ရွှေတိဂုံအရိပ်အောက်မှာ အောင်ပွဲခံခဲ့တဲ့ မာမာအေးရဲ့ ဂီတဘ၀တစ်လျှောက် ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲ

'ရသနှလုံးသားပေးဆပ်ပွဲ'မှာ ဒေါ်မာမာအေးရဲ့ဖျော်ဖြေဟန်။ (ဘူးသီး/ မြန်မာတိုင်း(မ်))'ရသနှလုံးသားပေးဆပ်ပွဲ'မှာ ဒေါ်မာမာအေးရဲ့ဖျော်ဖြေဟန်။ (ဘူးသီး/ မြန်မာတိုင်း(မ်))

အရင်နှစ်တွေထက် ပိုအေးတဲ့ ဒီနှစ် ဆောင်းရာသီရာသီဥတုက ဇန်န၀ါရီလ ၁၂ ရက်နေ့က
ပြည်သူ့ဥယျာဉ်လေဟာ ပြင်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အဆို ကျော်ကြီးဒေါ်မာမာအေးရဲ့
'ရသနှလုံးသား ပေးဆပ်ပွဲ' တေးဂီတဖျော်ဖြေပွဲဟာ သူ့ပရိသတ်တွေ သူ့ကို ဘယ်လောက်
ချစ်ပြီး သူ့ရဲ့ဖျော်ဖြေမှုကို ဘယ်လောက်ထိ တောင့်တနေသလဲဆိုတာကို ဆန်းစစ်လိုက်
သလိုပါပဲ။

သတ်မှတ်ထားတဲ့ ပွဲစချိန် ည ၇ နာရီထက် နာရီဝက်လောက် နောက်ကျမှ စဖြစ်ခဲ့တဲ့ဒီပွဲမှာ
ပွဲမစခင်ကတည်းက လူကြီးပိုင်းနဲ့ လူလတ်ပိုင်းပိုများတဲ့ ပရိသတ်တွေနဲ့ ပွဲခင်းထိုင်ခုံ
တော်တော်များများပြည့်လို့နေခဲ့ပါတယ်။

"ရွှေတိဂုံဘုရားရဲ့ အရိပ်အောက်ကို ဒေါ်မာမာအေး ပြန်လို့ရောက်လာပြီဆို တာကိုက
တိုင်းပြည်အတွက် ဆုလာဘ် တစ်ပါးပါပဲ"လို့ သရုပ်ဆောင် အရိုင်းနဲ့ အတူ အစီအစဉ်
တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဇာဂနာ ပြောတဲ့အတိုင်း အဆိုပါရမီရှင် ဒေါ်မာမာအေး
မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာခြင်းဟာ တိမ်မြုပ်လုနီးပါးဖြစ်နေတဲ့ မြန်မာသံစဉ်
တေးသီချင်းတွေကို မြန်မာပရိသတ်နဲ့ ပြန်လည်မိတ်ဆက်ပေးနိုင်ခဲ့ တယ်လို့လည်း
ဆိုနိုင်ပါတယ်။

ဒီဖျော်ဖြေပွဲဟာ မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးကြောင့် လွန်ခဲ့တဲ့ ၁၄ နှစ်လောက်က
အမေရိကန်နိုင်ငံကို ထွက်ခွာသွားခဲ့တဲ့ ပါရမီရှင်ဒေါ်မာမာအေးရဲ့ ပြန်တော်ပြန်ခရီးအပြီး
စီစဉ်ခြင်း ဖြစ်သလို သူမရဲ့ ရှည်လျားလှတဲ့ဂီတ သက်တမ်းမှာ ပထမဆုံးတစ်ကိုယ်တော်
ဖျော်ဖြေပွဲလည်း ဖြစ်လို့နေတာကြောင့် သူမအတွက် ကြီးမားတဲ့ မှတ်တိုင်တစ်ခု လို့ ပြောနိုင်
ပါတယ်။

