"ချစ်ခြင်းမေတ္တာကသာ အမုန်းတရားကို ကွယ်ပျောက် စေနိုင်ပါတယ်" ဆစ်ခ် - အမေရိကန်လူမျိုး မှတ်တမ်းကားရိုက်ကူးသူ

မစ္စ ဗလာရီးကားကို အမေရိကန်စင်တာမှာ တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)မစ္စ ဗလာရီးကားကို အမေရိကန်စင်တာမှာ တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

အမေရိကန်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဌာနချုပ်တည်ရှိရာ မျှော်စင်အဆောက်အအုံကို
အကြမ်းဖက်သမားတွေ ဖြိုချခဲ့အပြီး နောက်ဆက်တွဲအဖြစ် နိုင်ငံတွင်းမှာ လူမျိုးရေး မုန်းတီးမှု
ကြောင့် ဖြစ်ပေါ်လာတဲ့ တိုက်ခိုက်မှုတွေအကြောင်းကို အခြေခံရိုက်ကူးထားတဲ့ "Divided We Fall"
အမည်ရ မှတ်တမ်းရုပ်ရှင်ကို ဖန်တီးသူ ဆစ်ခ်-အမေရိကန်လူမျိုး မစ္စဗလာရီးကားဟာ တော်ဝင်
လမ်းရှိ အမေရိကန်စင်တာမှာ အောက်တိုဘာလ ၂၉ ရက် နေ့က ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့
ပတ်သက်ပြီး ဟောပြောပို့ချခဲ့သလို တိုက်ခိုက်မှုအပြီးမှာ လုပ်ဆောင်ခဲ့တဲ့ သူမရဲ့စွန့်စားခန်းတွေ
ကိုလည်း ဝေမျှပြောပြခဲ့ပါတယ်။

ကားဟာ ဆုရမှတ်တမ်းရုပ်ရှင်ရိုက် ကူးသူ၊ လူ့အခွင့်အရေးထောက်ခံသူနဲ့ ဘာသာပေါင်းစုံ
ဦးဆောင်သူဖြစ်ပြီး ဇာတ်ကြောင်းပြန်ပြောရာမှာ ထူးချွန်လှတဲ့ သူ့ရဲ့ပင်ကိုစွမ်းရည်ကို အသုံးချပြီး
နားထောင်သူတွေ စိတ်ဝင်စားလာအောင် ဟောပြောပို့ချလေ့ ရှိပါတယ်။

သူ့ရဲ့မှတ်တမ်းကားဟာ နယူးယော့ခ်နဲ့ ၀ါရှင်တန်မြို့တို့မှာ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့
က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေအပြီးမှာ မုန်းတီးမှုရဲ့သားကောင် တွေဖြစ်ခဲ့ရတဲ့
ဆစ်ခ်လူမျိုးတွေရဲ့ မိသားစုတွေနဲ့ ဆွေမျိုးသားချင်းတွေရဲ့ အကြောင်းကို မှတ်တမ်းတင်ရိုက်ကူးခဲ့တာ
ဖြစ်ပါတယ်။

မစ္စကားရဲ့ အဘိုးဖြစ်သူဟာ ပန်ဂျပ် ဒေသရှိ ဆစ်ခ်လူမျိုး လယ်သမား တစ်ဦးဖြစ်ကာ အမေရိကန်
နိုင်ငံကို ၁၉၁၃ ခုနှစ်မှာ ရောက်ရှိ အခြေချခဲ့တာဖြစ်ပြီး သူကတော့ အမေရိကန် နိုင်ငံမှာပဲ မွေးဖွား
ကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ်။

"စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှုဖြစ်ပွားတဲ့အချိန်မှာ ကျွန်မဟာ အသက်၂၀ အရွယ်
တက္ကသိုလ်ကျောင်းသူ တစ်ယောက်ပါ။ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူအမြောက်အမြား
သေဆုံးတာကို ကိုယ်တိုင်တွေ့ကြုံရလို့ ကြေကွဲခံစားရပါတယ်"လို့ မစ္စဗလာရီကားက
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"ကျွန်မကို ၀မ်းနည်းပက်လက်ဖြစ်စေတဲ့ နောက်အဖြစ်အပျက်တစ်ခုက စက်တင်ဘာ ၁၁ ရက်နေ့
အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှာ အမေရိကန်နိုင်ငံအနှံ့အပြားမှာ မွတ်စလင်တွေကို မုန်းတီးပြီး
တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါပဲ"လို့ ကားက ဆက်ပြောပါတယ်။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့မှာ မီးခိုးလုံးကြီးတွေကြားထဲက မျှော်စင်အဆောက်အအုံကြီး
တဖြည်းဖြည်း ပြိုကျလာတာကို သူ့ရဲ့မိဘတွေ ရဲ့အိပ်ခန်းထဲကနေ ကြည့်နေခဲ့ရတယ် လို့လည်း
ဆိုပါတယ်။

