ရပိုင်ခွင့်အတွက် အတီးပညာရှင်တွေ၊တောင်းဆိုမှုကို သက်ဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ ဂီတအစည်းအရုံး ပြန်လည်ဆွေးနွေးမည်

ရေး၊ ဆို၊ တီး၊ စက်မှု၊ ထုတ်လုပ် အလွှာ ငါးလွှာအတွက် တေးသီချင်းများ ငှားရမ်းသုံးစွဲမှုမှ ရပိုင်ခွင့်
များအား ပြင်ဆင် သတ်မှတ်လိုက်မှုအပေါ် အတီးပညာရှင်များမှ ကျေနပ်မှုမရှိတာကြောင့် ၎င်းတို့ရဲ့
တောင်းဆိုမှုကို မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ မူပိုင်ခွင့်စီမံခန့်ခွဲမှုကော်မတီ (CMC) မှ အနုပညာဂီတ
အလွှာအသီးသီးမှ ကိုယ်စားလှယ်တွေ နဲ့ ပြန်လည်ညှိနှိုင်းသွားမယ်လို့ သိရပါတယ်။

မူပိုင်ခွင့် စီမံခန့်ခွဲမှုကော်မတီနဲ့ အလွှာငါးလွှာမှ ကိုယ်စားလှယ်တွေပါဝင်တဲ့ အစည်းအဝေးတစ်ရပ်ကို
အောက်တိုဘာလဆန်းပိုင်းက မြန်မာနိုင်ငံဂီတအစည်းအရုံးမှာ ပြုလုပ်ခဲ့ပြီး သီချင်းငှားရမ်းသုံးစွဲမှု
(rental)နဲ့ ပတ်သက်ပြီး အနုပညာကြေး သတ်မှတ် မှုမူဝါဒအသစ်တစ်ခုကို ဆုံးဖြတ်ချမှတ်ခဲ့ကြ
တာဖြစ်ပါတယ်။

အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ ထုတ်လုပ်သူအလွှာ အတွက် ၅၀ ရာခိုင်နှုန်း၊ တေးရေးသူနဲ့
တေးဆိုအလွှာအတွက် ၂၀ ရာခိုင်နှုန်းစီ၊ အတီးအလွှာအတွက် ၇ ရာခိုင်နှုန်း နဲ့ စက်မှုအလွှာ
အတွက် ၃ ရာခိုင်နှုန်း ဆိုပြီး အသီးသီးခွဲဝေပေးဖို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

"အစ်မတို့ဆီမှာ တေးသီချင်းသုံးစွဲမှုအတွက် rental နဲ့ sale ဆိုပြီးတော့ နှစ်ပိုင်း ရှိတယ်။ FM တို့ 
TV channel တွေမှာ လွှင့်နေတာတွေကို rental လို့ခေါ်တဲ့ငှားရမ်းသုံးစွဲခွင့်အဖြစ် အလွှာအသီးသီး
ကို အနုပညာကြေးအဖြစ် ပြန်ခွဲပေးတယ်။ အရင်ကတော့ အဆင်ပြေပါတယ်။ တီဗီတို့၊ အက်ဖ်အမ်
တို့ကနေ တစ်ခေါက်လွှင့်ပေးတာ တွေလည်း ရှိတယ်။ အဲဒီလိုတွေကျတော့ ပရိသတ်က ကြားပြီး၊
မြင်ပြီး ပြန်ဝယ်လို့ ရနိုင်တာတွေ ရှိတယ်။ အခု နောက်ပိုင်း ဘာတွေတွေ့လာလဲဆိုတော့
အနုပညာရှင်တွေ ဖန်တီးထားတာတွေကို အင်တာနက်ကနေ MP3၊ MP4၊ Full download ဆိုပြီး
တော့ အခမဲ့ဒေါင်းလုတ်လို့ရတာတွေ ရှိလာတယ်။ အဲဒီတော့ ဘယ်သူက အခွေကို ဈေးပေးပြီး
ဝယ်တော့မှာလဲ။ မကြာသေးခင်က လုပ်လိုက်တဲ့ Digital Sales ဆိုရင်လည်း download လုပ်ပြီး
သွားရင် ဘယ်ပရိသတ်ကမှ အခွေကို အပြင်မှာ ပြန်ဝယ်ကြမှာ မဟုတ်ဘူး။

