ပြည်သူ့ရင်ပြင်တွင် ကျင်းပမည့် တွံတေးသိန်းတန် ၁၅ နှစ်ပြည့်နှင့် ပုံတူကြေးရုပ်သွန်းလုပ်ခြင်း အမှတ်တရ အခမဲ့ဖျော်ဖြေပွဲ

တွံတေးသိန်းတန် ကွယ်လွန်ခြင်း ၁၅ နှစ်ပြည့်နဲ့ ပုံတူကြေးရုပ်တု တည်ဆောက်ခြင်း အထိမ်းအမှတ်
ဖျော်ဖြေပွဲကို လာမယ့် ၂၃ ရက်၊ ပြည့်သူ့ရင်ပြင်မှာ အခမဲ့ ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

တွံတေး မြို့သူမြို့သားတွေရဲ့ တောင်းဆိုမှုကြောင့် ကွယ်လွန်သူ တေးရေးတေးဆို တွံတေးသိန်းတန်
အမှတ်တရရုပ်တုကို ထုလုပ်ပြီး တွံတေးမြို့ ရွှေဆံတော်ဘုရားခြေရင်းအနီးမှာ စိုက်ထူသွားမယ်လို့
တွံတေးသိန်းတန်ရဲ့ သားဖြစ်သူ ဦးစိုင်းမြတ်သူက ပြောပါတယ်။

အထိမ်းအမှတ်ဖျော်ဖြေပွဲမှာ ရာဇာနေ၀င်း၊ ဖြိုးငွေစိုး၊ ကျော်ကျော်ဗိုလ်၊ နေမင်းခ၊ မိုးပြည့်ပြည့်မောင်၊
ခင်လေးနွယ် စတဲ့ အနုပညာရှင်တွေနဲ့အတူ ဟာသပညာရှင်တွေဖြစ်တဲ့ မေတ္တာ၊ ကျော်ထူုး၊
ခင်လှိုင်၊ ဒိန်းဒေါင်၊ တိမ်ညွန့်၊ ကင်းကောင်၊ ပန်းသီး၊ ဇီးသီး၊ ငွေတောင်၊ ဟားငါးကောင်၊ တိုင်းကျော်
တို့က ဖျော်ဖြေမှာဖြစ်ပါတယ်။

အလင်္ကာဝတ်ရည် တေးဂီတအဖွဲ့နှင့် အတူ ဟင်္သာတထွန်းရင်၊ သန်းမြတ်စိုး၊ သားစိုး၊ ဩရသ၊
အလင်္ကာဝတ်ရည် မောင်မောင်အေး၊ ခင်ညွန့်ရည်၊ မေခလာ၊ အိုပြည့်ရှင်၊ ရွှေယမင်းဦး၊ တွံတေး
လင်းနိုင်စတဲ့ အဆိုတော်များနဲ့ တွံတေးသိန်းတန်မျိုးဆက် သားသမီးတွေဖြစ်ကြတဲ့ စိုင်းမြတ်သူ၊
သန်းသန်းနိုင်၊ ချယ်ရီသိန်းတန်နဲ့ ၀င်းပပသိန်းတန်တို့လည်း ဖျော်ဖြေကြမှာပါ။

ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် ဖြစ်တဲ့ ဆရာဟိန်းလတ်က- "ကျွန်တော် ကြည်ညိုလေးစားရတဲ့
အနုပညာရှင်ပါ။ ၁၉၇၀ လောက်က ဆရာမောင်စွမ်းရည် ရေးတဲ့ ပြည်သူ့ ရှုထောင့်မှ စာပေဝေဖန်
ရေးဆိုတဲ့ စာအုပ်က တော်တော်လေး နာမည်ကြီးခဲ့တယ်။ အဲဒီမှာ တွံတေးသိန်းတန်ရဲ့ ထွေးညို
ပြဇာတ်ဟာ ပြည်သူ့ရဲ့ ဝေဒနာ၊ ခံစားချက်တွေကို တစ်ထပ်တည်းကျအောင် ပြသနိုင်လို့ ပြည်သူ့
စာဆိုစစ်စစ် လို့ ဖော်ပြခြင်းခံခဲ့ရတယ်" လို့ ပြောပါတယ်။