"သိပ်မကြာခင်မှာပဲ မွတ်စလင် ဘာသာဝင်တွေနဲ့ ဆစ်ခ်လူမျိုးတွေ အပေါ် မုန်းတီးပြီး တိုက်ခိုက်တဲ့
အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကြားရတော့တာပါပဲ"လို့ ကားက ပြောပါတယ်။

"အပြင်မှာ ဖြစ်ပွားနေတဲ့ အနိဋ္ဌာရုံ မြင်ကွင်းတွေကို ကျွန်မ ရင်မဆိုင်ရဲပါဘူး။ အိပ်ခန်းထဲကို ကျွန်မ
ပြေးဝင်ခဲ့ပြီး ပုန်းနေခဲ့တယ်။ ကျွန်မနဲ့တူတဲ့လူမျိုးတွေကို အခုလို လိုက်လံဆန့်ကျင် တိုက်ခိုက်နေ
တာကို ရင်မဆိုင်ချင်ခဲ့ဘူး"လို့ သူက ဆက်ပြောပါတယ်။

ဘယ်လောက်ပဲ မျှော်လင့်ချက်ကင်း မဲ့နေတဲ့ အမှောင်တွင်းမှာ ကျရောက် နေပါစေ။ အကောင်းမြင်
စိတ်မွေးဖို့ ပြောခဲ့တဲ့ သူ့အဘိုးရဲ့ စကားလုံးတွေဟာ အခန်းထဲမှာ ပုန်းနေတဲ့ သူ့ရဲ့ နားထဲမှာ ပဲ့တင်
ထပ်လာပါတယ်။

"အဲဒီအချိန်မှာ စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကွယ်လွန်သွားတဲ့
အမေရိကန်လူမျိုးတွေရဲ့ မိသားစု ဆွေမျိုးသားချင်း တွေရဲ့ ပူဆွေးသောကတွေကို မြင်ယောင်လာ
တယ်။ ပြီးတော့ မုတ်ဆိတ်မွေးထားကြပြီး ဗောင်းထုပ်ဆောင်းထားကြတဲ့ ကျွန်မတို့လူမျိုးတွေ
အပေါ် မုန်းတီးပြီး အကြမ်းဖက်ခံရလို့ ကွယ်လွန်သွားသူတွေရဲ့ မိသားစုဝင်တွေရဲ့ သောကတွေကို
ကျွန်မ မြင်ယောင်မိလာတယ်"လို့ မစ္စဗလာရီကားက ပြောပါတယ်။

ဒီတော့ ကားဟာ ကင်မရာကိုဆွဲယူပြီး အမေရိကန်အနှံ့အပြား အကြမ်း ဖက်မှုဖြစ်ပွားရာ နေရာတွေ
ကို သွားရောက်ခဲ့ပါတော့တယ်။

"မြို့ တစ်မြို့ကနေ နောက်တစ်မြို့၊ ဘုရားကျောင်း တစ်ကျောင်းကနေ နောက်တစ်ကျောင်း ကျွန်မ
ကားမောင်းပြီး ထွက်လာခဲ့တယ်။ သွေးကွက်တွေ စိုစွတ်နေသေးတဲ့ အကြမ်းဖက်မှုဖြစ်ပွားရာနေရာ
တွေကိုပါ ကျွန်မ သွားခဲ့ပြီး အမျိုးသမီးကြီးတွေ၊ ယောက်ျားတွေနဲ့ ကလေးငယ်တွေရဲ့ သောက
စကားတွေကို နားထောင်မှတ်တမ်းတင်ခဲ့ပါတယ်"လို့ ပြောပါတယ်။

ဟောပြောပွဲတစ်လျှောက်မှာလည်း လူမျိုးရေးမုန်းတီးမှုအခြေခံတဲ့ အကြမ်းဖက်မှုကနေ သီသီလေး
လွတ်လာတဲ့ အသက် ၃၀ အရွယ် ဆစ်ခ်-အမေရိ ကန်လူမျိုးတစ်ဦးနဲ့ တွေ့ဆုံခဲ့ပုံကိုလည်း သူက
ပြောပြခဲ့ပါသေးတယ်။

"ကျွန်မဟာ ပြာပုံဖြစ်သွားတဲ့ မျှော် စင်အဆောက်အအုံ မြေပြင်ပေါ်မှာ ရပ်နေတုန်း ဗောင်းထုပ်
ဆောင်းထားပြီး မုတ်ဆိတ်မွေးအရှည်ထားတဲ့ ဆစ်ခ်-အမေရိကန် လူမျိုးတစ်ဦးနဲ့တွေ့ခဲ့ပါသေးတယ်။
စက်တင်ဘာ ၁၁ ရက် မျှော်စင်အဆောက်အအုံ ပြိုကျတဲ့ မနက်ခင်းမှာ သူ့နောက်ကို လူအုပ်ကြီးက
အော်ဟစ်လိုက်လာတယ်။ သူ့ကို 'အကြမ်းဖက်သမားဗောင်းထုပ်' ကို ချွတ်လိုက်လို့ အော်ပြောပြီး
သူ့နောက် ကို ပြေးလိုက်ကြတယ်။ ကံကောင်းစွာနဲ့ပဲ သူလည်း သီသီကလေး လွတ်သွားခဲ့တယ်"
လို့ ပြောပြပါတယ်။