"အားလုံးကို တွေ့ရတာ အင်မတန်မှ ၀မ်းသာပါတယ်။ ကျွန်မ ဒီနိုင်ငံကနေ ခဏအပြင်ရောက်
နေတဲ့ ကာလမှာ သီချင်းတွေကို အမြဲတမ်းမမေ့ပါဘူး။ ကျွန်မမိတ်ဆွေတွေကိုလည်း မမေ့ခဲ့ဖူး
ပါဘူး။ ဒီလို ဆိုင်းစုံ၊ ၀ိုင်းစုံနဲ့ ပရိသတ်ကို ဖျော်ဖြေချင်လိုက်တာ။ အဲဒီစိတ်က ကျွန်မကို ဟိုမှာ
လွှမ်းမိုးခဲ့ပါတယ်" လို့ လွမ်းမောဖွယ်ပြောလိုက်တဲ့ အသက် ၇၀ ရှိပြီဖြစ်တဲ့ ဒေါ်မာမာအေးရဲ့
အသံ ကတော့ ပရိသတ်ကို အပြည့်အ၀ ဆွဲဆောင်နိုင်ခဲ့ပါတယ်။

"ကျွန်မ တတ်စွမ်းသလောက် ကြိုးစား တင်ဆက်ပါမယ်။ ကျွန်မကတော့ လောလောဆယ်မှာ
အမြင်လေး ကတော့ လှသလိုပေါ့နော်။ ဒါပေမဲ့ အတွင်းကြေဖြစ်နေပါတယ်။ ၁၄ နှစ်လောက်
ထုထောင်းခံထားရတဲ့ နှလုံးသားကလည်း အဘွားကြီးပေါ့ရှင်။ တကယ့်နှလုံး ရောဂါကလည်း
ဖြစ်သွားတော့ ကျွန်မက လူသစ်လိုဖြစ်နေတယ်။ ဟိုရှေ့က ပထမ မာမာအေးကို အခု
မာမာအေးက မီချင်မှ မီတော့မှာ။ ဒါပေမဲ့ ကျွန်မ ကြိုးစားပြီးတော့ အသုံးတော်ခံ ပါ့မယ်။
ကြိုးစားပြီးတော့ ပေးဆပ်ပါ့မယ်။ ဒါ ကျွန်မရဲ့ဆန္ဒအရင်းပါပဲ"လို့ စင်ပေါ်ကနေ ဖြည်းဖြည်းချင်း
ပြောသွားခဲ့တဲ့ ဒေါ်မာမာအေးက စကားအနည်းငယ် ပြောပြီးတိုင်း အမောဖြေနေရလို့ သီချင်း
တွေ ဆိုနိုင်ပါ့မလားဆိုပြီး စာရေးသူ တွေးမိခဲ့ပေမဲ့ တကယ်တမ်း သီချင်း စဆိုချိန်မှာတော့
ကိုယ့်အတွေးက မှားနေ တယ်ဆိုတာ သိလိုက်ရပါတယ်။

"တကယ့် ပါရမီရှင်ပါပဲ။ သူ့အသံက လည်း အရင်တုန်းက အတိုင်းပဲနော်" ဆို တဲ့ အချင်းချင်း
ပြောနေကြတဲ့ ပရိသတ် တွေရဲ့ ချီးမွမ်းသံတွေကို အချမ်းဒဏ်နဲ့ အတူ တေးဂီတဖျော်ဖြေမှုကို
ခံစားရင်း ကြားခဲ့ရပါသေးတယ်။

ကျွန်မတို့ သွားဖူးနေကျ၊ မြင်တွေ့နေကျ မြူးကြွတဲ့ အနောက်တိုင်းဂီတဖျော် ဖြေပွဲတွေမှာလို
ကခုန်အားပေးကြတာ မျိုးမဟုတ်ဘဲ မျက်ရည်စတွေကျတဲ့ သူက ကျ၊ သူ့ရဲ့သီချင်းတွေကို
လိုက်ညည်းနေ ကြတဲ့ လူကြီးပိုင်းပရိသတ်တွေရဲ့ တည် ငြိမ်တဲ့ အားပေးမှုမျိုးကို မြင်တွေ့ရ
တာက လည်း၊ဖော်မပြတတ်တဲ့ခံစားမှုတစ်ခုပါပဲ။

နိုင်ငံတစ်ဝန်းမှာ အဆိုတော် ဒေါ်မာမာအေးဆိုရင် မသိသူမရှိသလောက် ဆိုပေမယ့် သူ့ရဲ့
မျိုးဆက်တွေကိုတော့ သိသူနည်းလှပါတယ်။ ဖျော်ဖြေပွဲမှာ တော့ အဆိုတော်ကြီးဟာ သူ့ရဲ့
သား သမီး၊ မြေးများကို ပရိသတ်နဲ့ မိတ်ဆက် ပေးခဲ့တဲ့အပြင် သူ့ရဲ့နာမည်ကြီးဖြစ် လာခဲ့တဲ့
ပထမဆုံးဂီတဘ၀ကို စတယ်လို့ အားလုံးက သတ်မှတ်ထားကြတဲ့ 'သက်တံပေါ်မှာ ကစား
မယ်' သီချင်းကို မိသားစုနဲ့အတူ သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။

