လူငယ်တွေကြား ခေတ်စားလာတဲ့ ပုဂံအမှတ်တရ လက်ပန်းချီအနုပညာ

မနုဟာဘုရားရှေ့က ကိုဖိုးချမ်းဆိုင်မှာ လက်ပန်းချီရေးဆွဲခံနေသူတွေကို ပြီးခဲ့တဲ့ လအတွင်းက တွေ့ရစဉ်။ အောင်ခန့်/မြန်မာတိုင်း(မ်)မနုဟာဘုရားရှေ့က ကိုဖိုးချမ်းဆိုင်မှာ လက်ပန်းချီရေးဆွဲခံနေသူတွေကို ပြီးခဲ့တဲ့ လအတွင်းက တွေ့ရစဉ်။ အောင်ခန့်/မြန်မာတိုင်း(မ်)

ပုဂံဆိုတာ ရှေးဟောင်းလက်ရာတွေနဲ့ ထုံမွမ်းနေတဲ့ ဘုရားကျောင်းတွေ၊ ဂူဘုရားတွေနဲ့ အတူ
ရှေးခေတ်ယဉ်ကျေးမှု၊ ဗိသုကာအနုပညာလက်ရာတွေကို တစုတစည်းတည်း လေ့လာလို့ရတာကြောင့်
မြန်မာတင်မက ကမ္ဘာမှာပါ ကျော်ကြားတဲ့ အံ့ဖွယ်တွေထဲက တစ်ခုအပါအ၀င်ပါ။

အခြေကျကျ အခိုင်အမာသမိုင်းကြောင်းတွေနဲ့ ထွန်းကားခဲ့တဲ့ နံရံဆေးရေး ပန်းချီတွေ၊
ယွန်းထည်လက်ရာတွေနဲ့အတူ နောက်ပိုင်းမှာ ထပ်မံခေတ်စားလာတဲ့ အနုပညာကတော့
ယာယီတက်တူး (ခေါ်) လက်ပန်းချီရေးဆွဲခြင်းပဲ ဖြစ်ပါတယ်။

ရေဆေးအမျိုးအစားကိုအသုံးပြုပြီး အရေပြားပေါ်မှာ ပန်းပြောက်၊ ပန်းပွင့်၊ ရုပ်ပုံ၊ စာသားတွေအပြင်
pattern တွေကို အခကြေးငွေယူ ရေးဆွဲတဲ့ လက်ပန်းချီရေးဆွဲတာက ၂၀၁၆ ခုနှစ်လောက်မှာ
စတင်ခေတ်စားလာတဲ့ ပုဂံရောက် အမှတ်တရတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။

တစ်နည်းအားဖြင့် ပြောရရင် ဒန်းဆိုးတဲ့အနုပညာနဲ့ ဆင်တူယိုးမှားပုံစံပါပဲ။

လက်ပန်းချီရေးဆွဲမယ်ဆိုရင် ပထမဦးဆုံးရေးဆွဲမယ့်နေရာကို သန့်ရှင်းရေး စလုပ်ပါတယ်။

ပြီးတဲ့အခါမှာတော့ ရေဆေးနဲ့ စတင်ရေးဆွဲပါပြီ။ ရေးဆွဲပြီးလို့ ဆေးခြောက်တဲ့အခါမှာ
တက်တူးပန်းချီပေါ်ကို ရေစိုခံ၊ တာရှည်ခံအောင် စပရေးတစ်မျိုးနဲ့ ဖျန်းပါတယ်။

ရေးဆွဲချင်တဲ့သူအနေနဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ ပန်းချီပုံစံကို အသင့်ပြသထားတဲ့ ဒီဇိုင်းပုံစံတွေထဲမှာ
ရွေးချယ်နိုင်ပါတယ်။

"လက်ပန်းချီက ကျွန်တော်တို့ပုဂံဒေသက နံရံဆေးရေးပန်းချီတွေပေါ်မှာ အခြေခံထားတာပါ။ သဲပန်းချီ၊
သဲပန်းပုနဲ့ တခြားပိတ်စပေါ်မှာဆွဲတဲ့ ပန်းချီ အမျိုးအစားတွေက အချိန်ယူရတယ်။ နောက်ပြီး
ပန်းချီတစ်ကားပြီးဖို့ ကိုယ့်ဘက်က ရင်းနှီးထားရတာတွေရှိတယ်။ ဒါပေမဲ့ လက်ပန်းချီကျတော့
အဲလိုမဟုတ်ဘူး။ အရင်းနည်းတယ်၊ ဖန်တီးရတာ လွယ်တယ်"လို့ အသက် ၂၃ အရွယ်
လက်ပန်းချီရေးဆွဲသူ ကိုဖိုးချမ်းက ဆိုပါတယ်။

