ရန်ကုန်ကောင်းကင်မှာ ခဏတာ ၀ဲပျံကြည့်ခြင်း

အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

မြေပြင်မှအမြင့်ပေ ၂၂၀ မှာရောက်နေတဲ့ ဘောလုံးကြီးရဲ့အောက်မှာ တွဲလောင်းချိတ်ထားတဲ့
ခြင်းတောင်းကြီးထဲမှာ တခြားအဖော်နှစ်ယောက်နဲ့အတူ ဟန်ချက်မျှအောင်ရပ်ရင်း ရန်ကုန်မြို့ပြ
မြင်ကွင်းကို အပေါ်ကနေ စီးမိုးကြည့်ရတဲ့ခံစားမှုက တော်တော်လေးကို စိတ်လှုပ်ရှားဖို့
ကောင်းပါတယ်။

စာရေးသူဟာ ရင်ခုန်စိတ်လှုပ်ရှားရတဲ့ လှုပ်ရှားမှုတွေပြုလုပ်ရတာကို ကြိုက်နှစ်သက်သူတစ်ဦး
ဖြစ်ပါတယ်။

ဒါက 'မင်္ဂလာဘောလုံး'ကို စီးချင်မိတဲ့အချက်တစ်ချက်ပါ။ နောက်တစ်ချက်က ဒီဘောလုံးစီမံကိန်းကို
စတင်အသက်သွင်းတဲ့ ကာလအတွင်းမှာ ပန်းခြံတည်ရှိရာ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းမှာ
နေထိုင်ကြသူတချို့က မနှစ်သက်တာမို့ နှစ်ကြိမ်တိုင်တိုင် ဆန္ဒဖော်ထုတ်တားဆီးခဲ့ကြလို့ပါပဲ။

ဒါကြောင့်မို့ 'မင်္ဂလာပါဘောလုံး' စီးတဲ့အစီအစဉ်ကို ဇွန်လပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့ကတည်းက
ကိုယ်တိုင်စီးဖို့ စိတ်ဝင်စားခဲ့တော့တာပါပဲ။

ဘောလုံးစီးတဲ့အချိန်မှာ ဘယ်လောက်အထိ စိတ်လှုပ်ရှားစရာကောင်းနေမလဲ။ ဘောလုံးပေါ်ကနေ
မြင်ရတဲ့ ရန်ကုန်မြို့ကြီးရဲ့ အပေါ်စီးမြင်ကွင်းက အထပ်မြင့်တိုက်တွေ၊ ဟိုတယ်တွေပေါ်ကနေ
လှမ်းမြင်ဖူးတဲ့မြင်ကွင်းနဲ့ ဘယ်လိုများခြားနားနေမလဲ။ ဘောလုံးက လေပေါ်တက်သွားတဲ့အခါ
အပေါ်မှာရော ဘယ်လောက်အထိ လုံခြုံစိတ်ချရနိုင်မလဲ။ ဘယ်လိုနည်းစနစ်တွေနဲ့ ထိန်းချုပ်ထားလဲ။

လေအရမ်းတိုက်တဲ့အချိန်တွေမှာရော အဆင်ပြေနိုင်ပါ့မလား။ ဘောလုံးကို ပန်းခြံထဲမှာ
ထားတဲ့အတွက် ပန်းခြံရဲ့သဘာဝအလှအပနဲ့ ပန်းခြံကိုလာကြတဲ့ အများပြည်သူတွေအတွက်
ဘယ်လောက်အထိ ထိခိုက်စေနိုင်မလဲ ... စတဲ့ အတွေးပေါင်းစုံတွေးရင်း ဘောလုံးကို
ကိုယ်တိုင်စီးကြည့်ဖြစ်ခဲ့ပါတယ်။

တကယ်တမ်းစီးမယ်ဆိုပြီး ဖုန်းဆက်ပြီး ဘွတ်ကင်တင်တဲ့အခါ ဒီရက်ပိုင်းထဲမှာ မိုးက
ဆက်တိုက်ရွာနေတာမို့ နှစ်ရက်လောက် စောင့်လိုက်ရပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ နေ့လယ်ပိုင်းမှာတော့ ရာသီဥတုလည်း ကောင်းတာမို့ စီးလို့အဆင်ပြေ၊ မပြေ
ဆက်သွယ်ကြည့်တဲ့အခါ အဆင်ပြေတယ်ဆိုတာနဲ့ ဘောလုံးရှိတဲ့ ကန်တော်ကြီးထဲကို သူငယ်ချင်းနဲ့
နှစ်ယောက် သွားဖြစ်ခဲ့ပါတယ်။