"အဲဒီလို အခြေအနေတွေဆိုရင် ထုတ်လုပ်သူအနေနဲ့ သိန်းပေါင်းများစွာ ရင်းနှီးပြီး အရောင်းမသွက်
တဲ့အခါ နစ်နာကြမှာဆိုတော့ သူတို့ကို အဲဒီအချိန်ကြရင် ရာခိုင်နှုန်းများများ ပေးသင့်တယ်လို့ ယူဆ
ကြလို့ အဲဒီလိုဆုံးဖြတ်လိုက်တာပါ။ အဲဒီလို တိုးပေးဖို့အတွက် အဆိုနဲ့ အရေးက rental မှာ
ယူထားတာထက် လျှော့ပြီးတော့ ၂၀ စီ ယူလိုက်ကြတယ်။ အတီးလွှာက ကိုယ်စားလှယ်တချို့
ကလည်း ၇ ရာခိုင်နှုန်းထိ လျှော့ပေးကြပြီးတော့ စက်မှုဘက်ကလည်း ၃ ရာခိုင်နှုန်းထိ လျှော့ပေးဖို့
အတွက် သဘောတူခဲ့ကြတယ်။ အစ်မတို့ CMC ကချည်းပဲ ဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး။ ဒါကြောင့်
အဲဒီနေ့က အဖွဲ့ဝင်တွေ၊ ကိုယ်စားလှယ်တွေ ၅၈ ယောက်ပါတဲ့ EC အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်
အရ အနုပညာဂီတလမ်းကြောင်းအသစ်နဲ့ သွားမယ်ဆိုပြီး ညှိနှိုင်းခဲ့ရာမှာ ထုတ်လုပ်သူတွေကို
၅၀ ရာခိုင်နှုန်းပေးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ"လို့ မြန်မာနိုင်ငံဂီတ အစည်းအရုံးက အတွင်းရေးမှူးဖြစ်တဲ့
အဆိုတော် ဖြူဖြူကျော်သိန်းက ပြောပါတယ်။

ရပိုင်ခွင့်ပြင်ဆင်သတ်မှတ်လိုက်တဲ့ အပေါ် အတီးလွှာက အတီးပညာရှင် တွေအနေနဲ့ ကျေနပ်မှုမရှိခဲ့
တာကြောင့် Heaven Born တီးဝိုင်းမှ ကိုတိုးတိုး (ဂစ်တာ)အပါအ၀င် Rose of  Sharon အဖွဲ့မှ
ကိုဇော်လတ် (ဘေ့စ်ဂီတာ)၊ Medium Wave၊ ရွှေသံစဉ်၊ Emperor၊ Aurora၊ Plus three၊ BPM၊
Wanted၊ Reason၊ Ghost Rider နဲ့ မြေပဲယိုတေးဂီတအဖွဲ့တွေက ဂီတအလွှာမှ ကိုယ်စားလှယ်
တွေကိုပါ ဖိတ်ခေါ်ပြီး အရေးပေါ်ညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို အောက်တိုဘာလ ၈ ရက်နေ့က
ဂီတအစည်းအရုံးမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအစည်းအဝေးကို မြန်မာနိုင်ငံဂီတ အစည်းအရုံးမှဥက္ကဋ္ဌ ဦးတင်ဦးလေး၊ အတွင်းရေးမှူး
ဖြူဖြူကျော်သိန်းနဲ့ တွဲဖက်အတွင်းရေးမှူး မြင့်မိုးအောင်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

"တေးသီချင်းအသုံးပြုခတွေ ဘယ်ကရရ အရင်ကတည်းက ဘာမှစွက်ဖက်ခဲ့တာ မရှိပါဘူး။ ပြီးခဲ့တဲ့
အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြတယ်ဆိုပေမယ့် ကျွန်တော်တို့အတီးသမားတွေအနေနဲ့ ရပိုင်ခွင့်
နည်းနေတာကို တွေ့ရတယ်။ အဆိုနဲ့ အရေးက အများဆုံးရှိရင် တစ်ယောက်နှစ်ယောက်ပေါ့။
အတီးသမားတွေကျတော့ တီးဝိုင်းတစ်ဝိုင်းမှာ အနည်းဆုံး လေးယောက်ရှိတယ်။ အဲဒါကို ရတဲ့
၇ ရာခိုင်နှုန်းပေါ်မှာ ပြန်ခွဲဝေရမယ်ဆိုရင် ဘာမှရကြမှာ မဟုတ်တော့ဘူး။ ရေး၊ ဆို၊ တီး ဆိုတာ
တစ်သားတည်း ဖြစ်နေရမယ်လို့ ရှေးတုန်းက ဂီတစာဆိုကြီးတွေ ပြောဖူးခဲ့တာရှိတယ်။ အဲဒါကြောင့်
ကျွန်တော်တို့ဘက်ကနေ အဲဒီဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ တောင်းဆိုရတာပါ" လို့ မက်တယ်ဇုန်
စတူဒီယိုနဲ့ မကြာသေးခင်ကမှ လမ်းခွဲခဲ့ပြီး Rose of Sharon ဆိုတဲ့ အဖွဲ့အမည်သစ်နဲ့ အနုပညာ
အလုပ်တွေ ပြုလုပ်နေတဲ့ ကိုဇော်လတ် က ပြောပါတယ်။

