သမိုင်းထဲမှာပဲ ဆက်ရှင်သန်နေတော့မှာလား ချင်း ၊ရိုးရာ ဆေးမင်ကြောင်ဓလေ့...

မြို့ကြီးပြကြီးသွားရင် ဒါ ချင်းအမျိုးသမီးကြီး ဆိုပြီး ၀ိုင်းကြည့်တာ ခံရတုန်းပဲ။
ကိုယ့်ဓလေ့ရိုးရာက
မှားတယ် မှန်တယ် ဘာမှမပြောတတ်ပေမယ့် ခု ပါးရဲထိုးထားတဲ့
သူတွေက သေလို့ကုန်ကြတော့မှာ...

နှာခေါင်းဖြင့်မှုတ်ရသော ချင်းရိုးရာပလွေကို တီးမှုတ်နေသည့် မကန်းမျိုးနွယ်စုဝင် အသက်ရာကျော်အဘွားအို ဒေါ်လောင်းန်ယ။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)နှာခေါင်းဖြင့်မှုတ်ရသော ချင်းရိုးရာပလွေကို တီးမှုတ်နေသည့် မကန်းမျိုးနွယ်စုဝင် အသက်ရာကျော်အဘွားအို ဒေါ်လောင်းန်ယ။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)

"နည်းနည်းတော့ နာပေမယ့် ပြီးရင် သူများတွေလို လှတော့မှာလို့ တွေး ထားလိုက်တယ်" လို့
ဒေါ်ခွီရှိန်းအွယ် က ချင်းဘာသာစကားနဲ့ ရှက်ပြုံးလေး ပြုံးပြီး ပြောလိုက်တယ်။

မင်းတပ်မြို့ရဲ့ ဆောင်းဦးညနေ အလင်းမှုန်မှုန်အောက်မှာ ရိုးရာပုတီးတွေ သုံးလေးကုံးထပ်ဆွဲထားတဲ့
အသက် ၇၀ ကျော် ချင်းအမျိုးသမီးကြီး က သူ့မျက်နှာမှာ ထိုးထားတဲ့ အနက် ရောင်ဆေးမင်(သို့)
ပါးရဲတွေအကြောင်း ကို စိတ်ပါလက်ပါ ပြောပြနေတာပါ။

"ကိုယ်နဲ့ ရွယ်တူတွေလည်း ဒီလိုထိုးနေကြတာဆိုတော့ အဲဒီအချိန်မှာ ပါးရဲထိုးဖို့ကလွဲရင် တခြား
ဘာမှမသိဘူး။ ချင်းရိုးရာ ၀တ်စုံဝတ်ရင် ပါးရဲထိုးမှ ပိုလှတယ်ထင်တယ်။ နားကပ်နဲ့ လည်ဆွဲဆိုလဲ
ပါးရဲမပါဘဲ ၀တ်ထားတာတွေ့ရင် တစ်မျိုးကြီးပဲ။ ပြောင်ချော်ချော်နဲ့" လို့ အသက် ၂၀ ကျော်မှာ
ပါးရဲထိုးတာခံခဲ့တဲ့ ချင်းတိုင်းရင်းသူ၊ မဲန်းမျိုးနွယ်ဖွား ဒေါ်ခွီရှိန်းအွယ်က ပြောပါတယ်။

တိုင်းရင်းသား ရာကျော် နေထိုင်ကြတဲ့ မြန်မာနိုင်ငံမှာ မျိုးနွယ်စု ၅၀ ကျော် ပါဝင်ဖွဲ့စည်းထားတဲ့
ချင်းတိုင်းရင်းသူတွေရဲ့ မျက်နှာပေါ်က ဆေးမင်တွေဟာ မျိုးနွယ်စုအလိုက် ဒီဇိုင်းတွေကွာခြားသွား
တာမို့ အရင်ခေတ်တုန်းက ချင်းအမျိုးသမီးတစ်ယောက်ကို ကြည့်လိုက်တာနဲ့ သူ့ရဲ့မျိုးနွယ်ကို
သိရပါတယ်တဲ့။