တိရစ္ဆာန်ရုံနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ကန်တော်ကြီးဝင်ပေါက်ကနေ ၀င်လိုက်ရင် အ၀င်ဝမှာ
'မင်္ဂလာပါဘောလုံး'ဆိုပြီး လမ်းညွှန်ထားသလို အပြင်ကနေလှမ်းကြည့်လိုက်တာနဲ့
ဘောလုံးဝါ၀ါကြီးကိုလည်း လှမ်းတွေ့နိုင်ပါတယ်။

အပေါက်ကနေ လှမ်းဝင်ပြီး အနည်းငယ်လျှောက်ကာ ဘယ်ဘက်ကိုချိုးလိုက်မယ်ဆိုတာနဲ့
ဘောလုံးစီးလို့ရတဲ့နေရာကို ရောက်ပါပြီ။

ဘောလုံးစီးတဲ့နေရာနားမှာ အဆောက်အအုံခပ်သေးသေးနှစ်လုံးရှိပြီး တစ်ခုထဲမှာတော့
ထိုင်စရာခုံတွေ ခင်းပေးထားပါတယ်။

ခုံတွေရဲ့နောက်ဘက်မှာ safety ခါးပတ်တွေ ချိတ်ထားတဲ့စင်တစ်ခုနဲ့ နံရံအမြင့်ဆီမှာတော့
ဘောလုံးစီးသူတွေလိုက်နာရမယ့် စည်းကမ်းတွေကို ရေးထားပါတယ်။

နောက်အဆောက်အအုံတစ်ခုထဲမှာတော့ လက်မှတ်ရောင်းတဲ့ကောင်တာရှိပြီး လာတဲ့ဧည့်သည်တွေ
ကိုယ့်ပစ္စည်းတွေကို သော့ခတ်သိမ်းထားခဲ့လိုရမယ့် ဗီရိုအသေးစားလေးတွေ (locker)
ထားပေးထားပါတယ်။

ဒီနေရာမှာ ပြောစရာရှိတာက ဘောလုံးစီးလို့ရတဲ့ခြင်းတောင်းထဲကို ဧည့်သည်နဲ့အတူ ဖုန်းနဲ့
ကင်မရာသာ ယူဆောင်ခွင့်ပြုပါတယ်။ ပိုက်ဆံအိတ်နဲ့ တခြားပစ္စည်းတွေကိုတော့ သတ်မှတ်ထားတဲ့
ဗီရိုထဲမှာပဲ ထည့်ထားခဲ့ရမှာဖြစ်ပါတယ်။

ဒီတော့ ဘောလုံးသွားစီးလို့ ကိုယ့်ပစ္စည်းတွေကို သူတို့ရဲ့ဗီရိုထဲမှာ မထားခဲ့ချင်ဘူးဆိုရင် ပိုက်ဆံနဲ့
ဖုန်း၊ ကင်မရာလောက်သာ ယူဆောင်သွားဖို့ အကြံပေးပါရစေ။

လူတိုင်း လိုက်ပါစီးနင်းလို့ရတယ်ဆိုပေမဲ့ ကိုယ်ဝန်ခြောက်လနဲ့အထက်ရှိသူတွေ၊ စိတ်ကျန်းမာရေး
ချို့ယွင်းချက်ရှိသူတွေနဲ့ ရောဂါဝေဒနာခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေအပြင် အသက်ငါးနှစ်အောက်
ကလေးတွေကိုတော့ လိုက်ပါစီးနင်းခွင့် မပြုပါဘူး။

ဘောလုံးစီးခကတော့ မြန်မာလူမျိုးဆိုရင် တစ်ယောက်ကို ကျပ်တစ်သောင်းဖြစ်ပြီး နိုင်ငံခြားသား
ဆိုရင်တော့ ၂၅ ဒေါ်လာပါ။