ရွှေသံစဉ်တီးဝိုင်းမှ ကိုဝင်းမော် ကလည်း ပြောင်းလဲလိုက်တဲ့ မူဝါဒအသစ်ကို ပြန်လည်ပြင်ဆင်ပေး
ဖို့နဲ့ ရေး၊ ဆို၊ တီး အလွှာသုံးလွှာကိုလည်း တစ်သမတ်တည်း ခွဲဝေပေးဖို့ ကောင်းတယ်လို့ ပြောပါ
တယ်။

"အခုလို ဆုံးဖြတ်လိုက်တာက တရားဝင် မကြေညာရသေးဘူး။ အဲဒီဆုံးဖြတ်ချက်ကို သဘောမကျ
လို့ ကျွန်တော်တို့အနေနဲ့ ပြန်တောင်းဆိုကြတာပါ။ တကယ်လို့ ဂီတအစည်းအရုံးနဲ့ မပြေလည်ခဲ့ဘူး
ဆိုရင် ကျွန်တော်တို့ အတီးပိုင်းတွေ၊ တီးဝိုင်းတွေချည်းပဲ သပ်သပ်စုပြီး ဂီတပညာရှင်များအေဂျင်စီ
ဆိုပြီးတော့ City FM station တွေ TV channel တွေနဲ့ သက်ဆိုင်ရာတွေကို အေဂျင်စီနဲ့
တိုက်ရိုက်လုပ်ဖို့ အသိပေးသွားမှာပါ။ အတီးသမားတွေ ခွင့်ပြုမှ သုံးခွင့်ရှိမှာကိုး။ ၇ ရာခိုင်နှုန်းပေး
တာကို ပြန်စဉ်းစားစေချင်တယ်။ ထုတ်လုပ်သူတွေ ဘယ်လောက်ပဲရရ ရေး၊ ဆို၊ တီး အလွှာသုံးခု
စလုံးကို တစ်တန်းတည်းထားပေးဖို့ကို အောက်တိုဘာ ၈ ရက်နေ့မှာ လုပ်ခဲ့တဲ့အစည်းအဝေးမှာ
ဂီတအစည်းအရုံးကို တောင်းဆိုခဲ့ကြတယ်"လို့ ကိုဝင်းမော် ကပြောပါတယ်။

"သူတို့ဘက်ကလည်း အရေးနဲ့ အဆိုပိုင်းက တာဝန်ရှိကိုယ်စားလှယ်တွေနဲ့ ပြန်တိုင်ပင်ကြပြီးတော့
အဖြေပြန်ပေးမယ်လို့ ပြောပါတယ်။ နိုင်ငံတကာနှုန်း အရ သွားမယ်ဆိုပေမယ့် သူတို့နိုင်ငံတကာက
သီချင်းတွေက နိုင်ငံတကာကို ထိုးဖောက်နိုင်တယ်။ ကျွန်တော်တို့ တေးသီချင်းတွေကျတော့
ထိုးဖောက်နိုင်သေးတာ မဟုတ်ဘူးလေ။ နိုင်ငံတကာအရ ကြည့်ပြီးလုပ်မယ်ဆိုရင်လည်း
နိုင်ငံတကာလို ခံစားခွင့်တွေ ရှိရမှာပေါ့။ အရင်ကတည်းက ဘာ စာချုပ်စာတမ်းမှ မရှိဘဲနဲ့ တီးလာ၊
ခတ်လာကြတာတွေက နှစ်ပေါင်းမနည်းတော့ဘူး။ ကျွန်တော်တို့ အတီးသမားတွေထဲက တချို့
အတီးဆရာတွေဆိုရင် ဒီအချိန်ထိ မပြည့်မစုံနေကြရတာတွေ ရှိတယ်။ အဲဒီလိုမျိုးတွေကိုတော့
ဘာတစ်ခုမှ မလုပ်ပေးနိုင်ဘဲနဲ့ နိုင်ငံတကာဆိုတာကို မလုပ်စေချင်သေးဘူး။ အဲဒါကို သက်ဆိုင်ရာ
ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ်ချင်းစာတရားလေး ထားစေချင်ပါတယ်" လို့လည်း သူက
ထပ်ပြောပါတယ်။