"ရိုးရာဆိုတော့ မိဘတွေကလည်း သမီးတွေကို ထိုးစေချင်ခဲ့ကြတာပဲလေ။ အိမ်ထောင်မကျခင်
အပျိုတွေမှ ပါးရဲထိုးလို့ရတာဆိုတော့ မထိုးထားတဲ့သူတွေ့ရင် မသိမသာရော၊ သိသိသာသာပါ
ရှုတ်ချကြတယ်"လို့ ဒေါ်ခွီရှိန်းအွယ်က အပျိုဘ၀အချိန်တွေကို ပြန်စဉ်းစားရင်း ခက်သွက်သွက်
ပြောပါတယ်။

ချင်းဘာသာ (မင်းတပ်)လို မန်းန်လို့ ခေါ်ဝေါ်တဲ့ ပါးရဲ(ပါးမည်း) ထိုးမယ်ဆိုရင် ထင်းရှူးအစိမ်းပင်ရဲ့
အခေါက်ကို မီးနဲ့ အပူပေးရာက ထွက်လာတဲ့ ကျပ်ခိုးကို မြေအိုးအဖုံးနဲ့ ခံယူကာ ခြစ်ထုတ်ပြီး
ပဲနံ့သာရွက်ကို ပွတ်ခြေရာက ထွက်လာတဲ့အရည်နဲ့ ရောစပ်ပြီး ကြိမ်ဝါးရဲ့ အဆူးနဲ့ ထိုးရတယ်လို့
သိရပါတယ်။

"ထိုးပြီး နှစ်ရက်လောက်နေမှ မျက်နှာသစ်ရတယ်။ နာပေမယ့် သွေးတော့မထွက်ဘူး။ တကယ်လို့
မျက်နှာသစ်လိုက်လို့ ဆေးမင်က မစွဲဘူးဆိုရင် နောက်တစ်ကြိမ် ပြန်ထိုးရတယ်။ ဒါ ဆေးစပ်တာ
ညံ့လို့ပေါ့"လို့ ဒေါ်ခွီရှိန်းအွယ်က ရှင်းပြပါတယ်။

ဒါပေမဲ့လည်း သမီး ငါးယောက်ပါဝင်တဲ့ သားသမီး ခုနစ်ယောက် မွေးထားတဲ့ ဒေါ်ခွီရှိန်းအွယ်ရဲ့
မိသားစု ၀င်တွေမှာတော့ ဘယ်သူမှ ပါးရဲမထိုးကြပါဘူးတဲ့။

"ဘိုးဘွားခေတ်ပြီးတော့ စစ်သားတွေ ၀င်လာတော့ ပါးရဲထိုးဖို့ ခွင့်မပြုကြတော့ဘူး။ အဲဒီအချိန်မှာ
တချို့က ကျောင်းတွေတက်နေကြပြီဆိုတော့ ဆက်မထိုးကြတော့ပေမယ့် တော်တော်များများ
ကတော့ တောင်ယာဟောင်းတွေလို လူသူမသွားတဲ့နေရာတွေမှာ သွားထိုးခဲ့ကြရပါတယ်"လို့
ဒေါ်ခွီရှိန်းအွယ်က ပြောပါတယ်။

ချင်းတိုင်းရင်းသားတွေရဲ့ ပါးရဲထိုး ခြင်းနဲ့ပတ်သက်ပြီး လူပြောများတဲ့ ပုံပြင်တစ်ပုဒ်က ဗမာဘုရင်
တစ်ပါး ချင်းပြည်နယ်ကို ခရီးထွက်ရာက ချင်းတိုင်းရင်းသူချောတစ်ဦးကို တော်ကောက် တော်မူပြီး
ပြည်မ (ဘုရင်နန်းစိုက်ရာ မြို့)ကို ခေါ်ဆောင်သွားပါတယ်တဲ့။

