ဒုတိယအကြိမ် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် အောင်မြင်စွာ ကျင်းပပြီးခဲ့ပြန်ပြီ

ဇန်န၀ါရီလ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ ဆုပေးပွဲအခမ်းအနားတွင် အကောင်းဆုံး ဓာတ်ပုံအက်ဆေးဆုရရှိခဲ့တဲ့ စိုးဇေယျာထွန်းကို ဆုလက်ခံယူအပြီးတွေ့ရစဉ်။ ဘူးသီး/မြန်မာတိုင်း(မ်)ဇန်န၀ါရီလ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ ဆုပေးပွဲအခမ်းအနားတွင် အကောင်းဆုံး ဓာတ်ပုံအက်ဆေးဆုရရှိခဲ့တဲ့ စိုးဇေယျာထွန်းကို ဆုလက်ခံယူအပြီးတွေ့ရစဉ်။ ဘူးသီး/မြန်မာတိုင်း(မ်)

ဒီနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးစီး ပြုလုပ်တဲ့ ဒုတိယမြောက် လွတ်လပ်ခြင်း အနုပညာရုပ်ရှင်
ပွဲတော်ကို 'မင်္ဂလာပါ ဒီမိုကရေစီ'ခေါင်းစဉ်နဲ့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ
ရန်ကုန်မြို့၊ ပြည်လမ်းပေါ်က တော်ဝင်စင်တာမှာ ကျင်းပခဲ့ပြီး ပထမနှစ်က မပါဝင်တဲ့ ဗိုလ်ချုပ်
အောင်ဆန်း အကြောင်း ရေးစပ်ထားတဲ့သီချင်းတွေနဲ့ ပြိုင်ပွဲဝင်နိုင်ဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။

ဇန်န၀ါရီ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေ မှာ ပြိုင်ပွဲခေါင်းစဉ်နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်၊
ဇာတ်လမ်းတို၊ Photo Essay နဲ့ Animation ဇာတ်ကားတွေ ထဲက ဆန်ခါတင် ၃၃ ကားကို
တော်ဝင် စင်တာရှိ ရုပ်ရှင်ရုံတွင် အခမဲ့ပြသပေး ခဲ့ပြီး People Choice ဆုအတွက် လာရောက်
ကြည့်ရှုသူများက မဲပေးတဲ့ အစီအစဉ်ကိုပါ ပြုလုပ်ပေးခဲ့ပါတယ်။

"အားလုံး ပြိုင်ပွဲဝင်တဲ့ ဇာတ်ကားက ၁၀၀ ကျော်ပါတယ်။ အဲဒီအထဲကမှ ၅၅ ကားကို ရွေးချယ်ခဲ့ပြီး
၅၅ ကားမှတစ်ဆင့် နောက်ဆုံးဆန်ခါတင် ၃၃ ကားကို ဒိုင်တွေက အဆင့်ဆင့်ရွေးချယ်ပေးခဲ့တာဖြစ်
တယ်"လို့ ပွဲဖြစ်မြောက်ရေး ကော်မတီမှ ဦးဇာဂနာက မြန်မာတိုင်း(မ်)ကို ပြောပြခဲ့ပါတယ်။

ဇာတ်ကားအကဲဖြတ်ဒိုင်များအဖြစ် ဒေါ်ဆွေဇင်ထိုက်၊ ဦးဝင်းဖေနဲ့ ဦးကြည်စိုးထွန်းတို့မှ ဆောင်ရွက်
ပေးခဲ့ကြတယ် လို့ သူက ဆိုပါတယ်။

"သီချင်းကလည်း ရုပ်ရှင်လို အဆင့်ဆင့် ရွေးချယ်လာတာပါ။ စစချင်း တေးရေးဆရာပေါင်း ၁၁၈
ယောက်က ရေးပြီး သီချင်းအားလုံးစုစုပေါင်း ၁၇၇ ပုဒ် ပြိုင်ပွဲဝင်ခဲ့တာ။ အဲဒီထဲကမှ နောက်ဆုံး
ဆန်ခါတင်ကိုးပုဒ်ကို ဒိုင်တွေ က ရွေးချယ်ပေးခဲ့တယ်"လို့ ဦးဇာဂနာက ပြောပြခဲ့ပါတယ်။

