လက်တစ်ဖက်စီတိုင်းက ပြောမယ့် မြန်မာ့နိုင်ငံရေး သမိုင်းဝင် ဇာတ်လမ်းများ

ပန်းချီထိန်လင်းက စာရေးဆရာမောင်မိုးသူ၏ လက်ကို ကျောက်ပတ်တီးစည်းပြီး လက်ပုံတူ ယူနေစဉ်။ ဘူးသီး/မြန်မာတိုင်း(မ်)ပန်းချီထိန်လင်းက စာရေးဆရာမောင်မိုးသူ၏ လက်ကို ကျောက်ပတ်တီးစည်းပြီး လက်ပုံတူ ယူနေစဉ်။ ဘူးသီး/မြန်မာတိုင်း(မ်)

အပြာရင့် ထောင်ယူနီဖောင်း ၀တ်ထားတဲ့ လူငယ်တစ်ယောက်ဟာ အသက် ၈၀ နီးပါးရှိပြီဖြစ်တဲ့
ဘကြီးမိုးလို့ လူအများခေါ်ကြတဲ့ စာရေးဆရာ မောင်မိုးသူရဲ့ လက်ကို ကျောက်ပတ်တီးစည်းပေးလို့
နေပါတယ်။

ထောင်ယူနီဖောင်းဝတ်ထားတဲ့ လူငယ်ဟာ ဆေးဝန်ထမ်း မဟုတ်သလို ဆရာမောင်မိုးသူရဲ့
လက်ဟာလည်း ထိခိုက်ဒဏ်ရာရထားတာ မဟုတ်ပါဘူး။

သူတို့တစ်တွေဟာ အနုပညာ တစ်ရပ်ကို တင်ဆက်နေတာဖြစ်ပါတယ်။

ကျောက်ပတ်တီးစည်းပေးနေတဲ့ လူငယ်က ပန်းချီထိန်လင်းဖြစ်ပြီး မြန်မာနိုင်ငံက နိုင်ငံရေး
အကျဉ်းသားဟောင်း ၁,၀၀၀ ခန့်ရဲ့လက်ကို ပုံတူယူကာ ပြခန်းအဖြစ်ထားရှိဖို့ ရည်ရွယ်ချက်နဲ့
ဒီပရောဂျက်ကို စတင်ခဲ့တယ်လို့ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

စိတ်ကူးကိုတော့ အင်္ဂလန်မှာနေစဉ်က လက်ကျိုးခဲ့လို့ ကျောက်ပတ်တီးနဲ့ နေထိုင်ရစဉ်မှာ ရရှိခဲ့တာ
ဖြစ်ပါတယ်။

ပန်းချီထိန်လင်းဟာ လွန်ခဲ့တဲ့ နှစ်လခန့်က စတင်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့နေအိမ်
တွေကို ကိုယ်တိုင်သွားရောက် ကျောက်ပတ်တီးကိုင် ပုံတူယူခဲ့တာ အခုဆို လူပေါင်း ၁၂၀ ခန့်ရဲ့
လက်တွေကို ပုံတူယူခဲ့ပြီးပါပြီ။

နိုဝင်ဘာလ ၁၁ ရက်မှာတော့ ဗိုလ်အောင်ကျော် အောက်လမ်းမှာရှိတဲ့ ဟုမ်းမီဒီယာနှင့် အင်တာ
တိန်းမန့်မှာ စာရေးဆရာ မောင်မိုးသူ၊ ဒါရိုက်တာ ဦးအောင်လွင်၊ လူရွှင်တော် ဇာဂနာ၊ အရိုင်း၊
စာရေးဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ နိုင်ငံရေးအကျဉ်းသူဟောင်း ချိုဝေလွင်၊ ဦးဇော်သက်ထွေး၊
ဘလော့ဂါ နေဘုန်းလတ်တို့ရဲ့ လက်တွေကို ကျောက်ပတ်တီးစီးပြီး ပုံတူ ယူခဲ့ပါတယ်။

"အင်္ဂလန်မှာနေတုန်းက လက်ကျိုးခဲ့လို့ ကျောက်ပတ်တီးနဲ့ အချိန်အကြာကြီးနေရတဲ့ ကာလတွေ
မှာ အဲဒီ အကြောင်းကို စစဉ်းစားခဲ့ပါတယ်။ ကျောက်ပတ်တီးဆိုတာ ကျိုးပဲ့သွားတဲ့ အရိုးတွေကို
ပြန်ကောင်းအောင်ပြုပြင် ပေးတယ်ဆိုတာကို စဉ်းစားမိတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ဆိုတာ
လည်း ကျောက်ပတ်တီးနဲ့ တူပါတယ်။ ခေတ်စနစ်တစ်ခု ကျိုးပဲ့သွားရင် ပြန်ပြီး တည့်မတ်သွား
အောင် သူတို့တစ်တွေဟာ ကျောက်ပတ်တီးလိုပဲ ခေတ်ကို ကုစားခဲ့ကြပါတယ်။ အဲဒီလို တွေးမိပြီး
နောက်ပိုင်းမှာ ကျွန်တော် ဒီအနုပညာ ပရောဂျက်ကို စတင်ခဲ့ပါတယ်" လို့ ပန်းချီထိန်လင်းက
ပြောပါတယ်။

