နိုင်ငံတကာအဆင့် အလှမယ် အလှမောင်ပြိုင်ပွဲ နိုင်ငံတွင်းမှာ ပထမဆုံး ကျင်းပမည်

ကိုလမိုင်ရော်ဘင်၊ နောဒူးဒူးနဲ့ ကိုကျော်ကျော်ဦးတို့ကို ဩဂုတ် ၁ ရက်က Melia ဟိုတယ်မှာ ကျင်းပခဲ့တဲ့ Miss & Mister Tourism and Culture Universe ပြိုင်ပွဲအကြောင်း သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ ဓာတ်ပုံ - Miss & Mister Tourism and Culture Universe

မြန်မာနိုင်ငံကနေ နိုင်ငံကိုယ်စားပြုယှဉ်ပြိုင်မယ့် မစ္စနဲ့ မစ္စတာတွေကို ရွေးချယ်ပြီး နိုင်ငံတကာပြိုင်ပွဲ
တွေကို စေလွှတ်ယှဉ်ပြိုင်စေခဲ့တာဟာ နှစ်စဉ်နှစ်တိုင်းပါပဲ။

ဒါပေမဲ့ နိုင်ငံတကာအဆင့် အလှမယ်၊ အလှမောင် ပြိုင်ပွဲမျိုးကိုတော့ မြန်မာနိုင်ငံကနေ အိမ်ရှင်အဖြစ်
ကျင်းပခဲ့တာမျိုး မရှိခဲ့သလို မြန်မာနိုင်ငံရဲ့မူပိုင် နိုင်ငံတကာအဆင့် ပြိုင်ပွဲမျိုးဆိုတာလည်း အရင်က
မရှိခဲ့ဖူးပါဘူး။

အခုတော့ ရှိလာပါပြီ။ နိုင်ငံရဲ့ခရီးသွားလုပ်ငန်းကို မြှင့်တင်တဲ့အနေနဲ့ရော မြန်မာနိုင်ငံကိုသာမက
နိုင်ငံတွင်းက လူငယ်တွေရဲ့ အရည်အသွေးကို နိုင်ငံတကာက သိရှိလာစေမယ့် ရည်ရွယ်ချက်နဲ့အတူ
ဖြစ်ပေါ်လာတဲ့ "Miss Tourism and Culture Universe" နဲ့ "Mister Tourism and Culture
Universe" ပြိုင်ပွဲတွေကို မြန်မာနိုင်ငံက လာမယ့်နှစ်ထဲမှာ အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးကျင်းပသွားမှာ
ဖြစ်ပါတယ်။

"ကျွန်တော်တို့က ဒီပွဲကိုလုပ်တဲ့အခါ မြန်မာ့လူနေမှု ဘ၀တွေ၊ ယဉ်ကျေးမှုအစဉ်အလာတွေကို
ပြည်တွင်းသာမကဘဲ ပြည်ပနိုင်ငံက ရုပ်သံတွေကတစ်ဆင့် ပြသနိုင်မှာဖြစ်တဲ့အတွက် နိုင်ငံတကာက
အလှပြိုင်ပွဲ ပရိသတ်တွေဆီကို မြန်မာနိုင်ငံကို ထိထိရောက်ရောက် မိတ်ဆက်ပေးသလိုဖြစ်မယ်။
အဲဒီကနေတစ်ဆင့် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကလည်း ပိုမိုတိုးတက်လာလိမ့်မယ်လို့
ယုံကြည်ပါတယ်"လို့ ဒီပွဲကို စီစဉ်တဲ့ Miss & Mister Tourism and Culture Universe Co., Ltd ရဲ့
Managing Director ဖြစ်တဲ့ ကိုလမိုင်ရော်ဘင်က ပြောပါတယ်။