ဒါပေမဲ့ ချင်းတိုင်းရင်းသူလေးက မပျော်တာကြောင့် သူနေထိုင်ရာ ချင်းပြည်နယ်ကို ပြန်ထွက်ပြေးပြီး
ဘုရင်နဲ့ နောက်လိုက်တွေလိုက်ရှာရင် မမှတ်မိအောင် မျက်နှာကို ဓားနဲ့မွှန်း ရုပ်ဖျက်ရာက
နောက်ပိုင်းမှာ ရိုးရာဓလေ့တစ်ခုလို ဖြစ်လာပြီး ချင်းမိန်းမပျိုတွေ ပါးရဲထိုးကြတယ်လို့ ပါးရဲထိုးသူ
တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါပေမဲ့လည်း အယူအဆ အမျိုးမျိုးရှိကြတဲ့အလျောက် မဲန်းမျိုးနွယ်စုဝင်တစ်ဦးဖြစ်တဲ့ အသက်
၇၅ နှစ်အရွယ် ဒေါ်ဂေစိမ်းကတော့ "ပါးရဲမထိုးသူကို ငရဲမင်းကြီးက ခေါ်လိမ့်မယ်။ ပါးမဲမထိုးတဲ့သူ
တွေ သွားတဲ့လမ်းကို ကိုယ်စောင့်နတ်က မပြဘူး။ လမ်းဆိုးကိုပဲ ပြတယ်" လို့ ယုံကြည်ထားပါ
တယ်။

ကိုယ်တိုင် ယုံကြည်ကြလို့ မိန်းမပျိုလေးတွေအနေနဲ့ ပါးရဲအထိုးခံကြပေမယ့် တကယ်တမ်း မျက်နှာ
ပေါ်ကို ဆူးနဲ့ အခြစ်ခံနေချိန်မှာတော့ ထွက်ပြေးချင်လောက်အောင် နာကျင်ကြပါတယ်တဲ့။

ပါးရဲထိုးထားသည့် နိန်သာမျိုးနွယ်စုဝင် ချင်းအမျိုးသမီး ဒေါ်ဟုန်းငှိမ်းပိုင်။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)ပါးရဲထိုးထားသည့် နိန်သာမျိုးနွယ်စုဝင် ချင်းအမျိုးသမီး ဒေါ်ဟုန်းငှိမ်းပိုင်။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)

"အမေက မထိုးမနေရဘူးလို့ ပြောခဲ့တာ။ စိတ်ထဲမှာတော့ ဘယ်အထိုးခံချင်ပါ့မလဲ။ နာလည်း
အရမ်းနာတော့လေ။ ဒါပေမဲ့ ချင်းပီသချင်တယ်။ အမျိုးနွယ်စောင့်တဲ့ မိန်းမလည်း ပီသချင်တယ်။
တစ်ရွာလုံးလည်း ပါးရဲ ထိုးထားတဲ့ သူတွေချည်းပဲ။ အဲဒါကြောင့် မငြင်းခဲ့ဘူး" လို့ အသက် ၁၄ နှစ်
အရွယ် ပါးရဲအထိုးခံခဲ့ချိန်ကို ပြန်တွေးရင်း ဒေါ်ဂေစိမ်းက ဖြည်းဖြည်းချင်း ပြောပြပါတယ်။

တော်လှန်ရေးကောင်စီလက်ထက်မှာတော့ အစိုးရက ချင်းတိုင်းရင်းသူတွေ ပါးရဲထိုးတဲ့ဓလေ့ကို
ပယ်ဖျက်ခိုင်းခဲ့ပြီး ပါးရဲထိုးတဲ့သူကိုလည်း ဒဏ်ငွေတွေ ကောက်ခံခဲ့ပါတယ်တဲ့။

"သူတို့က အရေးယူတယ်ဆိုတော့ ဒီဓလေ့က စပျောက်ကွယ်တာပဲလေ။ခုချိန်မှာ ပါးရဲထိုးထားတဲ့
အမျိုးသမီး တွေတွေ့ရင် ပျော်သလို ခံစားရပေမယ့် ရိုးရိုးမျက်နှာတွေအတွက်လည်း ဘာမှ မခံစားရ
ပါဘူး။ ကိုယ့်ယုံကြည်မှုတွေ ပျောက်သွားမှာ နှမြောပေမယ့် အစိုးရက တားထားခဲ့တယ်"လို့
ဒေါ်ဂေစိမ်းက ပြောပါတယ်။