ပန်းချီထိန်လင်းဟာ ၁၉၉၈ ခုနှစ်က နေ ၂၀၀၄ ခုနှစ်ကုန်ပိုင်းအထိ အင်းစိန်ထောင်၊ မန္တလေးနှင့်
မြောင်းမြထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် ဖြတ်သန်းခဲ့ရပါတယ်။

၁၉၉၆ ခုနှစ် ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ခဲ့ပြီး အကျဉ်းကျစဉ်မှာလည်း ပန်းချီဆွဲ
ခြင်းဖြင့်ပဲ အချိန်ကုန်စေခဲ့ပါတယ်။

"စာရင်းတွေအရ နိုင်ငံရေးအကျဉ်းသား ၃,၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ အဲဒီ ၃,၀၀၀ ဆိုတဲ့
အရေအတွက်ကို လူတွေ ခံစားမိအောင် အနုပညာနဲ့ ဘယ်လိုပြမလဲဆိုတာ ကျွန်တော် တွေးလိုက်
တယ်။ ဟိုဘက်မှာ အညှဉ်းပန်းခံ ဂျူးလူမျိုးတွေရဲ့ ဖိနပ်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို
ပြထားတဲ့ ပြတိုက်ရှိပါတယ်။ အဲဒီထဲကို ၀င်လိုက် တာနဲ့ အဲဒီခေတ်ကြီးကို ပြန်ရောက်သွားသလို
ခံစားချက်ရတယ်။ ဒါဆို ကျွန်တော်တို့နိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေရဲ့ ခေတ်တစ်ခေတ်ကို
ခံစားမိလာအောင် ဒီအစီအစဉ်လေးကို စိတ်ကူးမိလိုက်တာပါ"လို့ ပန်းချီထိန်လင်းက ပြောပါတယ်။

လက်တစ်ဖက်စီတိုင်းမှာ ကိုယ်ပိုင်ဇာတ်လမ်းတွေရှိတဲ့ ဒီနိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့
လက်နမူနာ ၁,၀၀၀ ပြည့်တဲ့အခါ သူတို့ရဲ့ အတ္ထုပတ္တိတွေနဲ့ တွဲပြီး ပြသထားမှာဖြစ်တယ်လို့ သူက
ပြောပါတယ်။

"ထောင်ထဲဝင်ပြီး ရုန်းကန်ခဲ့ကြတဲ့ ဒီလူတွေရဲ့ လက်ပုံစံတွေကို ယူပြီး မှတ်တမ်းတင်တာဟာ
အင်မတန်မှ မရိုင်းစိုင်းသော ယဉ်ကျေးသိမ်မွေ့တဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ ယူဆပါတယ်။
ဂုဏ်လည်းယူမိပါတယ်"လို့ ဒါရိုက်တာ ဦးအောင်လွင်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"ကျွန်တော်တို့က ပူပူနွေးနွေးအဖွဲ့ ဆိုတော့ ဒီလက်တွေကို မြင်လည်း ခံစားရဖို့ စောပါသေးတယ်။
ဒါပေမဲ့ ဒီလက်တွေဟာ နှစ်တွေကြာပြီး စနစ်ကြီးတစ်ခုကို ဖြတ်သန်းတဲ့အခါမှာ မပျက်မစီး ရှိနေခဲ့
ကြရင် ဒါတွေပြန်ကြည့်တဲ့အခါ လူတိုင်း မျက်ရည်လည်မိကြမှာပါ" လို့ စားပွဲခုံတွေပေါ်မှာ
ထောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ လက်နမူနာတွေကို ကြည့်ပြီး သူက ဆက်ပြော
ပါတယ်။

ဖြူဆွတ်ဆွတ် ကျောက်ပတ်တီးတွေနဲ့ လက်တစ်ဖက်စီတိုင်းဟာ မိသားစုတွေနဲ့ ကွေကွင်းခဲ့ရပြီး
အေးစက်ပေရေနေတဲ့ အကျဉ်းထောင်တွင်းက အထီးကျန်ခံစားမှုတွေကို နောင်လာနောက်သား
တွေကို ပြသနေသလို ခံစားရစေပါတော့တယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်