြစ်သာ ချပြခဲ့တာ
ဖြစ်ပါတယ်။

အဲဒီစာသား ပါလာတဲ့အခါ ထပြီးရယ်ကြတဲ့ ဂျူးလူမျိုးတွေကိုကြည့်ပြီး ကျွန်မတို့တစ်တွေ
စစ်အစိုးရအုပ်ချုပ်ရေး လက်အောက်မှာ နေခဲ့စဉ်တုန်းက ရော၊ လက်ရှိအမျိုးသားဒီမိုကရေစီ
အစိုးရလက်အောက်မှာပါ ကြောက်နေရတဲ့ '၆၆ ဃ' ကို သတိရသွားမိပါတယ်။

စစ်အုပ်ချုပ်ရေးလက်ထက်မှာ စာပေသမားတွေ၊ အနုပညာရှင်တွေ ထောင်နန်းစံရတာတွေ၊ RFA၊
VOA၊ BBC တို့လို ရေဒီယိုအသံလွှင့်ဌာနတွေကို နားမထောင်ဖို့ နေရာပေါင်းစုံကနေ တစ်ချိန်လုံး
သတိပေးကြေညာခဲ့တာတွေကို ကြုံခဲ့သူကျွန်မအဖို့ ဒီစာသားက ပရိသတ်အကြားမှာ နားလည်မှု
လွဲတာမျိုး ဖြစ်နိုင်တာမို့ ဖြတ်တောက်တာမျိုး မလုပ်ဘူးလားလို့ ရုပ်ရှင်ကျင်းပရေး ကော်မတီက
တာဝန်ရှိသူတစ်ဦးကို မေးကြည့်တဲ့အခါ ပြန်ဖြေတာက အနုပညာကို အနုပညာလို့ပဲ၊ ရယ်စရာကို
ရယ်စရာလို့ပဲ မြင်ပါတယ်တဲ့။

ဘယ်တော့ ဆင်ဆာလွှတ်မလဲ

ဒါရိုက်တာ သည်မော်နိုင် ဟာ 'ဇ၀န' ဆိုတဲ့ ကိုရင်လေးတစ်ပါးအကြောင်းကို အခြေခံပြီး
ငယ်ရွယ်သူတွေကြား ဘာသာသာသနာအရေးအတွေးအမြင်နဲ့ လက်တွေ့ဘ၀ကို ယှဉ်ပြီး
ရိုက်ကူးတင်ပြထားတဲ့ "The Monk" ဆိုတဲ့ သူ့ဇာတ်ကားကို ၂၀၁၄ ခုနှစ်ကစတင်ပြီး နိုင်ငံတကာ
ရုပ်ရှင်ပွဲတော်တွေမှာ လှည့်လည် ပြသခဲ့ပါတယ်။ ပြည်တွင်းမှာတော့ ၀သန်ရုပ်ရှင်ပွဲတော်မှာ
တစ်ကြိမ်သာပြသခဲ့တာမို့ ပြည်တွင်းမှာ ရုံတင်ပြသဖို့အစီအစဉ်ရှိလားလို့ သူ့ကိုတွေ့လို့
မေးကြည့်မိတိုင်း သူအမြဲဖြေတဲ့အဖြေကတော့ "ဆင်ဆာလွှတ်ပေးရင် ပြမှာပါ" တဲ့။