တချို့သီချင်းတွေကို တေးရေးဆရာ ကိုယ်တိုင်သီဆိုပြီး တချို့ကိုတော့ အဆို တော်များကို ဆိုခိုင်း
ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့ ပြောပါတယ်။

သီချင်းအကဲဖြတ်ဒိုင်အဖြစ် မြန်မာသံအတွက် တက္ကသိုလ်ဒေါ်လဲ့လဲ့နဲ့ ဦးရန်ပိုင်စိုးတို့ဖြစ်ပြီး ခေတ်
ပေါ်အတွက် ကိုတော့ မြင့်မိုးအောင်၊ သျှီနဲ့ ရန်ရန်ချန်း တို့က အကဲဖြတ်ပေးခဲ့တာဖြစ်ပါတယ်။

ဇန်န၀ါရီ ၃၁ ရက်နေ့မှာတော့ ဆုပေး ပွဲပြုလုပ်ပေးခဲ့ပြီး ဆုပေးပွဲအခမ်းအနားမှာ ပြိုင်ပွဲဝင်သီချင်းများ
ထဲမှ ဆန်ခါတင် ကိုးပုဒ်ကို လိုက်ဖ်ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

ရွှေအက်ဖ်အမ်မှာလည်း ထုတ်လွှင့်ပေးခဲ့ပြီး ကြိုက်နှစ်သက်တဲ့ သီချင်းကို ဖုန်းဖြင့် မဲပေးတဲ့စနစ်နဲ့
ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဇာတ်ကားအတွက်ဆုငါးဆု ချီးမြှင့် ပေးခဲ့တာဖြစ်ပြီး အကောင်းဆုံးမှတ်တမ်း ရုပ်ရှင်ဆု၊ ဇာတ်လမ်း
တိုဆု၊ Photo Essay ဆု၊ Animation ဆုနဲ့ ပရိသတ်အကြိုက်ဆုံးဆုတို့ ပေးခဲ့ပြီး သီချင်းအတွက်
လည်း အကောင်းဆုံးမြန်မာသံ သီချင်းဆု၊ ခေတ်ပေါ်သီချင်းဆု၊ ဟစ် ဟော့ပ်အကောင်းဆုံးဆုနဲ့
ပရိသတ်အကြိုက်ဆုံးဆုတို့ ပေးအပ်ခဲ့ပါတယ်။

အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို အမျိုးသမီးဒါရိုက်တာ ရှင်ဒေ၀ီက 'Brighter Future'
ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ဇာတ်လမ်းအကျဉ်းကတော့ မန္တလေး နန်းရှေ့ရှိ ဖောင်တော်ဦးဘုန်းတော်ကြီး
သင်ပညာရေးကျောင်းမှာ Child Centre Approach (CCA) စာသင်ကြားရေး စနစ်သုံးပြီး
အနာဂတ်ကလေးငယ်များအတွက် အလေးထားပုံကို အသားပေး ရိုက်ကူးထားတာဖြစ်ပါတယ်။

CCA သင်ကြားရေးပုံစံမှာ အစိုးရ ကျောင်းများနဲ့မတူဘဲ ဆရာများက ကလေးငယ်များကို ပုံသေ
သင်ကြားတာ မျိုးမဟုတ်ဘဲ ကလေးငယ်များကိုယ်တိုင်ပါဝင်ပြီး ကိုယ်ပိုင်အတွေးအခေါ်များဖြင့်
သိချင်စိတ်၊ စူးစမ်းချင်စိတ်များနဲ့ သင်ကြားခြင်းစနစ်ဖြစ်ပြီး အဲဒီဘုန်းတော်ကြီး ကျောင်းဟာ နွမ်းပါး
တဲ့ ကျောင်းသား ကလေးငယ်များအတွက် ဖွင့်လှစ်ပေးထားခြင်းဖြစ်တယ်လို့ ရှင်ဒေ၀ီက ရှင်းပြခဲ့ပါ
တယ်။