သဲပန်းချီကားတွေ၊ သဲပန်းပုတွေကိုတော့ နိုင်ငံခြားသားခရီးတွေကို အားကိုး ရောင်းချရပေမဲ့
လက်ပန်းချီရေးဆွဲတာကိုတော့ ပြည်တွင်းခရီးသွားတွေက ပိုပြီး နှစ်သက်ကြတယ်လို့လည်း
သူကဆိုပါတယ်။

ဒါကြောင့် လက်ပန်းချီရေးဆွဲတဲ့ လုပ်ငန်းက ပြည်တွင်းခရီးသွားတွေများတဲ့အချိန်ကို မှီခိုနေရပါတယ်။

ပုဂံမြို့သစ်၊ မြင်းကပါကျေးရွာမှာ နေထိုင်တဲ့ ကိုဖိုးချမ်းက သူ့အသက် ၁၆ နှစ်အရွယ်ကတည်းက
ပန်းချီပညာကိုတတ်မြောက်ခဲ့ပြီး သဲပန်းချီအပါအ၀င် အခြားပန်းချီအမျိုးအစားတွေကို ရေးဆွဲပြီး
အသက်မွေးဝမ်းကျောင်းခဲ့တာပါ။

လက်ပန်းချီရေးဆွဲဖို့ နေရာလေးတစ်နေရာကိုတော့ မနုဟာဘုရားရှေ့မှာ မကြာသေးခင်ကမှ
ဖွင့်လှစ်ခဲ့ပြီး သူ့ရဲ့ညီ အသက် ၁၉ နှစ်အရွယ် ကိုမျိုးဇော်နဲ့ အတူ စတင်လုပ်ကိုင်ခဲ့တာပဲဖြစ်ပါတယ်။

သူ့ရဲ့လက်ပန်းချီရေးဆွဲတဲ့ ဆိုင်လေးမှာ လက်ပန်းချီဒီဇိုင်းပေါင်း ၃၀ ကျော်လောက် ပြသထားပြီး
ဧည့်သည်တွေပေးတဲ့ ဒီဇိုင်းတွေကိုလည်း ရေးဆွဲပေးပါတယ်။

အခုလို ပြည်တွင်းကရော ပြည်ပကလာရောက်တဲ့ ဧည့်သည်တွေနည်းပါးတဲ့ မိုးရာသီလို
အချိန်မျိုးမှာဆိုရင်တော့ ဆိုင်ကို စနေ၊ တနင်္ဂနွေလို အားလပ်ရက်တွေမှာ မနက် ၇ နာရီကနေ
ညနေ ၆ နာရီအထိ ဖွင့်လှစ်သလို ဘုရားဖူးများတဲ့ အချိန်တွေ အထူးသဖြင့် စက်တင်ဘာလကနေ
ဧပြီလတွေမှာတော့ နေ့စဉ် ဖွင့်လှစ်လေ့ရှိတယ်လို့ သူကဆိုပါတယ်။

"စဖွင့်ကတည်းက အခုချိန်အထိ ကျွန်တော့်ဆီကို နိုင်ငံခြားသား လာတာ နည်းတယ်။
ဂျာမန်တစ်ယောက်နဲ့ ထိုင်းစုံတွဲတစ်တွဲပဲ ရှိခဲ့တယ်။ ကျွန်တော်ကတော့ လက်ပန်းချီဆွဲရတာကို
ကြိုက်တယ်။ ကျွန်တော့်ဆီလာတဲ့ ဧည့်သည်တွေထဲမှာ ဆယ်ကျော်သက်အရွယ်ကနေ
အသက် ၄၀ လောက်အထိ ရှိတယ်။ သဲပန်းချီ၊ ယွန်းထည်တွေလိုမျိုး လက်ပန်းချီက အချိန်မယူဘူး။
လက်ပန်းချီ တစ်ပုံကို အနည်းဆုံး ၁၀ မိနစ်ကနေ မိနစ် ၂၀ လောက်ပဲကြာတယ်"လို့ ကိုဖိုးချမ်းက
ဆိုပါတယ်။