လူဝင်စီးရတဲ့ ခြင်းတောင်းဘောင်ရဲ့အရပ်ကိုကျော်တဲ့ အသက် ၅ နှစ်ကနေ ၁၂ နှစ်အရွယ်အထိ
ကလေးတွေဆိုရင်တော့ မြန်မာပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားပဲဖြစ်ဖြစ် တစ်ဝက်ဈေးနဲ့ စီးလို့ရပါတယ်။

အမှန်တိုင်းဝန်ခံရရင် ရင်ခုန်စိတ်လှုပ်ရှားရတာကို ကြိုက်နှစ်သက်လို့ ဘောလုံးစီးချင်တာကတစ်ပိုင်း၊
ဘေးအန္တရာယ် ကင်းပါ့မလားဆိုပြီး စိုးရိမ်စိတ်ရှိခဲ့တာကြောင့် မစီးခင်မှာ တာဝန်ခံတွေကို
တော်တော်လေးကို စုံစုံစေ့စေ့ မေးဖြစ်ခဲ့ပါတယ်။

"ဘောလုံးထဲကို ဟီလီယံဂက်စ်ဖြည့်ထားပြီး ဂက်စ်ကိုလည်း အပြင်လုံးဝမထွက်အောင် lock
လုပ်ထားပါတယ်။ နောက်ဟီလီယံဂက်စ်က Zero Fire ဖြစ်လို့ မီးမလောင်သလို မီးလောင်မှုကိုလည်း
အားမပေးတဲ့အတွက် လူတွေကို အန္တရာယ်မဖြစ်နိုင်သလို ဂက်စ်က ဘောလုံးထဲမှာပဲရှိနေပြီး အပြင်ကို
စိမ့်ထွက်တာမျိုးမရှိတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှာလည်း မစိုးရိမ်ရပါဘူး"လို့
မင်္ဂလာပါဘောလုံးရဲ့ Operation မန်နေဂျာ ဦးနေ၀င်းက ပြောပြပါတယ်။

"ပန်းခြံထဲမှာရှိနေပေမဲ့ ကျွန်တော်တို့ သစ်ပင်တွေ ခုတ်ပစ်တာမျိုး မလုပ်ခဲ့ပါဘူး။ ဘောလုံးချမယ့်
နေရာမှာ မလွတ်လို့ ခြုံပင်အပုလေး ၁၀ ပင်လောက်ကို နေရာရွှေ့စိုက်တာလောက်ပဲ
လုပ်ထားပါတယ်။ ကျန်တဲနေ့ရာတွေမှာ သစ်ပင်တွေကို လုံးဝမထိခိုက်စေပါဘူး"လို့လည်း
သူက ဆိုပါသေးတယ်။

ဒါပေမဲ့ ဇူလိုင်လ ၁၃ ရက်နေ့ထုတ် FRONTIER Myanmar မဂ္ဂဇင်းမှာဖော်ပြထားတဲ့
"Kandawgyi Park balloon raises ire of residents, local lawmakers" ဆိုတဲ့
ဆောင်းပါးထဲမှာတော့ ဘောလုံးစီမံကိန်းအတွက် အပင်ကြီး ၂၇ ပင်ကို ပန်းခြံရဲ့တခြားနေရာမှာ
ရွှေ့ပြောင်းစိုက်ပျိုးခဲ့ရပြီး အဲဒီထဲကမှ နောက်ပိုင်းမှာ ၁၃ ပင် သေသွားတာကြောင့် ကုမ္ပဏီကနေ
အစိုးရကို ကျပ် ၅ ဒမသ ၂ သန်း လျော်ကြေးပေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မင်္ဂလာပါဘောလုံးကို ဇွန်လ ၉ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီလုပ်ငန်းမှာ
ငွေကြေးမြှုပ်နှံထားသူတစ်ဦးကတော့ ခရီးသွားလုပ်ငန်းမှာ လူသိများသူတစ်ဦးဖြစ်တဲ့
ဦးသက်လွင်တိုးပဲ ဖြစ်ပါတယ်။

စာရေးသူလိုမျိုး လုံခြုံရေးပိုင်းကို စိုးရိမ်သူတွေအတွက်ကိုလည်း Operation မန်နေဂျာ ဦးနေ၀င်းရဲ့
စကားက စိတ်သက်သာရာရစေနိုင်ပါတယ်။