"ဒီဇာတ်ကားလေး ရိုက်ကူးဖို့ ကျွန်မ ငါးရက်လောက် ဒီ CCA သင်ကြားရေး ပုံစံကို ဘုန်းတော်ကြီး
ကျောင်းမှာ လေ့လာခဲ့ပါတယ်။ အရင်က ဒီလိုမျိုးရှိတယ်ဆိုတာတောင် မသိခဲ့ပါဘူး။ ပျိုးပင်
ဖောင်ဒေးရှင်းရဲ့ပံ့ပိုးမှုတွေနဲ့ ဒီဇာတ်ကား လေးကို ရိုက်ကူးဖြစ်ခဲ့တာဖြစ်တယ်" လို့ရှင်ဒေ၀ီက
ပြောပြခဲ့ပါတယ်။

ပျိုးပင်ဖောင်ဒေးရှင်းက အဲဒီကျောင်း ရဲ့ အဓိကအလှူရှင် ဖြစ်တယ်လို့လည်း သူက ပြောပြခဲ့ပါတယ်။
ဒါရိုက်တာ သုတ(မော်ကွန်း)ကတော့ 'မင်္ဂလာပါ ဒီမိုကရေစီ' ဆိုတဲ့ခေါင်းစဉ်နဲ့ ပဲ အကောင်းဆုံး
ဇာတ်လမ်းတိုဆုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဇာတ်လမ်းအကျဉ်းကတော့ တိုင်းရင်းသားတွေက ဒီမိုကရေစီ
ကို ကြိုဆိုနေပေမယ့် သူတို့ရဲ့ လက်ရှိ အခြေအနေတွေတော့ 'စစ်'တွေဖြစ်နေရင်း ကြုံရတဲ့အခက်
အခဲမျိုးစုံကို အဓိက ဖော်ပြထားတာဖြစ်ပါတယ်။

"ဒီဇာတ်ကားကို ကျွန်တော် ရိုက်ကူးဖို့ အချိန်နှစ်ရက်ပဲ ရလိုက်တယ်ပေါ့။ တိုင်းရင်းသားကျေးရွာမှာ
သူငယ်ချင်း တွေနဲ့အတူ သွားရိုက်ကူးခဲ့ပြီးတော့ တိုင်းရင်းသားကျေးရွာထဲက လမ်းမှာ တွေ့တဲ့
လူတွေအကုန်လုံးကိုလည်း အကူအညီတွေတောင်းပြီး ထည့်ရိုက်ခဲ့ပါတယ်"လို့ ဒါရိုက်တာ သုတက
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"ဇာတ်လမ်းကို စဉ်းစားမိတာတော့ကြာပါပြီ။ ကချင်၊ ကရင်နဲ့ ရခိုင်တို့မှာ က သူ့ပြဿနာနဲ့သူပေါ့။
အဲဒီတော့ ကျွန်တော် ရိုက်ပြရတာ အခက်အခဲမရှိဘူး။ ဗမာတိုင်းရင်းသားအတွက်ကျ တော့
ဘယ်လိုလုပ်ရမှန်း မသိဖြစ်နေရင်းက နောက်ဆုံး တိုင်းရင်းသားအတွဲလေးကို နောက်ကနေ ကြိုးနဲ့
ချည်ထားပြီး ကြိုးကိုင်ထားတဲ့သူကတော့ အရင် ဗိုလ်ချုပ်ဦးသန်းရွှေကို ပြလိုက်တာပါ" လို့ သူက
ဇာတ်လမ်းရိုက်စဉ်က အဖြစ်အပျက်တွေကို ပြောပြခဲ့ပါတယ်။

ဦးသန်းရွှေနေရာမှာ သရုပ်ဆောင်ဖို့ သရုပ်ဆောင်ကတော့ တမင်တူအောင် ရှာထားတာ မဟုတ်ပေ
မယ့် တိုက်တိုက်ဆိုင်ဆိုင် အရမ်းကိုတူသွားတော့ ပရိသတ်က ပိုစိတ်ဝင်စားသွားတယ်လို့လည်း
သူက ပြောပြခဲ့တယ်။