နိန်သာမျိုးနွယ်စုဝင် ဒေါ်ဟုန်းငှိမ်း ပိုင်ကလည်း အခုလိုနောက်ပိုင်း ပါးရဲ ထိုးတဲ့ဓလေ့ပျောက်ကွယ်
လာတဲ့အပေါ် ထွေထွေထူးထူး မခံစားရပါဘူးတဲ့။

"ကိုယ်သာ မကြောက်ဘဲ ပါးရဲထိုးမှာကို ကျိတ်ပျော်ခဲ့ရတာ။ ကိုယ့်သမီးတွေတော့ တစ်ယောက်မှ
ပါးရဲမထိုးခဲ့ကြဘူး။ နာမှာကြောက်ကြတယ်လေ။ အဲဒီတော့ ဘာမှ ပြောမနေတော့ပါဘူး" လို့
ပါးရဲထိုးထားတဲ့ အသက် ၈၀ အရွယ် ဒေါ်ဟုန်းငှိမ်းပိုင်က ဆိုပါတယ်။

ခုချိန်မှာ ပါးရဲထိုးထားသည်ဖြစ်စေ၊ မထိုးထားသည်ဖြစ်စေ ကိစ္စမရှိတော့ပေမယ့် ဟိုအရင်ခေတ်
တစ်ခေတ်မှာတော့ ပါးရဲမထိုးဘဲ အိမ်ထောင်မပြုကြဘူးလို့ သူက ပြောပါတယ်။

"ပါးရဲထိုးပြီးမှ လက်ထပ်ရင် ကိုယ့်အိမ်ထောင်ဖက်ကလည်း အချစ်စစ်လို့ ထင်တယ်။ အဲဒါကြောင့်
လက်မထပ်ခင် ပါးရဲထိုးကြပြီး ပါးရဲထိုးချိန်မှာ သူများတွေ ၀ိုင်းကြည့်ရင် ပိုနာတယ်ဆိုတဲ့ အယူရှိလို့
တစ်ယောက်ချင်းစီပဲ သီးသန့် ပါးရဲထိုးကြတယ်"လို့ ဒေါ်ဟုန်းငှိမ်းပိုင်က သူ့အယူအဆကို ပြောပါ
တယ်။

အပျိုအရွယ်မှာ တင်းရင်းနေတဲ့ အသားအရေကြောင့် ပါးရဲထိုးထားရင် လှတယ်လို့ ခံစားရပေမယ့်
အသက်ကြီးလာတဲ့အခါ ကြည့်လို့မကောင်းတော့ဘူးလို့လည်း သူ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်း
ပြောပါတယ်။

"သူ့ခေတ်နဲ့ သူဆိုတော့ သမီးတွေအလှည့်မှာ ပါးရဲမထိုးတာကို အပြစ်မပြောတော့ပါဘူး။ သူတို့
မျက်နှာတွေက အသက်ကြီးလာတော့လည်း သနပ်ခါးလေးဘာလေး လိမ်းပြီး အဆင်ပြေနေတာ
ပါပဲ။ ကိုယ်တွေကတော့ ဗမာနဲ့ ချင်း ခွဲသိရအောင်ဆိုပြီး ထိုးခဲ့ကြတာ။ ဘိုးဘွားအရွယ်ရောက်လာ
တော့ ကြည့်လို့မကောင်းဘူး" လို့ ဒေါ်ဟုန်းငှိမ်းပိုင်က ပြောပါတယ်။

ဒါပေမဲ့လည်း မကန်းမျိုးနွယ်စုဝင် အသက် ၁၀၀ ကျော်နေပြီဖြစ်တဲ့ ဒေါ်လောင်းန်ယကတော့ အဲဒီ
အယူအဆကို လုံးဝ လက်မခံပါဘူး။

