ထောင်အတွေ့အကြုံတွေကို ဟာသနှောပြီး ရေးဖွဲ့ထားတဲ့ ဇာဂနာရဲ့ 'ပထမ'စာအုပ်

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော် ပုံမှာ ပါဝင်ခဲ့တာကြောင့် ထိန်းသိမ်းခံ ရစဉ်မှာ ရရှိခဲ့တဲ့
ပြင်းထန်ခါးသီးတဲ့ ထောင်အတွေ့အကြုံတွေကို သိင်္ဂါရရသ ဖုံးပြီး ခြယ်မှုန်းထားတဲ့ လူရွှင်တော်
ဇာဂနာရဲ့ 'ပထမ'အမည်ရ စာအုပ်ကို ဗိုလ်အောင်ကျော်(အောက်ဘလောက်) မှာရှိတဲံ့Home
မိတ်ဆက်ဖြန့်ချိ လိုက်ပါပြီ။

ပထမအကြိမ် အထိန်းသိမ်းခံရစဉ် သံတိုင်နောက်ကွယ်က အမှောင်လွှမ်း နေ့ရက်တွေကို
လူရွှင်တော်တစ်ယောက် ပီပီ ရယ်ကာမောကာ ရင်ဆိုင်ဖြတ်သန်း ခဲ့ပုံတွေကို ရေးဖွဲ့ထားတဲ့
ဒီစာအုပ်ကို အကျဉ်းကျပြီး ထောင်မှလွတ်မြောက် လာတဲ့ ၁၉၈၉ ခုနှစ်မှာ ရေးသားခဲ့တာ
ဖြစ်ပါတယ်။

"ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးလုပ် ရင် ထောင်ကျတယ်ဆိုတဲ့ အစဉ်အလာ ကြီးက ရပ်ဖို့
ကောင်းနေပါပြီ။ ကျွန်တော် တို့ ဒီနေ့မှာ ထောင်မကျတဲ့ နိုင်ငံရေးတွေ လုပ်ဖို့ လိုလာပြီ။ နိုင်ငံ
ရေးလုပ်ရင် ထောင်မကျတော့ဘူးဆိုတဲ့ ခေတ်ကိုလည်း ကျွန်တော်တို့ ရောက်ဖို့ကောင်းပါပြီ။
ဒါတွေကို ရည်စူးပြီး ကျွန်တော်တို့ ဒီ စာအုပ်တွေကို ထုတ်တာပါ။ ဒါကို သမိုင်းဖြစ်ချင်လို့ပါ"
လို့ ဒီဇင်ဘာလ အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စာအုပ်မိတ်ဆက်ပွဲမှာ ဦးဇာဂနာက ပြောပါတယ်။

"ကျွန်တော်တို့နိုင်ငံမှာ ခုချိန် ၈၈ အရေးတော်ပုံအကြောင်းကို ရုပ်ရှင်ရိုက် ချင်တဲ့သူတွေ၊
စာအုပ်အဖြစ် မှတ်တမ်း တင်ချင်သူတွေ စသဖြင့် ရှိပါတယ်။ ဒါပေမယ့် မှတ်တမ်းလိုတယ်။
တကယ့် တကယ် ၈၈ တုန်းက ဘယ်လိုကြုံခဲ့သလဲ ဆိုတာ ကျွန်တော်တို့တစ်တွေ၊ မင်းကိုနိုင်
တို့၊ ကိုဂျင်မီတို့တစ်တွေရှိတယ်။ ဒါတွေ ကို ကျွန်တော်တို့ လက်စားချေချင်လို့ ဖော်နေတာ
မဟုတ်ပါဘူး။ မှတ်တမ်းပြုစု ချင်လို့ ဖော်နေတာပါ။ မမေ့ချင်လို့ပါ" လို့လည်း စာအုပ်ရေးသား
ရတဲ့ ရည်ရွယ် ချက်ကို ပြောပြပါတယ်။

"ဒီအကြောင်းတွေကို ကျွန်တော်တို့ တင်မဟုတ်ပါဘူး။ တခြားလူတွေလည်း ရေးစေချင်တယ်။
ကျွန်တော်က မြစ်ကြီးနားထောင်မှာ နေတဲ့အတွက်ကြောင့် တောင်ကြီးထောင်ကအကြောင်း
တွေကို မသိရပါဘူး။ ဒါကို တောင်ကြီးထောင် က လူကရေးသင့်သလို ဗန်းမော်ထောင် ကလူ
ကလည်း ရေးသင့်ပါတယ်။ တစ် နေ့သောအခါမှာ ၄၁ ထောင်လုံးက အကြောင်းတွေကို
တစ်အုပ်တည်း စုစည်းပြီး ထုတ်ဝေတဲ့အချိန်ရောက်လာ လိမ့်မယ်လို့ မြင်ပါတယ်"လို့လည်း
ပြောပါတယ်။