လိုအပ်ချက်ကြောင့် လက်ပန်းချီရေးဆွဲသူတွေ တိုးများလာပြီး ရေးဆွဲသူတွေဟာ ပန်းချီဒီဇိုင်းတွေကို
နံရံဆေးရေးပန်းချီတွေ၊ ယွန်းထည်တွေကနေ ရယူဖန်တီးကြပါတယ်။

အဓိကတော့ ရေဆေးကို ကြားခံပစ္စည်းအဖြစ်သုံးပြီး ပုဂံအကြောင်းကို အမျိုးမျိုး ထုဆစ်ပုံဖော်
ရေးဆွဲပေးကြတာ ဖြစ်ပါတယ်။

မနုဟာဘုရားရှေ့က ကိုဖိုးချမ်းဆိုင်မှာ လက်ပန်းချီရေးဆွဲခံနေသူတွေကို ပြီးခဲ့တဲ့ လအတွင်းက တွေ့ရစဉ်။ အောင်ခန့်/မြန်မာတိုင်း(မ်)မနုဟာဘုရားရှေ့က ကိုဖိုးချမ်းဆိုင်မှာ လက်ပန်းချီရေးဆွဲခံနေသူတွေကို ပြီးခဲ့တဲ့ လအတွင်းက တွေ့ရစဉ်။ အောင်ခန့်/မြန်မာတိုင်း(မ်)

ပုဂံမြို့ခံတွေနဲ့ လက်ပန်းချီရေးဆွဲသူအများစုကတော့ လက်ပန်းချီစတင် ပေါ်ထွက်လာတာ မြင်းကပါရွာ၊
မနုဟာဘုရားကလို့ ဆိုကြပါတယ်။

အဲဒီထဲမှာ မြင်းကပါရွာမှာရှိတဲ့ မြစေတီဘုရားပေါ်မှာ လက်ပန်းချီရေးဆွဲနေတဲ့ အသက် ၄၃ နှစ်အရွယ်
ဦးတင်ချိုလည်း အပါအ၀င်ပါ။

"လက်ပန်းချီဆိုတာက အရင့်အရင်တုန်းက ပိတ်စပေါ်မှာ စတင်ခဲ့တာပါ။ နှစ် ၂၀ ကျော်သွားပါပြီ။
အခုမှသာ လက်ပေါ်မှာ ရေးဆွဲတာတွေ ခေတ်စား လာကြတာပါ။ လက်ပေါ်မှာရေးဆွဲတာဖြစ်လို့
တကယ့်တက်တူးအစစ်တွေလို အချိန်ကြာကြာမခံပါဘူး။ လက်ပေါ်မှာစရေးခဲ့တာ
ဘယ်သူဆိုတာတော့ မသိပါဘူး။ ကျွန်တော်ကတော့ စစချင်း လက်တွေပေါ်မှာ
ခုနစ်ရက်သားသမီးနေ့နံ ရုပ်လေးတွေကို ဧည့်သည်တွေရေးခိုင်းလို့ စရေးခဲ့တယ်။ နောက်ပိုင်းကျမှ
ရုပ်ပုံတွေနဲ့ တခြားဒီဇိုင်းတွေကို ပြောင်းရေးခဲ့တာပါ"လို့ ဦးတင်ချိုက ဆိုပါတယ်။

သူ့ရဲ့လက်ပန်းချီကတော့ ရေနဲ့ပွတ်ဆေးတာကလွဲလို့ နှစ်ရက်နေ လေးရက်ကြာလောက်အထိ
တာရှည်ခံတယ်လို့ ဦးတင်ချိုက အာမခံပါတယ်။ ဒါက တကယ်ဟုတ်၊ မဟုတ်ဆိုတာကိုတော့
သူ့ဆီမှာ ပန်းချီရေးခွင့်မကြုံခဲ့လို့ စာရေးသူလည်း သေချာတော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့
တခြားနေရာမှာဆွဲခဲ့တဲ့ စာရေးသူရဲ့လက်ပေါ်က ပန်းချီကတော့ အချိန်ပိုင်းလောက်ပဲခံပြီး
ချွေးထွက်တာနဲ့ကို ပျက်သွားပါတော့တယ်။