"ပါးရဲမထိုးထားတဲ့ မျက်နှာတွေက မိတ်ကပ်တို့၊ သနပ်ခါးတို့ မကူရင် ပြောင်ချောချောနဲ့ ရုပ်ဆိုးပါ
တယ်။ ပါးရဲထိုးထားတဲ့သူတွေက ဘာမှလိမ်း စရာမလိုဘဲ လှနေသလိုကို ခံစားရတယ်"လို့
ထိုးထားတဲ့ ပါးရဲအလှကို လျော့သွားမှာစိုးလို့ ခုချိန်ထိ မျက်နှာကို ဆပ်ပြာနဲ့တောင် မသစ်ဘူးဆိုတဲ့
ဒေါ်လောင်းန်ယက ပြန်လည်ချေပပါတယ်။

မကန်းမျိုးနွယ်တွေရဲ့ ထုံးစံအတိုင်း မျက်နှာပေါ်မှာ နေရာလပ်မကျန်အောင် အစက်ချထားတဲ့ ပါးရဲ
တွေနဲ့ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိတဲ့ ဒေါ်လောင်းန်ယက ပွနေတဲ့ ဆံပင်ကို လက်နဲ့ အသာ
သပ်လိုက်ပြီး ခပ်မော့မော့ အနေအထားနဲ့ စကားဆက်ပါတယ်။

"ပါးရဲထိုးတတ်တဲ့သူတွေက တစ်ရွာမှာ တစ်ယောက်လောက်ပဲ ရှိတော့ ကိုယ်ထိုးမယ့် မိုးတွင်း
(မိုးရာသီမှာ ထိုးရင် အနာသက်သာသည်ဟု ယုံကြည်ကြပါတယ်)ကို ကြိုပြောထားရတယ်။ သူတို့
ပျော်အောင် ခေါင်အိုးနဲ့ နွားနောက်မသားကလေးလည်း ပေးရတယ်။ ဒါမှ ကိုယ့်ကိုထိုးတဲ့ ပါးရဲက
ပိုသပ်ရပ်သလိုပဲ"လို့ပြောပြီး ခုနောက်ပိုင်း ပါးရဲထိုးတဲ့ ဓလေ့ပျောက်ကွယ် လာတာကိုလည်း -
"နာမှာကြောက်လို့ မထိုးတဲ့သူတွေဆိုရင် ချင်းမဟုတ်သလို ၀ိုင်းပယ်ခဲ့ကြတာပါပဲ။ ခုခေတ်မှာတော့
မြေး၊ မြစ်တွေကလည်း ပြောင်ချောချောပဲ။ ခုချိန်မှာ သူတို့သဘောနဲ့ သူတို့ မထိုးကြတော့ဘူး
ဆိုတော့လည်း စိတ်ထဲမှာ တစ်မျိုးပဲ။ ၀မ်းလည်းမသာဘူး။ ပျော်လည်း မပျော်ဘူး"လို့
ဒေါ်လောင်းန်ယ က ပြောပါတယ်။

မျက်နှာအနှံ့ ပါးရဲထိုးထားသည့် ချင်းအမျိုးသမီးကြီး တစ်ဦး။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)မျက်နှာအနှံ့ ပါးရဲထိုးထားသည့် ချင်းအမျိုးသမီးကြီး တစ်ဦး။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)

မျက်နှာမှာ ပါးရဲအပြည့် ထိုးထားတဲ့ ချင်းအမျိုးသမီးကြီး တစ်ယောက်ရဲ့ ခင်ပွန်းဖြစ်သူ မင်းတပ်
မြို့နယ် ပညာရေးမှူး(ငြိမ်း) ဦးဟာလိန်းကတော့ ယဉ်ကျေးမှုအမွေကို ထိန်းသိမ်းပေးတဲ့ ချင်းရိုးရာ
ပါးရဲထိုးတဲ့ဓလေ့ကို မပျောက်စေချင်ပါဘူးတဲ့။