တေးသီချင်းငှားရမ်းအသုံးပြုခကို ယခင်က တေးရေး၊ တေးဆိုနဲ့ ထုတ်လုပ်သူအလွှာအတွက်
၂၅ ရာခိုင်နှုန်း စီ၊ အတီးအတွက် ၁၅ ရာခိုင်နှုန်းနဲ့ စက်မှုအသံဖမ်းအတွက် ၁၀ ရာခိုင်နှုန်း အလိုက်
ခွဲဝေးပေးခဲ့ရာက ယခုလို မူဝါဒ အသစ်ကို ပြောင်းလဲသတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

အစည်းအဝေးဆုံး ဖြတ်ချက်အရ ပြောင်းလဲသတ်မှတ်လိုက်ပေမယ့် လက်ရှိမှာ မူဝါဒနှုန်းထားသစ်နဲ့
ဘယ်လုပ်ငန်းနဲ့မှ စာချုပ်ချုပ်ဆိုထားခြင်း မရှိဘူးလို့ ဖြူဖြူကျော်သိန်း က ဆိုပါတယ်။

"အစ်မတို့အနေနဲ့ အဖွဲ့အစည်းနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်ခဲ့တာဖြစ်ပေမယ့် အတီးပညာရှင်တွေ
တောင်းဆိုတာကိုလည်း ထပ်ပြီးစဉ်းစားပေးသွားမှာပါ။ အရင်က စာချုပ်စာတမ်းနဲ့ မဟုတ်ဘဲ ရင်းနှီး
ခင်မင်မှုတစ်ခုတည်းနဲ့ လုပ်ခဲ့ကြတာပါ။ အခုရာခိုင်နှုန်း အသစ်ပြောင်းလဲလိုက်တယ်ဆိုတာက
အရင်က စာချုပ်စာတမ်းနဲ့ မလုပ်ခဲ့တဲ့ တေးသီချင်းတွေအတွက်ပါ။ အဲဒီအတွက်လည်း အများစု
အဆင်ပြေနိုင်မယ့် မူဝါဒလေးတစ်ခုနဲ့ သွားရမှာပါ။ သတ်သတ်မှတ်မှတ် မရှိဘူးဆိုရင် ကြားက
မသမာသူတွေအနေနဲ့ အလွဲသုံးစား လုပ်တာတွေကို ခံရတော့မှာ။ တရားမ၀င်စီးပွားရေးသမားတွေ
ဆိုရင် အစ်မတို့ဆီကိုရော၊ ကာယကံရှင်တွေ ဆီကိုရော အကြောင်းမကြားဘဲနဲ့ ကြားထဲက
အနုပညာကြေးတွေ အလွဲသုံးစား လုပ်သွားတာတွေရှိတယ်။ တချို့တရားဝင်လုပ်ချင်တဲ့သူတွေ
အနေနဲ့ အစ်မတို့ ဆီလာပြီး ကမ်းလှမ်းကြတယ်။ ပုဂ္ဂလိ ကကုမ္ပဏီဆိုတာကတော့ တိတိကျကျနဲ့
နိုင်ငံတကာနှုန်းထားအရ လုပ်ချင်ကြတာ များတယ်။ အဲဒီလိုသွားမယ်ဆိုရင် ရေး၊ ဆို၊ ထုတ်လုပ်
သုံးလွှာပဲ တရားဝင်ဖြစ်သွားမှာ။ အခုက အစည်းအရုံးနဲ့လုပ်နေလို့သာ ငါးလွှာလုံး ပါရမယ်ဆိုတာ
ရှိတာလေ"လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံးအနေနဲ့ အခုနောက်ပိုင်း အသစ်ဖန်တီးသမျှ တေးသီချင်းတွေနဲ့
ပတ်သက်လို့ ရပိုင်ခွင့်နဲ့ပတ်သက်တာတွေ၊ မူပိုင်ခွင့်နဲ့ဆိုင်တာတွေ အကုန်လုံးကို စာချုပ်စာတမ်း
မချုပ်ခင်ကတည်းက အချင်းချင်းညှိနှိုင်းပြီးတော့မှ လုပ်ဆောင်ခိုင်းသွားမှာ ဖြစ်တယ်လို့လည်း
ဖြူဖြူ ကျော်သိန်းက ပြောပါသေးတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်