"နောက် ဒီပွဲက မြန်မာနိုင်ငံရဲ့ပထမဆုံး မူပိုင်အင်တာ နေရှင်နယ် အလှပြိုင်ပွဲ ဖြစ်တဲ့အတွက်
နိုင်ငံတကာက အထူးစောင့်ကြည့်ခံရတာနဲ့အတူ မြန်မာနိုင်ငံက လူငယ်တွေရဲ့အရည်အချင်းကိုလည်း
နိုင်ငံတကာကို လက်တွေ့ ချပြနိုင်မှာပါ။ ပြီးတော့ ကျွန်တော်တို့ဆီက လူငယ်တွေအနေနဲ့
နိုင်ငံတကာက ကိုယ်စားပြု မောင်မယ်တွေဆီကနေ သူတို့ရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ၊
ကိုယ်ကာယပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းမှုတွေ စတာတွေကို သူတို့နိုင်ငံတွေအထိ သွားစရာမလိုဘဲ
သိနိုင်ပါလိမ့်မယ်"လို့လည်း သူက ဆက်ပြောပါတယ်။

ဒီပွဲကြီးကျင်းပဖို့အတွက် ပြည်တွင်းအဖွဲ့အစည်းတွေ ကနေလည်း တရားဝင်လိုင်စင်ရရှိပြီးဖြစ်သလို
နိုင်ငံတကာက လူသိများပြီးသား အလှမယ်ရွေးချယ်ပွဲတွေဖြစ်တဲ့ Miss Universe၊ Miss Earth၊ 
Miss World စတဲ့ပွဲတွေအပါအ၀င် အလှမယ်နဲ့ အလှမောင်ပြိုင်ပွဲအများစုကို
စောင့်ကြည့်လေ့လာနေတဲ့ အွန်လိုင်းမီဒီယာဖြစ်တဲ့ Missosology နဲ့ ချိတ်ဆက်ထားပြီး
ထောက်ခံမှုကိုလည်း ရရှိထားပြီလို့ ကိုလမိုင်ရော်ဘင်က ပြောပါတယ်။

အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲနှစ်ခုကို ပထမဆုံးနှစ်မှာပဲ ပေါင်းပြီးကျင်းပသွားမှာဖြစ်ပြီး နောက်နှစ်တွေ
မှာတော့ သတ်သတ်စီခွဲပြီး ကျင်းပသွားမယ်လို့ Miss & Mister Tourism and Culture Universe
Co., Ltd ရဲ့ Chief Operating Officer ဖြစ်တဲ့ ကိုကျော်ကျော်ဦးက ပြောပါတယ်။

"ပထမဆုံးအကြိမ်မှာ ပေါင်းပြီးလုပ်ပေမဲ့လည်း Camp အတွင်းမှာတော့ ဟိုတယ်နဲ့ လှုပ်ရှားမှုတွေကို
သတ်သတ်စီခွဲပြီး လုပ်သွားမှာပါ"လို့ သူက ဆိုပါတယ်။

ပြိုင်ပွဲကာလကတော့ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီ ၂၃ ရက်ကနေ ဖေဖော်ဝါရီ ၁၀ ရက်အထိဖြစ်ပြီး
အဲဒီကာလအတွင်း လေ့လာရေးနဲ့ ရိုက်ကူးရေးအစီအစဉ်တွေကို အင်းလေး၊ ပုဂံ၊ မန္တလေးနဲ့
ငွေဆောင်တို့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲတစ်လျှောက်မှာလည်း တခြားနိုင်ငံတကာပြိုင်ပွဲတွေလိုပဲ ပရဟိတလုပ်ငန်းတွေ၊ Talent ပြိုင်ပွဲ၊
ဖက်ရှင် ရက်သတ္တပတ် စတဲ့ အစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

နောက်ဆုံးပွဲစဉ်ကိုတော့ ဖေဖော်ဝါရီ ၁၀ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။

ပြိုင်ပွဲကြီးတစ်ခုလုံးအတွက် စရိတ်ကို ကျပ်သိန်း ၁,၀၀၀ ကနေ ၁,၅၀၀ အထိ သုံးစွဲသွားမယ်လို့
ခန့်မှန်းထားပြီး ဆုကြေးကတော့ မစ္စပွဲစဉ်ရော၊ မစ္စတာပွဲစဉ်အတွက်ပါ Winner အတွက်
အမေရိကန်ဒေါ်လာ ၁၀,၀၀၀၊ 1st Runner-Up အတွက် ဒေါ်လာ ၂,၀၀၀ နဲ့ 2nd Runner-Up
အတွက် ဒေါ်လာ ၁,၀၀၀ စီ ချီးမြှင့်မှာ ဖြစ်ပါတယ်။ Title ဆုရှင်တွေကိုလည်း ရွေးချယ်သွားမှာ
ဖြစ်ပါတယ်။

ဒီပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ဖိလစ်ပိုင်၊ ကနေဒါ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊
သီရိလင်္ကာ၊ နီပေါ၊ ပွာတိုရီကို၊ ထိုင်း၊ အိန္ဒိယ၊ ဘရာဇီးလ်၊ အီကွေဒေါ၊ ဗီယက်နမ်၊ ပနားမား၊ စပိန်၊
ကမ္ဘောဒီးယား၊ လက်ဘနွန်နိုင်ငံတွေက အလှမယ်၊ မောင်ကုမ္ပဏီတွေကနေ ဆက်သွယ်မှုတွေ
ရထားပြီးဖြစ်ပါတယ်။

အဲဒီနိုင်ငံတွေထဲကမှ ထိုင်း၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတို့က "Miss Tourism and Culture
Universe 2018" မှာ နိုင်ငံကိုယ်စားပြုယှဉ်ပြိုင်မယ့် အလှမယ်တွေကို အသီးအသီးရွေးချယ်ပြီး
ဖြစ်သလို အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့ကလည်း "Mister Tourism and Culture Universe
2018" မှာ နိုင်ငံကိုယ်စားပြုယှဉ်ပြိုင်မယ့် အလှမောင်တွေကို ရွေးချယ်ပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံကတော့ လက်ရှိမှာ "Miss Tourism and Culture Universe 2018" အတွက်
နိုင်ငံကိုယ်စား ပြုယှဉ်ပြိုင်မယ့် အလှမယ်ကို အွန်လိုင်းကနေ လျှောက်လွှာ ခေါ်ယူကာ
လူတွေ့အင်တာဗျူးပြုလုပ်ပြီး ဇူလိုင် ၁၅ ရက်မှာ အပြီးသတ်ရွေးချယ်ခဲ့ပါတယ်။

သူကတော့ အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ လီဆူတိုင်းရင်းသူလေး နောဒူးဒူးပဲ ဖြစ်ပါတယ်။

"အခုပွဲက အိမ်ရှင်လည်းဖြစ်တယ်၊ ပထမဆုံးကျင်းပတဲ့ ပွဲလည်းဖြစ်တာကြောင့် မြန်မာနိုင်ငံမှာရှိတဲ့
သမိုင်းကြောင်းတွေ၊ ယဉ်ကျေးမှုတွေကို ပိုပြီးတော့ သိအောင် ညီမ လေ့လာနေပါတယ်။
ခန္ဓာကိုယ်ပိုင်းကိုလည်း အခု ထက်ပိုပြီး ပြည့်စုံအောင်လည်း လေ့ကျင့်သွားပါမယ်။ ပြိုင်ပွဲမစခင်
အချိန်အတွင်းမှာ အစစအရာရာ ပြည့်စုံအောင် လေ့ကျင့်သွားပါမယ်"လို့ နောဒူးဒူးက ဆိုပါတယ်။

နိုင်ငံကိုယ်စားပြုယှဉ်ပြိုင်မယ့် အလှမောင်အတွက်ကိုတော့ လတ်တလောမှာ အွန်လိုင်းကနေ
လျှောက်လွှာ ခေါ်ယူနေပြီဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာ ၅ ရက်မှာတော့ ပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်မယ့် နိုင်ငံတွေစာရင်းကို
Miss & Mister Tourism and Culture Universe ဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ www.tcuniverse.org
မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို နှစ်စဉ်ကျင်းပသွားမှာဖြစ်ပြီး ဒုတိယအကြိမ်၊ တတိယအကြိမ်ပွဲတွေကို အိမ်ရှင်ဖြစ်တဲ့
မြန်မာနိုင်ငံမှာပဲ ကျင်းပသွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ လက်ခံကျင်းပချင်တဲ့နိုင်ငံတွေကို
အလှည့်ကျ လွှဲပြောင်းပေးမယ်လို့ ကိုလမိုင်ရော်ဘင်က ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်