"ပါးရဲထိုးထားတဲ့ အမျိုးသမီးတွေက တခြားသူတွေထက် ပိုသတ္တိရှိပြီး ပိုလှတယ်လို့ ခံစားရတယ်။
သနပ်ခါးလိမ်းရင် ခဏပဲ ခံတာလေ။ အဲဒီခေတ်တုန်းကတော့ ပါးရဲထိုးထားတဲ့သူကိုပဲ ကြိုက်လို့ရ
ခဲ့တာ။ ခုချိန်ထိ ပလက်ဝ ဘက်မှာတော့ ချင်းဆိုတဲ့ အထိမ်းအမှတ်မပျောက်အောင် နဖူးထိပ်မှာ
သဘောအဖြစ် ထိုးနေကြသေးတယ်" လို့ ဦးဟာလိန်းက ပြောပါတယ်။

နားပေါက်အကျယ်ကြီးအပြည့် နားကပ်အကြီးကြီးကို ၀တ်ဆင်တဲ့ သူတို့ ဓလေ့မှာ ပါးရဲမပါရင်
အဆင်မပြေဘူးလို့ လက်ခံထားတာမို့ ချင်းမိန်းမပျိုလေးတွေအတွက် အိမ်ထောင်ပြုဖို့၊ ပိုလှလာဖို့နဲ့
ချင်းတိုင်းရင်းသူ ပီသစေဖို့စတဲ့ ရည်ရွယ်ချက်တွေမှာ ပါးရဲထိုး သူတွေကလည်း အဓိက အရေးကြီး
သူတွေ ဖြစ်နေခဲ့ပါတယ်။

"မနက်ဖြန်လို ပါးရဲထိုးမယ်ဆိုရင် ဒီည ထမင်းမစားရဘူး။ ချိုင်းကနေ တိုင်းရင် လက်သုံးဆုပ်
အရွယ်ရှိတဲ့ ၀က်ကလေးတစ်ကောင်၊ ငွေတစ်ဆယ် နဲ့ ခေါင်အိုးတစ်အိုးကိုလည်း ပါးရဲထိုးမယ့်သူ
ဆီကို အဖိုးအခအဖြစ် ပေးရတယ်။ ခေါင်များများသောက်ရင် မနာဘူးဆိုတဲ့ အယူနဲ့ ပါးရဲထိုးတဲ့သူ
ရော အထိုးခံတဲ့သူရော ခေါင်ရည်များများ သောက်ကြတယ်။ အမှန်ကတော့ မူးနေလို့ သိပ်မနာတာ
ဖြစ်မှာပါ"လို့ ချင်းတိုင်းရင်းသူတွေရဲ့ ပါးရဲထိုးခြင်းဓလေ့ကို လေ့လာသူတစ်ဦးဖြစ်တဲ့ ဦးရှိန်းဖွေလိန်း
က ဆိုပါတယ်။

မျိုးနွယ်စုတွေအလိုက် ပြောင်းလဲသွားတဲ့ ပါးရဲဒီဇိုင်းတွေမှာလည်း မျက်နှာတစ်ခုလုံး (နားနဲ့ မျက်ခွံ
အပါအ၀င်) အပ်ချစရာမရှိအောင် မည်းမှောင်နေတဲ့ ပါးမည်း၊ အစက်အပြောက်ပုံစံထိုးထားတဲ့
ပါးပြောက်၊ မျဉ်းကြောင်းလေး ကြောင်းကို အလျားနဲ့ အနံ ယှက်ပြီး ရေးဆွဲထားတဲ့ ပါးကြောင်၊
အစက်လေး စက်ချ မျဉ်းလေးကြောင်းဆွဲတဲ့ ပါးကြားနဲ့ စက်ဝိုင်းခြမ်းပုံသဏ္ဌာန် လခြမ်းပုံနဲ့ မျဉ်းတွေ
ဆက်ထားတဲ့ ပါးဝိုင်းဆိုပြီး အမျိုးမျိုးရှိပါတယ်။