တွံတေးသိန်းတန်ရုပ်တုကို တွံတေးမြို့မှာ စိုက်ထူမှာဖြစ်ပြီး ရုပ်တုအဓိက အလှူရှင်ဖြစ်သူ တွံတေး
သိန်းတန် ပရိသတ် ကိုကြည်ဝင်းက 'ကျွန်တော်က ပဲခူးသားပါ။ ငယ်ငယ်ကတည်းက တွံတေး
သိန်းတန်သီချင်းတွေနဲ့ပဲ ကြီးလာတာ။ ခုသူ့ရုပ်တုကို ဘယ်သူ့ တိုက်တွန်းချက်မှမပါဘဲ ကျွန်တော်
လုပ်ဖြစ်တာပါ။ သူ့ကို ဘယ်လောက်ထိ ချစ်လဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်တာပါ"လို့
ပြောပါတယ်။

ဒီပွဲကို စီစဉ်ရာမှာ အဓိကကူညီပေး သူကတော့ ဟာသသရုပ်ဆောင် ကျော်ထူးဖြစ်ပြီး ငွေရေး
ကြေးရေးအခက်အခဲ တွေကြားထဲမှ ပွဲဖြစ်မြောက်ရန် စီစဉ်ရ ခြင်းဖြစ်တယ်လို့ သိရပါတယ်။

"ဒီပွဲက စပွန်ဆာလည်းမရှိပါဘူး။ တွံတေးသိန်းတန်ကို ချီးကျူးဂုဏ်ပြုချင်လို့ လုပ်တာပါ။
ကျွန်တော် စိတ်မကောင်းဖြစ်တာက နိုင်ငံကျော်အဆို တော်တစ်ယောက်ရဲ့ပွဲကို ထုတ်လွှင့်ပေးမယ့်
တီဗီလိုင်း မရှိတာပါ။ ပွဲကို တွံတေးမှာလုပ်မယ်ဆိုတော့ တွံတေးထိ လာမရိုက်နိုင်ဘူးတဲ့။ အဲဒါနဲ့
ရန်ကုန်မှာလုပ်တော့ ဆီးဂိမ်းနဲ့တိုက်လို့ လာမရိုက်နိုင်ဘူးတဲ့။ ကျွန်တော်တို့က မြန်မာတစ်ပြည်လုံး
ချစ်တဲ့ အနုပညာရှင်ဂုဏ်ပြုပွဲကို တစ်ပြည်လုံးကြည့်စေချင်တာပါ"လို့ ကျော်ထူးက ပြောပါတယ်။

ပွဲတက်ရောက်လာသူ ဟာသသရုပ်ဆောင် ဦးကင်းကောင်က "မြန်မာနိုင်ငံမှာ အနိုင်နဲ့ပိုင်းသွားတဲ့
အဆိုတော် တစ်ယောက်ပါ။ သူလိုလူမျိုး နောက်ထပ်ရဖို့ မလွယ်တော့ပါဘူး။ အနုပညာကို
ချစ်သောသူ၊ အနုပညာကို စစ်ကြောသူ၊ အနုပညာမှာ နစ်မြောသူတစ်ဦးပါ။ သူလိုလူမျိုး
နောက်ထပ်ပေါ်လာပါစေလို့ပဲ ဆုတောင်းပါတယ်" လို့ ပြောပါတယ်။

စွယ်စုံရအနုပညာရှင် တွံတေးသိန်းတန်ရဲ့ အခုချိန်ထိ အောင်မြင်နေဆဲ သီချင်းတွေဖြစ်တဲ့
'ပန်းနွယ်ကစိမ်း'၊ 'ဘယ်ပန်းသာလိုယဉ်'၊ 'အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ'၊ ဖိုးလမင်းကိုအောင်သွယ်ခိုင်း
မယ်'၊ 'လေးဆယ်ကျော်အချစ်'၊ 'ဆောင်းနှင်းမြူနှင့်ကိုယ့်ချစ်သူ'၊ 'ချစ်ရက်ရှည်ရှည်အင်းလျားမြေ'၊
'ကိုယ်ရယ်မင်းရယ် ပိတောက်ရယ်'၊ 'အသီးတစ်ရာ အညှာတစ်ခု' စတဲ့ တေးသီချင်းတွေအပြင်
သူ့ခေတ်အခါက အောင်မြင်ခဲ့တဲ့ ရုပ်ရှင်တွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်