တစ်သက်တာရုပ်ရှင်ဆုရှင် စည်သူဗိုလ်ကလေးတင့်အောင်ရဲ့ ပုံတူရေးဆွဲပွဲ (သို့) အနုပညာရှင်တို့ ပျော်တဲ့ပွဲ

ဆရာကြီးဘိုကလေးတင့်အောင်ရဲ့ ပုံတူကို အာကာကျော်က ဂရပ်ဖစ်တီပုံတူရေးဆွဲနေစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)ဆရာကြီးဘိုကလေးတင့်အောင်ရဲ့ ပုံတူကို အာကာကျော်က ဂရပ်ဖစ်တီပုံတူရေးဆွဲနေစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

မိုးကုန်လို့ ဆောင်းရာသီထဲရောက်ပြီ ဆိုပေမယ့် ရန်ကုန်ရဲ့ နိုဝင်ဘာလ ရာသီဥတုကတော့ ပူစပ်
ပူလောင်ပါပဲ။ ရန်ကုန်မြို့ရဲ့နာမည်ကျော် အင်းလျားကန်ရေပြင်နံဘေးမှာ တည်ရှိနေတဲ့ စိမ်းလန်း
စိုပြည်ဥယျာဉ်လေးအတွင်းက အရိပ်တစ်နေရာမှာတော့ အဘိုးအိုတစ်ဦးဟာ ပူပြင်းတဲ့ နေမင်းကို
ရှိတယ်လို့တောင်မထင်ဘဲ ထိုင်ခုံတစ်လုံးနဲ့ အေးအေးချမ်းချမ်းလေး ထိုင်နေပါတယ်။

သူကတော့ အသက် ၉၀ ကျော်ရှိနေ ပြီဖြစ်ပြီး ဘ၀သက်တမ်းတစ်လျှောက် လုံးကို မြန်မာရုပ်ရှင်
လောကအတွက် မြှုပ်နှံထားတယ်လို့တောင် ပြောနိုင်တဲ့ မြန်မာရုပ်ရှင်နဲ့ ပြဇာတ်လောကမှာ
ဒါရိုက်တာအဖြစ် ကျော်ကြားသူ စည်သူဘွဲ့ရ ဗိုလ်ကလေးတင့်အောင် ပဲဖြစ်ပါတယ်။

သူ့ရဲ့ရှေ့မှာတော့ လက် မှုအနုပညာရှင်ငါးဦးဖြစ်တဲ့ ပန်းပုဆရာဦးကျော်ကျော်မင်း၊ ပန်းချီဆရာ
ဦးရွှေမြင့်နဲ့ ဦးသာဆန်း၊ ကယ်ရ ကေချာပန်းချီကျော်မိုးအောင်နဲ့ ဂရပ်ဖက်တီရေးဆွဲသူ
အာကာကျော်တို့ဟာ သက်ကြီးအနုပညာရှင်ကြီးရဲ့ပုံရိပ်ကို သဘာဝအကျဆုံး ဖန်တီးဖို့ ပြင်ဆင်
နေကြပါတယ်။

"လူတစ်ယောက်က တစ်ယောက်ကို ခင်မင်တယ်၊ အသိအမှတ်ပြုတယ်ဆိုတာက အင်မတန်မှ
ဝမ်းသာဖို့ကောင်းပါတယ်။ ဒီလိုမျိုး ပန်းချီ၊ ပန်းပုနဲ့ ဂုဏ်ပြုတယ်ဆိုတာက ဘဘရဲ့ ဘဝ
တစ်လျှောက်လုံး လက်ရှိအချိန်ထိ အနုပညာတန်ဖိုးကို နှစ်ရှည်လများ ပြုလုပ်ခဲ့တဲ့အတွက်
အသိအမှတ်ပြုဖို့ မှတ်တမ်းတင်တယ်လို့ပဲ ထင်ပါတယ်"လို့ သူ့ပုံတူတွေ ဖန်တီးနိုင်ဖို့ စိတ်ရှည်
လက်ရှည် မော်ဒယ်ထိုင်ပေးနေရင်းက စာရေးဆရာ၊ ရုပ်ရှင်၊ ပြဇာတ် ဒါရိုက်တာ စည်သူ
ဗိုလ်ကလေးတင့်အောင် က တစ်လုံးချင်းပြောလိုက်ပါတယ်။