ရဲဝင်းက အကောင်းဆုံးအင်နီမေးရှင်း ဇာတ်လမ်းဆုကို ရရှိခဲ့ပြီး အဓိက သူ သရုပ်ဖော်ထားတာက
တော့ ကြိုးဆွဲခံရတဲ့ ရုပ်သေးရုပ်ရဲ့ ဖျော်ဖြေမှုကို အောက်မှာကြည့်နေတဲ့ မှူးမတ်တွေနဲ့ ၀န်ကြီးတွေ
ကလည်း ကြိုးဆွဲလို့ လက်ခုပ်တီးနေကြပြီး နောက်ဆုံးမှာတော့ ရုပ် သေးဆရာကလည်း ရုပ်သေး
ရုပ်တစ်ရုပ်သာဖြစ်နေတာကို ပြသခဲ့ပြီး အပေါ်က ကြိုးဆွဲသူအစစ်ကိုတော့ ဖျောက်ထားလိုက်တာ
ဖြစ်ပါတယ်။

"အဲဒီလို ဖျောက်ထားရတာက ပရိသတ်ကို လွတ်လပ်စွာ တွေးနိုင်အောင်လို့ပါ။ ကျွန်တော့်အနေနဲ့
ကတော့ ကြိုးဆွဲနေတဲ့လူက ပြည်သူသာ ဖြစ်သင့်တယ်လို့ ထင်ပါတယ်" လို့ ရဲဝင်းက ပြောပါ
တယ်။

အကောင်းဆုံး Photo Essay ဆု ကိုတော့ "Dawn of the Nation" နဲ့ စိုးဇေယျာထွန်းက
ရရှိခဲ့ပြီး ပရိသတ်အကြိုက်ဆုံးဆုကိုတော့ ဒါရိုက်တာထွန်းထွန်းအေးရဲ့ 'Spring Hlegu' မှတ်တမ်း
ကားက ရရှိခဲ့ပါတယ်။

ဆုတစ်ခုကြေညာလိုက်တိုင်း ပရိသတ်တွေရဲ့ အားပေးလက်ခုပ်သံ တွေ ဆူညံနေပေမယ့် တချို့
ပရိသတ်တွေကတော့ ဒိုင်တွေရဲ့အမှတ် ပေးမှုနဲ့ပတ်သက်ပြီး ဘ၀င်မကျတဲ့အသံတွေ ကြားခဲ့ရပါ
တယ်။

"ဲပြသွားတဲ့ကားတွေထဲမှာ တချို့ဇာတ်ကားအရမ်းကောင်းတာ တွေပါတယ်။ ဒါပေမဲ့ အခုနောက်ဆုံး
အကောင်းဆုံးဆုပေးတဲ့အခါမှာတော့ ဆုမရဘူး"လို့ ပွဲကြည့်ပရိသတ်ထဲမှ အင်းစိန်မှ လာကြည့်တဲ့
ကိုသီဟက ပြောပါတယ်။

ဆုရသွားတဲ့ တချို့ဇာတ်လမ်းတွေက MRTV မှာ ပြနေတဲ့ တချို့ ဇာတ်လမ်းပုံစံတွေနဲ့ ဆင်တူနေပြီး
ရုပ်ရှင်ပွဲတော်မှာ ဆုရလောက် အောင် မကောင်းဘူးလို့လည်း သူက ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ ဦးဇာဂနာကတော့ "ဒီနှစ် အရမ်းကိုအားရပါတယ်။ အမျိုးသမီး ဒါရိုက်တာတွေလည်း အများ
ကြီးပါဝင်လာပြီး အကုန်လုံးနီးပါးကလည်း လူငယ်တွေဖြစ်ကြတယ်။ တချို့ဆိုရင် တစ်ခါမှ အတွေ့
အကြုံမရှိသေးတဲ့ လူတွေတောင် ပါတယ်။ အင်နီမေးရှင်းဆိုရင်လည်း အရမ်းကို တိုးတက်လာပြီး
ဇာတ်ကားတွေရဲ့ ကွာလတီကလည်း ပိုတိုးတက်လာတယ်"လို့ ပြောပါတယ်။