"မနက်ဆို နေ့တိုင်း ဘောလုံးအခြေအနေ၊ လေအနေအထား၊ ကြိုးတွေ၊ မူလီတွေ အစစအရာရာကို
စစ်ပါတယ်။ စစ်တဲ့ လူတွေအားလုံးလည်း လက်မှတ်ထိုးရပါတယ်။ ပြီးရင် လူမပါဘဲ ဘောလုံးကိုပဲ
သီးသန့်တစ်ခေါက်လွှတ်ပြီး ငါးမိနစ်၊ ၁၀ မိနစ်လောက်ထားပြီး လေဖိအားနဲ့ ရာသီဥတုကို
တိုင်းတာပါတယ်။ ပြီးရင် လေယာဉ်မှူးတစ်ယောက် ထည့်ပြီး ဘောလုံးကို တစ်ခေါက်
ထပ်တင်ပါတယ်။ အဲလိုသေချာစစ်ဆေးပြီးမှ ခရီးသည်တွေကို ကျွန်တော်တို့ စတင်ပါတယ်။
မိုးအရမ်းရွာနေတာတို့၊ လေအရမ်းတိုက်နေတာတို့၊ လေမငြိမ်တာတို့ဆိုရင် ခရီးသည်က
ဘယ်လောက်ပဲ တောင်းဆိုပါစေ၊ ကျွန်တော်တို့ ဘောလုံးကို ပေးမစီးပါဘူး"လို့ သူကဆိုပါတယ်။

ဘောလုံးစီးဖို့ ဘွတ်ကင်တင်အပြီးမှာ ရာသီဥတုမကောင်းတာကြောင့် ဘောလုံးစီးဖို့အရေးမှာ
စာရေးသူလည်း သုံးရက်လောက် စောင့်လိုက်ရပါတယ်။

ဘောလုံးစီးတဲ့ အတွေ့အကြုံကတော့ မစီးခင်မှာ လုံခြုံရေးအတွက် တာဝန်ယူထားတဲ့ ၀န်ထမ်းက
လုံခြုံရေးခါးပတ်ဝတ်ဆင်ပုံကို မြေပြင်ပေါ်မှာပဲ ပြသပေးပါတယ်။

လိုက်ပါစီးနင်းသူတွေက ခါးပတ်ပတ်သွားပြီး ဘောလုံးဆီကို သွားရပါတယ်။

လိုက်စီးရမယ့် တောင်းထဲမှာ လေယာဉ်မှူးလို လေကြောင်းနဲ့ရာသီဥတုကို ချိန်ဆပေးမဲ့ aviator
တစ်ယောက်လည်း ပါဝင်ပြီး သူကမှ ဧည့်သည်တွေကိုယ်မှာ ၀တ်ဆင်ထားတဲ့ ခါးပတ်ကကွင်းကို
ခြင်းတောင်းထဲမှာရှိတဲ့ လုံခြုံရေးကြိုးကွင်းနဲ့ ပြန်ပြီးချိတ်ဆက်ပုံကို ပြသပေးပါတယ်။

စာရေးသူနဲ့အတူ ဘောလုံးလိုက်ပါစီးနင်းတဲ့ aviator ကို တွေ့ရစဉ်။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)စာရေးသူနဲ့အတူ ဘောလုံးလိုက်ပါစီးနင်းတဲ့ aviator ကို တွေ့ရစဉ်။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)

စာရေးသူတို့ စီးတဲ့အချိန်မှာ ဧည့်သည်က နှစ်ယောက်၊ aviator တစ်ယောက်နဲ့ စုစုပေါင်း
သုံးယောက်ပဲရှိတာမို့ ခြင်းတောင်းထဲမှာ ဟန်ချက်မျှအောင် တစ်ယောက်တစ်နေရာစီ
သတ်မှတ်ထားတဲ့နေရာမှာပဲ ရပ်ကြရပါတယ်။

လူနှစ်ယောက် ပူးရပ်လို့ မရပါဘူး။ လူနှစ်ယောက် ကပ်သွားမယ်ဆိုရင် ဘောလုံးက ဟန်ချက်ပျက်ပြီး
စောင်းသွားနိုင်ပါတယ်။ စတက်တက်ချင်းမှာတော့ လက်နှစ်ဖက်နဲ့ ဘေးကို ကိုင်ထားရပြီး ဘောလုံးက
တက်တက်ခြင်းမှာ လေဖိအားကို တွန်းကန်ပြီး အထက်ကို တက်ရတာမို့ လည်လည်ပြီး အပေါ်ကို
တက်ရပါတယ်။