မြန်မာ့ရိုးရာတေးဂီတ မျိုးဆက်သစ် များကို မြေတောင်မြှောက်ပေးတဲ့အနေ နဲ့လည်း ဆို၊
က၊ ရေး၊ တီး ပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေအများကြီး ဆွတ်ခူးခဲ့ကြ တဲ့ မေသက်ထားဆွေနဲ့ ၀ိုင်းလမင်း အောင်တို့ကိုလည်း လေ့ကျင့်သင်ကြား ပေးပြီး သီဆိုဖျော်ဖြေစေခဲ့ပါတယ်။

တစ်ချိန်က မင်းသားကြီး ၀င်းဦးနဲ့ အတူ အသံလွှင့်ခဲ့တဲ့ 'သည်နွေ၊ သည်မိုး၊ သည်ဆောင်း'
သီချင်းကိုတော့ တင်တင်မြ၊ ချိုပြုံးတို့နဲ့အတူ သုံးယောက်ဖျော်ဖြေ မှုက လွမ်းစရာကောင်း
လှပါတယ်။

"မာမာအေး ပြန်လာတာကတော့ မြန်မာသံစဉ်တေးဂီတအတွက် အင်မတန်မှ အားရှိပါတယ်။
မြန်မာပြည်ရဲ့ တီဗီလိုင်းလေးခုစလုံးမှာကလည်း ကိုရီး ယားကားတွေချည်းပဲ လာနေတယ်။
ကျွန်တော်တို့ ဗမာသံက နောက်တန်း ရောက်နေတယ်။ ဘယ်လောက်ပဲ နောက်တန်းရောက်
နေပေမယ့် နောင် နှစ်ပေါင်း ၅၀၊ ၁၀၀ ထိ ပျောက်မသွား ဘူးဆိုတာတော့ ပရိသတ်များ
သတိပြု ကြည့်ပေးပါ" လို့ ဟင်္သာတထွန်းရင်က သူ့သူငယ်ချင်း ဒေါ်မာမာအေး ပြန်လာမှု
အပေါ် ၀မ်းသာစကားနဲ့ အမှတ်တရ စကားကို သူ့ရဲ့သီဆိုဖျော်ဖြေမှုမတိုင်ခင် ပြောခဲ့ပါတယ်။

ဖျော်ဖြေပွဲမှာ တေးဂီတပိုင်းကို စန္ဒရားမောင်လှအေးက ဂီတမှူးအနေနဲ့ တီးခတ်ပေးထားတာ
ဖြစ်ပြီး တေးသီချင်းအပုဒ် ပေါင်း ၃၀ ကျော်ကို မနက် ၁ နာရီခွဲအထိ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။
"ကိုယ်ကတော့ အကောင်းဆုံး ကြိုး စားပြီး သီဆိုဖျော်ဖြေခဲ့တာပေါ့နော်။ ဒါ ပေမယ့် မိုက်ခရို
ဖုန်းက သိပ်အဆင်မပြေ တော့ အသံပိုင်းကို သိပ်အားမရဘူး" လို့  ဖျော်ဖြေပွဲအပြီး နောက်
တစ်နေ့မှာ ဒေါ်မာမာအေးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"ဒါပေမဲ့ ပရိသတ်တွေက ပွဲပြီးမှ ပြန်ကြတာကို တွေ့ရတယ်။ ဒီလောက် အေးတဲ့ထဲက ပြီးတဲ့
အထိ အားပေးကြ တဲ့ ပရိသတ်တွေရဲ့ အားပေးမှုကိုတော့ တော်တော်လေး အားရပါတယ်။
ကျေးဇူးလည်းတင်တယ်" လို့လည်း အဆိုတော်ကြီးက ထပ်ပြောပါတယ်။

မာမာအေးရဲ့ဖျော်ဖြေပွဲကို တစ်ခါမှ မကြည့်ဖူးတဲ့ စာရေးသူအတွက်တော့ သူ့ကို 'ပြည်သူ
ချစ်သော မာမာအေး'လို့ လူတွေပြောကြတာ မှန်လိုက်တာလို့ ထောက်ခံရမယ့်ပွဲပဲ ဖြစ်ပါတယ်။    

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်