"ဒါက ကျွန်တော် ပုဂံကို ဒုတိယအကြိမ် ရောက်တာပါ။ လက်ပန်းချီကိုတော့ ဖေ့စ်ဘွတ်ခ်ကနေ
စတွေ့ခဲ့တာပါ။ ဒါပေမဲ့ ဒါကို ဘယ်လိုဖန်တီးလဲ ဆိုတာတော့ မသိခဲ့ဘူး။ ဒါကြောင့်
ဒီတစ်ခေါက်ရောက်တော့ လက်ပန်းချီ ရေးဖြစ်သွားတာပါ။ ဒီမှာတော့ လက်ပန်းချီက
တခြားအနုပညာတွေလိုမျိုးပဲ ဒေသခံတွေအနေနဲ့ အသက်မွေးမှုတစ်ခုလို ရပ်တည်နိုင်ကြတာကို
တွေ့ရတယ်။ အသားအရေပေါ်က အနုပညာပေါ့"လို့ ရန်ကုန်ကနေ လာရောက်လည်ပတ်တဲ့
အသက် ၂၄ နှစ်အရွယ် ကိုကျော်မင်းက ပြောပါတယ်။

သူက နှလုံးခုန်တဲ့ လိုင်းကြောင်းလေးကိုပြတဲ့ တက်တူးလေးကို ညာလက်မောင်းမှာ ရေးဆွဲခဲ့တာပါ။
သူ့ရဲ့တက်တူးကတော့ အချိန်နှစ်နာရီကျော် လောက်ပဲခံပြီး ချွေးနဲ့ ပျက်ပြယ်သွားတယ်လို့ ဆိုပါတယ်။

ပုဂံရဲ့အကြီးဆုံးဘုရားကျောင်း ဓမ္မရံကြီးမှာ လက်ပန်းချီရေးဆွဲတဲ့ အသက် ၃၁ နှစ်အရွယ်
ကိုနိုင်ဝင်းကို ကတော့ ပုဂံမှာ လက်ပန်းချီစတင်ခေတ်စား လာတာက ပြီးခဲ့တဲ့နှစ်
ဒီဇင်ဘာလောက်ကလို့ ဆိုပါတယ်။

လက်ပန်းချီက ဖန်တီးရတာ လွယ်ကူပေမဲ့ အကြမ်းမခံ၊ ရေစိုမခံဘူးလို့ သူက ရှင်းပြပါတယ်။

"အခုအချိန် ပုဂံမှာ ကျွန်တော့်လို လက်ပန်းချီသမားတွေ အများကြီးဖြစ်နေပြီ။ ကျွန်တော့်အထင်
၁၀၀ ၀န်းကျင်နီးနီးလောက် ရှိလောက်တယ်။ ဒါပေမဲ့ ဘုရားဖူးများတဲ့ အချိန်မျိုးတွေဆိုရင်
အဲဒီလူတွေလည်း မလောက်ဘူး"လို့ ဆိုပါတယ်။

သူ့ရဲ့ဝင်ငွေက ဘုရားရာသီမဟုတ်တဲ့ ကာလတွေမှာ တစ်နေ့တွေကို ကျပ် ၁၀,၀၀၀ လောက်ရှိပြီး
ဘုရားဖူးရာသီဆိုရင်တော့ တရက်ကို ၂၀,၀၀၀၊ ၃၀,၀၀၀ လောက်အထိ ရတယ်လို့ ပြောပြပါတယ်။

လက်ပန်းချီရေးဆွဲသူတွေကိုတော့ ဘုရားအများစုမှာ အလွယ်တကူ တွေ့နိုင်တယ်ဆိုပေမဲ့
သိပ်မကြာခင်က စာရေးသူတို့သွားခဲ့တဲ့ ခရီးစဉ်အတွင်းမှာတော့ ဓမ္မရံကြီး၊ မြစေတီနဲ့
မနုဟာဘုရားတို့မှာပဲ တွေ့ခဲ့ရပါတယ်။

လက်ပန်းချီတစ်ပုံကို ပုံစံနဲ့ အနုစိတ်မှုပေါ်မူတည်ပြီး ဈေးနှုန်းတွေကတော့ ကျပ် ၁,၀၀၀ ကနေ
၃,၀၀၀ လောက်အထိ ရှိပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်