တဖြည်းဖြည်းနဲ့ အပေါ်ကိုရောက်သွားတဲ့ အချိန်မှာတော့ လေထုကသန့်စင်ပြီး ရန်ကုန်မြို့ရှုခင်းနဲ့
ကန်တော်ကြီး ရေပြင်ကြီးကို အပေါ်စီးကနေကြည့်ရတာ တော်တော်လေးကို လှပတဲ့အပြင်
လွတ်လပ်တဲ့အရသာကိုလည်း ခံစားရပါတယ်။

ပိုမြင့်လာလေလေ လေကလည်း ပိုအေးလာပြီး ဘောလုံးကလည်း လေထဲမှာ ပိုလွင့်လာလေလေပါပဲ။

ဘောလုံးထဲမှာ ဓာတ်ပုံရိုက်ချင်တယ်ဆိုရင် aviator က ကူညီပြီးရိုက်ပေးပါတယ်။ ဒါပေမဲ့ ကိုယ်က
နှစ်ယောက် သွားတယ်၊ နှစ်ယောက်တွဲဓာတ်ပုံလည်း လိုချင်တယ်၊ လိုက်စီးမယ့် ဧည့်သည်ကလည်း
နှစ်ယောက်ပဲရှိတယ်ဆိုရင်တော့ ဟန်ချက်မျှအောင် aviator နှစ်ယောက် လိုက်ပေးပါတယ်။
ဒါဆိုရင်တော့ လူနှစ်ယောက် နီးနီးကပ်ကပ်ရပ်ပြီး ဓာတ်ပုံရိုက်နိုင်ပါတယ်။

အမြင့်ပေ ၂၀၀ လောက်အထိ တက်ပေးပြီး "အစ်မတို့မကြောက်ရင် မိုးရာသီမှာ အမြင့်ပေ ၂၂၀ အထိ
ထပ်တက်လို့ရတယ်။ တက်ပေးရမလား"လို့ မေးတာမို့ စာရေးသူတို့လည်း အမြင့်ပေ ၂၂၀ အထိ
တက်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ပိုမြင့်သွားတာနဲ့ လေကလည်း ပိုအေးလာသလို လေတိုက်နှုန်းလည်း ပိုမြင့်လာပါတယ်။
ပိုပြီးတော့လည်း လွင့်ခါနေသလို ခံစားရပါတယ်။ ဘောလုံးတက်နေတဲ့ တောက်လျှောက်မှာလည်း
ဘောလုံးပေါ်က ၀န်ထမ်းနဲ့ အောက်က၀န်ထမ်းတွေက စကားပြောစက်ကနေတစ်ဆင့်
လေတိုက်နှုန်းနဲ့ လေဖိအားကိုချိန်ဆပေးဖို့ တစ်ချိန်လုံး ချိတ်ဆက်ပြောဆိုနေပါတယ်။
အောက်ကနေလည်း စက်ကိရိယာလေးနဲ့ ထိန်းညှိပေးနေပါတယ်။

အခုလိုမိုးရာသီမှာတော့ ရန်ကုန်က ပင်လယ်ဝနဲ့ နီးတဲ့အတွက် လေတိုက်နှုန်းမြင့်လို့
အမြင့်ပေ ၂၂၀ အထိပဲ အမြင့်ဆုံး တက်ပေးတာဖြစ်ပြီး ကျန်တဲ့ရာသီတွေမှာတော့
အမြင့်ပေ ၄၀၀ အထိ တက်သွားလို့ရပါတယ်။

ဘောလုံးတကယ်စီးရတဲ့ခံစားမှုက ဘောလုံးမစီးခင်ကတွေးထားတဲ့ ရန်ကုန်ရဲ့ရှုခင်းကို
အမြင့်ကြီးကနေ ကြည့်လို့ရတယ် ဆိုတဲ့ အတွေးထက်ပိုပါတယ်။ မျှော်မှန်းထားသလိုပဲ စိတ်လှုပ်ရှား
ပျော်ရွှင်စရာလည်း ကောင်းပါတယ်။