အလားတူပဲ ၂၀၁၆ ခုနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ
ရုပ်ရှင်ပွဲတော်မှာလည်း ရှမ်းစော်ဘွား စပ်ကြာစိုင်းနဲ့ သူ့ဇနီး ဩစတြေးလျသူ အမျိုးသမီးတို့ကြားက
ဖြစ်ရပ်မှန်အချစ်ဇာတ်လမ်းကို အခြေခံပြီးရိုက်ကူးထားတဲ့ "Twilight Over Burma" ဇာတ်ကားကို
ပြသမယ့်စာရင်းထဲမှာ ထည့်သွင်းကြေညာပြီးခါမှ အကြောင်းအရာတချို့ကြောင့် ပြသခွင့် မရရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ်ကပဲ Memory!International Heritage Film Festival မှာ ပြသခဲ့တဲ့
ဒါရိုက်တာ Midi Z ရဲ့ "Road To Mandalay" ဆိုတဲ့ ထိုင်းနိုင်ငံကို တရားမ၀င် သွားရောက်
အလုပ်လုပ်ကိုင်တဲ့ မြန်မာအလုပ်သမား နှစ်ဦး အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကား
ကိုလည်း ပရိသတ်တွေဟာ ဆင်ဆာဖြတ်တောက်ပြီးသားကိုသာ ကြည့်ရှုခဲ့ရပါတယ် ပြည်ပမှာ
အလုပ်သွားလုပ်နေတဲ့ ချစ်သူနှစ်ဦး သဘောထားချင်းမတိုက်ဆိုင်ဘဲ ကောင်မလေးကို ကောင်လေးက
ဓားနဲ့ ထိုးသတ်လိုက်တဲ့ ဇာတ်ဝင်ခန်းထဲမှာ သွေးတွေက နံရံမှာရှိတဲ့ ဘုရားပုံတော်ကို သွားစဉ်တဲ့
အခန်းကို ဆင်ဆာဖြတ်လိုက်တာကြောင့် လာကြည့်တဲ့သူတွေအနေနဲ့ ဒါရိုက်တာ Midi Z ရဲ့
တင်ဆက်ပုံကို နားမလည်ကြတော့တာမို့ ဇာတ်ကားအပြီးမှာ ဒါရိုက်တာကနေ
ပြန်လည်ရှင်းပြခဲ့ရပါတယ်။

လူငယ်တွေကြားမှာ နာမည်ကြီးနေတဲ့ "Fifty Shades of Grey" နဲ့ "Fifty Shades Darker" လိုမျိုး
ဟောလိဝုဒ်ဇာတ်ကားတွေတောင် အခွေထွက်တဲ့အခါ မြန်မာပြည်အတွက်
သီးသန့်ထုတ်ထားလားလို့တောင် မေးရမလောက်အထိ အကုန်လုံး ဆင်ဆာဖြတ်တောက်
ထားပြီးသားတွေကိုသာ ကြည့်ရှုကြရပါတယ်။

လက်ရှိအချိန်ထိလည်း ၀ဿန်ရုပ်ရှင်ပွဲတော်၊ လူ့အခွင့်အရေး လူ့ဂုဏ် သိက္ခာရုပ်ရှင်ပွဲတော်၊
ဥရောပရုပ်ရှင်ပွဲတော်၊ Memory ရုပ်ရှင်ပွဲတော် စတဲ့ ရုပ်ရှင်ပွဲတော်တွေတိုင်းမှာ ပါဝင်ပြသတဲ့
ဇာတ်ကားတိုင်းဟာ ဆင်ဆာအဖွဲ့ကို ဖြတ်သန်းရင်ဆိုင်နေရဆဲပါပဲ။

ခုတော့ .. စာရေးသူ သဘောပေါက်သွားပါပြီ။ "Redoubtable" ဇာတ်ကားရဲ့ဒါရိုက်တာ၊
မြန်မာနိုင်ငံက Memory Script Fund ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ Michel Hazanavicius ရဲ့
ဆလိုက်မီးတွေကြားက အပြုံးရဲ့အဓိပ္ပာယ်က ဘာလဲဆိုတာ သိလိုက်ပါပြီ။

သူ့ရဲ့အပြုံးက ဘယ်လိုပဲ ဒီမိုကရေစီရနေပြီပဲပြောပြော၊ ဆင်ဆာလက်အောက်မှာ ရှိနေသေးတဲ့၊
Nude Art ကိုတောင် သေသေချာချာ လက်မခံနိုင်သေးတဲ့၊ လိင်ပိုင်းဆိုင်ရာပညာပေးမှု
အားနည်းနေသေးတဲ့ ကျွန်မတို့လို နိုင်ငံမှာ သူ့ရဲ့ဇာတ်ကားကို လာရောက်ပြသဖို့ မဖြစ်နိုင်ကြောင်း
နှစ်သိမ့်တဲ့ အပြုံးပဲ ဖြစ်မယ်ထင်ပါတယ်။

ည ၇ နာရီခွဲအချိန်က မြန်မာနိုင်ငံမှာ မှောင်နေပြီဆိုပေမဲ့ ကမ္ဘာ့အရှေ့အလယ်ပိုင်းက အစ္စရေးနိုင်ငံ၊
ဂျေရုဆလင်မြို့မှာတော့ ညနေစောင်းစ အချိန်လိုမျိုး အလင်းရောင်ကောင်းကောင်း ရနေပါသေးတယ်။
ဒါကလည်း နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပထ၀ီအနေအထားအရ မတူညီတဲ့ ဖြစ်စဉ်တစ်မျိုးပါပဲ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်