"လူတစ်ယောက်နဲ့တစ်ယောက်က မျက်နှာထားချင်း၊ လှုပ်ရှားမှုဟန်ပန် ချင်းတူချင်မှ တူပါလိမ့်မယ်။
ဘဘတို့ စိတ်ထဲမှာ ရုပ်ဆိုးချင်ဆိုးမယ်၊ အသား မည်းချင်မည်းမယ်။ ဒါပေမဲ့ တစ်ဖက်သားပေါ်မှာ
ထားတဲ့ မေတ္တာက ခံစားချက်ကတော့ တစ်ခါတစ်ခါ မျက်နှာမှာ သွားပေါ်လိမ့်မယ်လို့ထင်တယ်။
ဒါကို ပန်းချီ၊ ပန်းပုဆွဲတဲ့သူတွေအနေနဲ့ ဖမ်းမိဖို့လိုတယ်။ ပန်းချီဆရာပဲဖြစ်ဖြစ်၊ ဓာတ်ပုံဆရာပဲ
ဖြစ်ဖြစ်၊ ပန်းပုထုတဲ့သူ ပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ ပင်ကိုစိတ်ထား၊ သဘောသဘာဝကိုပေါ်အောင်
ပြသနိုင်လေလေ ပိုကောင်းလေလေပဲ" လို့လည်း ဆရာကြီးက အနုပညာနဲ့ ပတ်သက်လို့ သူ့အမြင်
ကို ပြောပါသေးတယ်။

စာရေးဆရာ၊ ရုပ်ရှင်၊ ပြဇာတ်ဒါရိုက် တာအဖြစ် ရပ်တည်ခဲ့တဲ့ အချိန်ကာလတွေမှာ အနုပညာ
အပေါ် သစ္စာရှိရှိနဲ့ အစစအရာရာ ခြိုးခြံချွေတာပြီး နေထိုင်ခဲ့တယ်လို့ဆိုတဲ့ ဆရာကြီးဟာ နိုင်ငံတော်
ကချီးမြှင့်တဲ့ စည်သူဘွဲ့ကို ၂၀၁၂ ခုနှစ်မှာရရှိခဲ့တဲ့အပြင် ဘ၀တစ်ခုလုံး ကို အနုပညာနဲ့ရပ်တည်တဲ့
အနုပညာရှင်ကို ဂုဏ်ပြုပေးအပ်တဲ့ တစ်သက်တာရုပ်ရှင်ဆုကိုလည်း ဒီနှစ်ထဲမှာပဲ ရရှိခဲ့ပါတယ်။

အခုအချိန်မှာတော့ နားကြားကိရိယာရဲ့ အကူအညီကိုယူပြီး အမြင်အာရုံ အတွက် လေးထောင့်
စပ်စပ်မျက်မှန် အထောက်အပံ့ကို ယူပြီး နေထိုင်နေရပေမယ့် အနုပညာအတွက် မြန်မာနိုင်ငံရုပ်ရှင်
အစည်းအရုံးမှာ နာယက အဖြစ် လုပ်ဆောင်နေဆဲပဲဖြစ်ပါတယ်။

ဆရာကြီး ဗိုလ်ကလေးတင့်အောင် အတွက် ပထမဦးဆုံး အတွေ့အကြုံ ဖြစ်တဲ့ ဒီပန်းချီ၊ ပန်းပု
ရေးဆွဲပွဲကို နိုဝင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲလေးကို ဦးစီးကျင်းပသူတစ်ဦးဖြစ်တဲ့ ပန်းပုဆရာကျော်ကျော်မင်းက နိုင်ငံတွင်းက လေးစား
ထိုက်တဲ့ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပန်းချီ၊ ပန်းပု ပညာနဲ့ ပုံတူရေးဆွဲထုလုပ်ပြီး ပြည်သူတွေ
အနေနဲ့ ပန်းချီ၊ ပန်းပုပညာကို စိတ်ဝင်စားမှုမြင့်မားအောင် ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်တယ်လို့
ဆိုပါတယ်။

"နာမည်ကျော်ပုဂ္ဂိုလ်တွေကို ပန်းပု ထုလုပ်ဖန်တီးတာဟာ ကျွန်တော့် အတွက် ၃၁ ကြိမ်မြောက်
ဖြစ်ပြီးတော့ လူငယ်တွေပါ စိတ်ပါဝင်စားလာအောင် လူငယ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဂရပ်ဖက်တီ
အာကာကျော်ကို လည်း ပါဝင်ဖို့ဖိတ်ခေါ်ခဲ့တယ်" လို့ လည်း သူက ပြောပါတယ်။