မစ္စဗလာရီကားဟာ ဓီငလငိနွျှိန င်္ေူဓ မှတ်တမ်းကားကို ရိုက်ကူးနေစဉ် အိန္ဒိယနိုင်ငံကို သွားရောက်
ရာမှာ သူ့ရဲ့ ဘ၀ကို ပြောင်းလဲပေးပြီး နောင်အခါမှာ လူ့အခွင့်အရေးထောက်ခံသူတစ်ဦး ဖြစ်လာစေ
မယ့် အဖြစ်အပျက်တစ်ခု ကို ကြုံတွေ့ခဲ့ရပါတယ်။

"အဲဒီမှာ အမေရိကန်နိုင်ငံ၊ စက်တင် ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်းမှာ သေဆုံး
သွားခဲ့တဲ့သူရဲ့ အမျိုးသမီးနဲ့ တွေ့ခဲ့ပါတယ်။ အဲဒီအမျိုးသမီးကို အမေရိကန်က ပြည်သူတွေကို
ဘာပြောချင်လဲလို့ မေးခွန်း တစ်ခုမေးခဲ့ပါတယ်။ သူ့ရဲ့ဒေါသတွေ နဲ့ ခါးသီးမှု၊ နာကြည်းမှုတွေ
ပြောမယ် လို့ ကျွန်မ မျှော်လင့်ခဲ့တယ်။ တကယ်တမ်း သူပြောခဲ့တာက 'အမေရိကန်လူမျိုးတွေကို
ကျေးဇူးတင်တဲ့အကြောင်း ပြောပေးပါတဲ့။ အမေရိကန်နိုင်ငံ၊ အရီဇိုးနားမှာကျင်းပတဲ့ သူ့ယောက်ျား
ရဲ့နာရေးမှာ ထောင်ပေါင်းများစွာသော လူတွေက တက်ရောက်ခဲ့ပြီး သူ့ကို နွေးထွေးမှုတွေ ပေးခဲ့လို့
ကျေးဇူးအရမ်းတင်တယ်လို့ ပြောပါတယ်"လို့ သူ့ကို ခွင့်လွှတ်ခြင်းအကြောင်း သင်ကြားပေးခဲ့တဲ့
ထိုအမျိုးသမီးအကြောင်းကိုလည်း ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားသွားခဲ့တဲ့ မွတ်စလင်ဘာသာဝင်တွေကို ဆန့်ကျင်တဲ့ အကြမ်းဖက်မှုတွေ
အပေါ် မြန်မာလူမျိုးတွေရဲ့တုံ့ပြန်မှုတွေကို မြင်တွေ့ခဲ့ရတယ်လို့ဆိုပြီး သူ့ရဲ့ဟောပြောပွဲဟာ ဘယ်လို
အကြမ်းဖက်မှုမျိုးတွေကိုမဆို အဆုံးသတ်သွားဖို့ အထောက်အပံ့ ဖြစ်စေမယ်လို့ မျှော်လင့်တယ်
လို့လည်း ဆိုပါတယ်။

"လူတိုင်းလူတိုင်းမှာ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းလာနိုင်တဲ့ စွမ်းအားတွေ ရှိပါတယ်"လို့လည်း
သူက ဆိုပါတယ်။

"ကျွန်မရဲ့ ဟောပြောပွဲဟာ ငြိမ်းချမ်းရေးကို လုပ်ဆောင်ပေးနိုင်မယ့် လူငယ်တွေအတွက် ခွန်အားဖြစ်
စေနိုင်လိမ့်မယ်လို့ ထင်ပါတယ်"လို့ လည်း ပြောပါတယ်။

သူ့ရဲ့ ဟောပြောပွဲအတွင်းမှာ "Divided We Fall" မှတ်တမ်းကားထဲက အပိုင်းတချို့ကို ပြသခဲ့ပြီး
ကိုးကားချက်တစ်ခုကို ရွတ်ဆိုပြခဲ့ပါတယ်။

အဲဒါကတော့ "အမှောင်ထုနဲ့ အမှောင်ထုကို မဖြိုခွင်းနိုင်ပါဘူး။ အလင်းကသာ အမှောင်ကို ဖြိုခွင်း
နိုင်ပါတယ်။ အမုန်းတရားနဲ့ အမုန်းတရားကို မကွယ် ပျောက်စေနိုင်ပါဘူး။ ချစ်ခြင်းမေတ္တာ ကသာ
အမုန်းတရားကို ကွယ်ပျောက်စေနိုင်ပါတယ်"တဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်