အကောင်းဆုံး မြန်မာသံသီချင်းဆုကို တေးရေး ရဲနိုင်လင်းရဲ့ 'အကြီးမြတ်ဆုံးဂုဏ်'သီချင်းက ရရှိခဲ့ပြီး
ဒေါ်ရီရီသန့်မှ သီဆိုပေးခဲ့တာ ဖြစ်ပါတယ်။ အကောင်းဆုံးခေတ်ပေါ်သီချင်းဆုကိုတော့ တေးရေး
လင်းထက်ရဲ့ 'အောင်ဆန်းမျိုးဟေ့ မြန်မာ' သီချင်းက ရရှိခဲ့ပြီး လင်းထက်နဲ့အတူ လွင်ကိုကိုဦးတို့
သီဆိုထားတာ ဖြစ်ပါတယ်။

"ဒီသီချင်းလုပ်နေတုန်းက ကျွန်တော့်အတွက် အကြီးဆုံးအခက်အခဲကတော့ ပိုက်ဆံပါပဲ။
ကျွန်တော်က ချမ်းသာတဲ့ လူမဟုတ်ပါဘူး၊ အနုပညာတစ်ခုပဲရှိတဲ့ လူဆိုတော့ အခက်အခဲကြီးကြီး
မားမားကတော့ ပိုက်ဆံပါပဲ" လို့ လင်းထက်က မြန်မာတိုင်း(မ်)ကို ပြောပြခဲ့ပါတယ်။

"ကျွန်တော်အခု အမေစုပေးတဲ့ ဒီဆုကိုရတယ်ဆိုတော့ အရမ်းပျော်ပါတယ်။ ဒီအချိန်မှာ သေရမယ်
ဆိုရင်တောင် သေပျော်ပါပြီ"လို့လည်း သူက ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲမှာ ကျင်းပခဲ့တဲ့ SEA Games သီချင်းပြိုင်ပွဲမှာလည်း လင်းထက်က ပထမဆုရခဲ့သူ
ဖြစ်ပါတယ်။

အကောင်းဆုံး ဟစ်ဟော့ပ်သီချင်းဆုကိုတော့ Extra-T ရဲ့ 'ရှင်သန် နေဆဲ သူရဲကောင်း'သီချင်းက
ရရှိခဲ့ပြီး ပရိသတ်အကြိုက်ဆုံးဆုကိုတော့ စိန်ညီဆွေ(မန်း)ရဲ့ 'ပြည်သူချစ်သော တို့ဗိုလ်ချုပ်'
သီချင်းက ၈၃ မဲနဲ့ ရရှိခဲ့ပါတယ်။

"အကုန်လုံးက အရမ်းတော်ကြတော့ အမှတ်ပေးရတာ အရမ်းခက်ပါတယ်။ သီချင်းရဲ့အကြောင်း
အရာကို အဓိကအကြောင်းအရာက ဗိုလ်ချုပ်ဆိုတော့ အဲဒါတွေကို ကြည့်တယ်။ ပြီးတော့ အသံ၊
ကိုယ်တွေအတွက် အရေးကြီးဆုံး လူရဲ့သီချင်းကို မာန်အပြည့်နဲ့ ဆိုတာမျိုးကို အမှတ်ပေးတယ်။
ကိုယ်တိုင်လည်း တစ်ခါမှ ဒိုင်မလုပ်ဖူးဘူးဆိုတော့ ကိုယ့်အမှတ်မှားပေးမိမှာလည်း စိုးရိမ်ပြီး ဖိုင်နယ်
အမှတ်မပေးခင်အထိ အဲဒီသီချင်းတွေကို အချိန်ပြည့်နားထောင် နေရတယ်"လို့ ဒိုင်အဖြစ် ပါဝင်ခဲ့တဲ့
အဆိုတော်သျှီက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

နောက်နှစ်တွေမှာလည်း ဒီပွဲလေးကို လုပ်ဖြစ်အောင် စီစဉ်သွားမှာ ဖြစ်ပြီး သူမအားရင်တောင်
နောက်က လူငယ်တွေက ဦးဆောင်ပြီး ပွဲဖြစ်မြောက်အောင် လုပ်ပေးစေချင်တယ်လို့လည်း
ဇာဂနာက ပြောခဲ့ပါသေးတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်