ဒါပေမဲ့ သေသွားတဲ့ နှစ်ချို့အပင်ကြီး ၁၃ ပင်အကြောင်းကို တွေးမိလိုက်တော့ အပျော်က လေထဲမှာ
တန့်သွားသလို ဖြစ်သွားပါတယ်။

စီးရတဲ့ အချိန်က ၁၅ မိနစ်ပဲဖြစ်တဲ့အတွက် တော်တော်လေးတော့ တိုတောင်းပါတယ်။

ခံစားချက်ကို ပြောရမယ်ဆိုရင်တော့ ကြည့်နေတဲ့ ဇာတ်ကား ကောင်းခန်းရောက်နေတာမို့
ရင်ခုန်စိတ်လှုပ်ရှားနေစဉ်မှာ မီးပျက်သွားလို့ 'ဟာ'ခနဲ ဖြစ်သွားသလိုပါပဲ။

ကြောက်တတ်တဲ့သူ၊ နှလုံးရောဂါရှိသူ၊ စိတ်လှုပ်ရှားတတ်သူတွေဆိုရင်တော့ မစီးဖို့သတိပေးပါရစေ။

တကယ်လို့ ကလေးက ငါးနှစ်ကျော်လို့ ခေါ်သွားလို့ရလို့ ခေါ်သွားမယ်ဆိုရင်တော့ ကြောက်တတ်မယ်၊
အပေါ်ကို တက်ပြီးမှ ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေမယ်ဆိုရင်တော့ ကလေးကို လှမ်းထိန်းဖို့လည်း
ခက်တဲ့အတွက် အန္တရာယ်ရှိနိုင်ပါတယ်။

ဘောလုံးစီးနေတဲ့အချိန်မှာ တစ်ယောက်ချင်းစီရဲ့ခါးပတ်ကွင်းက ခြင်းတောင်းဘောင်က သံချိတ်နဲ့
ချိတ်ထားတာမို့ သိပ်လှုပ်လှုပ်ရှားရှား လုပ်လို့မရပါဘူး။ သိပ်ကြောက်ပြီး လှုပ်လှုပ်ရှားရှားတွေ
လုပ်မယ်ဆိုရင် ဟန်ချက်လည်းမငြိမ်တော့ပဲ တခြားသူတွေပါ အန္တရာယ် ရှိနိုင်ပါတယ်။
ဒီအချက်လေးကိုတော့ မစီးခင် သေချာစဉ်းစားဆုံးဖြတ်ဖို့ လိုပါတယ်။

လူအရေအတွက်ကတော့ ဘောလုံးတစ်ခါတက်ရင် လေဖိအားနဲ့ လေကြောင်းအခြေအနေ၊
ရာသီဥတုပေါ်မှာမူတည်ပြီး နှစ်ယောက်ကနေ၊ အယောက် ၂၀ အထိ လိုက်လို့ရပါတယ်။

ရုံးပိတ်ရက်ရော ရုံးဖွင့်ရက်ပါဖွင့်ပြီး ရုံးပိတ်ရက်ဆိုရင်တော့ တစ်နေ့ကို ၁၅ ခေါက်လောက်အထိ
တက်ရတာရှိပြီး ရုံးဖွင့်ရက်တွေမှာတော့ လာတဲ့ လူနည်းတဲ့အတွက် တစ်နေ့ကို ငါးခေါက်၊
ခြောက်ခေါက်လောက်ပဲ အများဆုံး တက်ရပါတယ်။

ဖွင့်ချိန်ကတော့ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိပဲ ဖြစ်ပါတယ်။

ကြိုတင်ဘွတ်ကင် တင်ချင်တယ်ဆိုရင်တော့ ၀၉၄၂၅၈၄၃၁၃၁ ကို ဆက်သွယ်နိုင်ပါတယ်။

ဘောလုံးစီးရတဲ့ ခံစားမှုကို ဘယ်လိုမျိုးလဲလို့ပြောပြရတာထက် ကိုယ်တိုင်ပဲ
လက်တွေ့စီးကြည့်ရတာက ပိုပြီးစိတ်လှုပ်ရှား ရင်ခုန်စရာကောင်းပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်