"ပုံပြင်တွေထဲမှာ ဘုရင်တော်ကောက်တယ်ဆိုတော့ ကြောက်ကြတယ်လေ။ ပြီးတော့
တော်ကောက်ဖို့အတွက် ယောက်ျားရှိတဲ့ မိန်းမဆိုရင် ယောက်ျား အသတ်ခံရတော့ ယောက်ျားတွေ
က လက်မထပ်ခင် မိန်းကလေးတွေကို ပါးရဲအထိုးခိုင်းခဲ့ကြတယ်။ ဒီတော့ အိမ်ထောင်ပြုတော့မယ်
ဆိုရင် မိန်းကလေး ပါးရဲထိုးပြီးပြီလားလို့ ယောက်ျားလေးဘက်က မေးကြရင်း အိမ်ထောင်မပြုခင်
ပါးရဲထိုးတဲ့ ဓလေ့ဖြစ်လာတာပါပဲ"လို့ ဦးရှိန်းဖွေလိန်းက ပြောပါတယ်။

သူ့ရဲ့လေ့လာချက်အရတော့ ပါးရဲထိုးတဲ့ဓလေ့ဟာ စေတုတ္တရာပြည်က အစပြုတယ်လို့သိရပြီး
နာဂတိုင်းရင်းသားတွေမှာတော့ ယောက်ျားလေးတွေက လည်ပင်းမှာ ပါးရဲပုံစံဆင်တူတဲ့ ဆေးမင်
တွေထိုးကြသလို နောက်ပိုင်း ချင်းတိုင်းရင်းသူတွေမှာတော့ မျက်နှာဖျက်ရုံသက်သက်ဆိုတော့
ပါးရဲထိုးတဲ့ ပုံစံတွေလည်း ပြောင်းလဲလာပါတယ်တဲ့။

"ချင်းပြည်နယ်ကို ၀င်လာတာက ခရစ်ယာန်တွေဆိုတော့ ပညာပေးရင်း အဲဒီဓလေ့က
တဖြည်းဖြည်းပျောက်လာကြတယ်။ နောက်ပိုင်း အမြင်ကျယ် ကုန်သလို ပါးရဲမထိုးရဆိုတဲ့ တားမြစ်
ချက်တွေ ထွက်လာခဲ့ပေမယ့် အစွဲအလမ်းကြီးတဲ့ မိသားစုတွေကတော့ ခုချိန်ထိ ခိုးထိုးနေကြတုန်း
ပဲ"လို့ ဦးရှိန်းဖွေလိန်းက ပြောပါတယ်။

ဒါပေမဲ့လည်း နောက်ပိုင်းမှာ ပါးရဲထိုးတဲ့ ချင်းဓလေ့က သမိုင်းတစ်ခုအဖြစ် ဓာတ်ပုံတွေ၊ မှတ်တမ်း
တွေထဲမှာသာ ကျန်ရစ်တော့မှာမို့ ကိုယ်တိုင် ချင်းတိုင်းရင်းသူပီသဖို့ ကြည်ကြည်ဖြူဖြူ ပါးရဲအထိုးခံ
ခဲ့တဲ့ ဒေါ်ခွီရှိန်းအွယ် က "ခုချိန်မှာ ပါးရဲထိုးတာ ကောင်းသလားဆိုတာတော့ မပြောတတ်ဘူး။
ဒါပေမဲ့ မြို့ကြီးပြကြီးသွားရင် ဒါ ချင်း အမျိုးသမီးကြီးဆိုပြီး ၀ိုင်းကြည့်တာ ခံရတုန်းပဲ။ ကိုယ့်ဓလေ့
ရိုးရာက မှားတယ် မှန်တယ် ဘာမှမပြောတတ်ပေမယ့် ခု ပါးရဲထိုးထားတဲ့သူတွေက သေလို့
ကုန်ကြတော့မှာ" လို့ မှောင်လာတဲ့ ညနေအလင်းရောင်မှာ တဖြည်းဖြည်း မှုန်ဝါးလာတဲ့ သူ့ပါးပေါ်
က ပါးရဲတွေကို တယုတယ စမ်းကြည့်ရင်း တစ်လုံးချင်း ပြောလိုက်ပါတော့တယ် ...။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်