ဇာဂနာဟာ ၁၉၈၃ ခုနှစ်မှာ 'မိုးနတ် သူဇာ'အငြိမ့်အဖွဲ့ကို တည်ထောင်ခဲ့ပြီး သဘင်လောက
ထဲကို ၀င်ရောက်ခဲ့ပါ တယ်။ နောက်တစ်နှစ်မှာပဲ 'မြပုဏ္ဏမာ' အငြိမ့်အဖွဲ့ကို ဆက်လက်
တည်ထောင် ခဲ့ပါတယ်။

ဒုတိယအကြိမ်မြောက် ဖမ်းဆီးခံရ အပြီး လွတ်မြောက်လာချိန် ၁၉၉၄ ခုနှစ်မှာ အနုပညာ
လုပ်ငန်းတွေကို ပြန်လည်လုပ်ဆောင်ခဲ့ပေမယ့် အငြိမ့်ကပြခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

လူရွှင်တော်အဖြစ်သာမကဘဲ ရုပ်ရှင် လောကမှာပါ သူ့ရဲ့ပြက်လုံးတွေနဲ့ သရုပ်ဆောင်မှုတွေ
ကြောင့် လူသိများတဲ့ ဇာဂနာဟာ ၁၉၉၇ ခုနှစ်ကနေ ၂၀၀၁ ခုနှစ် ထိ ရုပ်ရှင်ဗီဒီယိုရိုက်ကူးခြင်း
ကိုပါ ပိတ်ပင်ခံခဲ့ရပါတယ်။

သူ့ကို ၂၀၀၁ ခုနှစ်မှာ ရုပ်ရှင်ဇာတ် ကားတွေ ပြန်လည်ရိုက်ကူးခွင့်ပေးခဲ့ ပေမယ့် ၂၀၀၅
ခုနှစ်မှာ အနုပညာလုပ် ဆောင်ခွင့်ကို နှစ်အကန့်အသတ်မရှိ ထပ်မံ ပိတ်ပင်ခံခဲ့ရပါတယ်။
ခုထုတ်ဝေလိုက်တဲ့ စာအုပ်ကို 'ပထမ' လို့ အမည်ပေးဖြစ်တာက ဒုတိယမှ စတုတ္ထအထိ
စာအုပ်သုံးအုပ် ရေးသား ထုတ်ဝေသွားမှာ ဖြစ်တဲ့အတွက်ကြောင့် လို့ ဦးဇာဂနာက ဆိုပါတယ်။

"ထောင်လေးခါကျတော့ စာအုပ် လေးအုပ် ဖြစ်တာပေါ့ဗျာ။ စာလည်း ပိုရေးလို့ ကောင်းပါ
တယ်။ လူပြက် တစ် ယောက်ရဲ့ ထောင်ထဲကအကြောင်းပေါ့" လို့ ပြောပါတယ်။

သူက စာအုပ်ထဲမှာ သူ့ရဲ့ထောင်တွင်း အတွေ့အကြုံတွေ အကုန်လုံးကို မခြွင်းမချန် ရေးထား
တယ်လို့လည်း ဆိုပါ တယ်။ စာအုပ်ဈေးနှုန်းကတော့ ကျပ် ၂,၅၀၀ ဖြစ်ပါတယ်။

"ကျွန်တော်တို့ကို၊ဘယ်လိုရိုက်တယ်။ ဘယ်လိုဆော်တယ်။ ဘယ်လိုညစ်ပတ် တယ်ဆိုတာ
ကအစ နာမည်တပ်မရေးရုံ တမယ်ပါပဲ။ သူတို့ကိုမေ့ဖို့ ဘယ်လိုမှ ကြိုးစားလို့မရပါဘူး။
ခွင့်လွှတ်လို့တော့ ရတယ်။ ဒါပေမယ့် မေ့လို့ မရဘူး။ ဒီအတွက်ကြောင့် ဒါကိုရေးတာပါ"လို့
သူ့ခံစားချက်ကို ပြောပါတယ်။

နောက်ဆုံးနေခဲ့ရတဲ့ ထောင်က မြစ် ကြီးနားထောင်ဖြစ်ပြီး ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ
၁၂ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါ တယ်။   

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်