အာကာကျော်ကတော့ သူ့အနုပညာ နဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ ပုံတူတွေ ကို ရေးဆွဲခဲ့ဖူးပေမယ့်
ဒီလိုမျိုး ပြင်ပမှာ ကာယကံရှင်ကို မော်ဒယ်ထိုင်ခိုင်းပြီး လက်တွေ့ရေးဆွဲထုလုပ်တာကတော့
ပထမဦးဆုံးအကြိမ် ဖြစ်တယ်လို့ ပြောပါတယ်။

"ဒီလိုမျိုးဆွဲရတဲ့အတွက် ကျွန်တော့်အတွက် အတွေ့အကြုံသစ်တစ်ခုရတာပေါ့။ ဖိတ်ကြားခံရတဲ့
အတွက်လည်း ကျေးဇူးတင်ပါတယ်။ အရင်ကတော့ တစ်ယောက်တည်း ကိုယ့်စိတ်ကူးနဲ့ကိုယ်
ရေးခဲ့တယ်ဆိုပေမယ့် ဒီတစ်ခေါက်က ကိုယ့်ထက်အသက်ကြီးတဲ့သူတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်
ရတာဖြစ်တဲ့အတွက် ပုံတူရေးတဲ့အခါ စိတ်လှုပ်ရှားတာတော့ ရှိပါတယ်" လို့ သူ့ရဲ့ခံစားချက်ကို
ပြောပြပါတယ်။

ကယ်ရီကေချာရေးဆွဲတဲ့ ပန်းချီကျော်မိုးအောင်ကလည်း သူ့အတွက် ပထမဦးဆုံး လက်တွေ့ရေးဆွဲ
ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကယ်ရီ ကေချာ ရေးဆွဲတဲ့နေရာမှာ ကိုယ်ရေးဆွဲမယ့်သူရဲ့ လက်ရှိ
ပုံစံထက် ပန်းချီဆရာရဲ့ ကိုယ်ပိုင်ရေးဟန်တွေ၊ ရေးဆွဲမယ့်သူရဲ့ စရိုက်ကိုပါ ထင်ဟပ်ပါစေမယ့်
စတိုင်တွေကို အရောင် အစပ်အဟပ်ကျကျ ဖန်တီးရေးဆွဲရတာဖြစ်တယ်လို့လည်း သူက ရှင်းပြ
ပါတယ်။

"ကယ်ရီကေချာရေးတဲ့အခါမှာ ကိုယ်ရေးမယ့်အချိုးတစ်ခုကို သေချာစဉ်းစားရတယ်။ ပြီးရင်
ကိုယ်ရေးရ မယ့်သူလို့ ထင်ရှားစေမယ့် သူ့ကိုယ်ပိုင် ဟန်ပန်ကို ထည့်ရေးပေးရမယ်။ ဒီတိုင်း
မော်ဒယ်ထိုင်ပြီး ပုံတူရေးသလိုမျိုး မဟုတ်ဘူး။ ကိုယ်ရေးမယ့်သူနဲ့တော့ တူရမယ်။ ဒါပေမဲ့ ကိုယ်ပိုင်
စတိုင်နဲ့၊ ကိုယ်ပိုင်ရေးချက်နဲ့ ကိုယ်ပိုင်အရောင် နဲ့ရေးပြီးတော့ အဲဒီလူရဲ့စရိုက်ကိုပါ ထင်ဟပ်အောင်
ရေးနိုင်ရမှာပါ။ ကယ်ရီကေချာ ကားတစ်ကားကို ကြည့်ရင် ရေးတဲ့သူရဲ့ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း
ဘယ်လောက်ရှိလဲဆိုတာ လေ့လာလို့ ရနိုင်တယ်" လို့လည်း ပြောပါတယ်။

မနက်ပိုင်းကနေ စတင်ခဲ့တဲ့ ပုံတူ ရေးဆွဲပွဲဟာ ညနေပိုင်းကျမှ ပြီးဆုံးခဲ့ ပေမယ့် မော်ဒယ်ထိုင်ပေးတဲ့
ဆရာကြီးရော၊ လက်မှုပညာရှင်တွေဟာ အနုပညာကို ချစ်မြတ်နိုးကြတဲ့သူတွေ ပီသစွာ ပင်ပန်း
နွမ်းလျဟန် လုံးဝမပြဘဲ ပျော်ရွှင်ကျေနပ်နေပုံကိုပဲ တွေ့မြင်ရတာမို့ အနုပညာရှင်တွေ ပီသလွန်း
တယ်လို့ပဲ တင်စားလိုက်ချင်ပါတော့တယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်