ပျော်စရာ ကြောက်စရာ စိတ်ဝင်စားစရာတွေနဲ့ ထိုင်းဟာသ သရဲကား Make Me Shudder

Make Me Shudder ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခန်း။ ဓာတ်ပုံ - အင်တာနက်Make Me Shudder ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခန်း။ ဓာတ်ပုံ - အင်တာနက်

ချောက်ချားစရာကောင်းတဲ့ ညတစ်ညမှာ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ အိမ်ပျက်ကြီး
တစ်လုံးထဲကို ကျောင်းသားငယ်တစ်ယောက် ဦးဆောင်တဲ့ အဖွဲ့ဟာ ကြောက်လန့်ပေမယ့်
စပ်စုချင်စိတ်နဲ့ ၀င်ရောက်ခဲ့ပါတယ်။

တကယ်တမ်းတော့ သရဲမဟုတ်ဘဲ ဦးဆောင်တဲ့ကျောင်းသားလေးရဲ့ အခြောက်အလှန့်တွေကို
ခံခဲ့ရတဲ့ ဟာသဇာတ်ကွက်အဖွင့်နဲ့ "Make Me Shudder" ထိုင်းသရီးဒီဟာသသရဲကားဟာ
မြန်မာပရိသတ်ကို ဆွဲဆောင် နိုင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ကျောင်းသားသီးသန့်အထက်တန်းကျောင်းတစ်ကျောင်းမှာ Daeng School ဆိုတဲ့
အမြဲပိတ်ထားတဲ့ ကျောင်းဆောင် တစ်ခုရှိပြီး သရဲ ခြောက်တယ်လို့ နာမည်ကြီးတာကြောင့် ခုနက
ခပ်ဆိုးဆိုးကျောင်းသား အဖွဲ့အတွက် အပျင်းပြေစမ်းသပ်စရာ အပျော်တမ်းဂိမ်းတစ်ခုဖြစ်လာပါ
တယ်။

ညနေကျောင်းဆင်းချိန်ကတည်းက ခပ်ဆိုးဆိုးကျောင်းသားသုံးဦးကနေ ဦးဆောင်ပြီး အဲဒီ
အဆောင်ထဲကိုဝင်ရောက်ကာ သူတို့နဲ့အတူပါလာကြတဲ့ သရဲကြောက်တတ်တဲ့ကျောင်းသား
လေးဦးကို ခြောက်လှန့်ပြီး စကြဖို့ စီစဉ်ခဲ့ကြပါတယ်။

တကယ်တမ်းမှာတော့ နာမည်ကျော် ကျောင်းသားသရဲက ခြောက်လှန့်တဲ့အချိန်မှာ ထွက်ပြေးရင်း
ကြုံတဲ့အလွဲတွေက ပရိသတ်ကို ကြောက်နေရင်းက တ၀ါးဝါးရယ်ဖို့ လည်းဖြစ်နေစေတာမို့ တခြား
သရဲကားတွေလို မျက်စိမှိတ်ထားမိမှာ မဟုတ်တာတော့ သေချာပါတယ်။

ကျောင်းသားခုနစ်ယောက် လူစု ကွဲသွားချိန်မှာ ကြိုတင်စီစဉ်ထားသလို သရဲအဖြစ်ခြောက်လှန့်ဖို့
လူငှားခဲ့သလားဆိုတဲ့မေးခွန်းကို အချင်းချင်း မေးချိန်မှာတော့ ဘယ်သူမှ လူမငှားခဲ့သလို တစ်ချိန်
တည်းမှာပဲ ကျောင်းသား သရဲက သူတို့နဲ့ အနီးဆုံးနေရာကို ရောက်ချိန်မှာတော့ ရုပ်ရှင်ရုံထဲမှာ
ကြည့်နေကြတဲ့ ပရိသတ်တွေရဲ့ ထအော်သံကို စကြားရပါတော့တယ်။

ကျောင်းသားသရဲကို ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာလဲလို့ ပြေးရင်းလွှားရင်း
မေးကြချိန်မှာ ပြန်ပြန်ဖြေတဲ့သရဲရဲ့ အဖြေတွေကလည်း သဘာဝကျပြီး ရယ်စရာကောင်းတာမို့
ကြောက်လိုက်ရယ်လိုက်နဲ့ ရသသစ်တစ်မျိုးကို ပေးနိုင်တာမို့ ဇာတ်ကားဖန်တီးသူတွေကို ချီးကျူး
မိပါတယ်။

အနောက်က သရဲလိုက်လို့ပြေးကြရင်း တစ်ထပ်ပြီးတစ်ထပ် ကျောင်းဆောင်ပေါ်ကို ရောက်ကာ
နောက်ဆုံးမှာတော့ သရဲဖြစ်နေတဲ့ ဆရာမ ခပ်ဆိုးဆိုးက ကျောင်းသားနှစ်ဖွဲ့ထဲက တစ်ဖွဲ့ကို အခန်း
တစ်ခုထဲ သော့ပိတ်ထားချိန်မှာ ကျန်တဲ့ကျောင်းသား တစ်ဖွဲ့ကိုတော့ သဘောကောင်းပုံ ပေါ်တဲ့
သရဲဆရာနဲ့ ဆရာမက ကယ်တင်ထားခဲ့ပါတယ်။

ဒါပေမဲ့လည်း ကယ်တင်တဲ့ ဆရာနဲ့ ဆရာမ အပြင်ကိုထွက်သွားချိန်မှာ တစ်ချိန်က ကျောင်းသား
သရဲပုံပြင်လို ဆရာနဲ့ ဆရာမတွေ ရန်ဖြစ်ရင်း သေဆုံးရာက သရဲဖြစ်ကြတယ်ဆိုတဲ့ ဇာတ်လမ်းကို
ကျောင်းသားတစ်ယောက်က ပြန်ပြောပြလိုက်တာမို့ ကျန်တဲ့သူငယ်ချင်းအဖွဲ့ကို ရှာဖွေပူးပေါင်းဖို့
ကယ်တင်ခံရတဲ့ ကျောင်းသားတွေဟာ ပြန်ထွက်ပြေးကြရပြန်ပါတယ်။

ကျောင်းသားတွေ အကုန်ပေါင်းမိချိန်မှာ သူတို့နဲ့အတူ ကျောင်းသားသရဲပါ ပူးပေါင်းမိတာကြောင့်
တကယ်တမ်းမှာ အရမ်းဆိုးတဲ့ သရဲက ဘယ်သူလဲ၊ ဘာကြောင့်ဆိုးရတာလဲ၊ ကျောင်းသားကရော
သရဲဟုတ်ရဲ့လားဆိုတာ ပရိသတ်ကို စဉ်းစားစရာအတွေးတွေ ပေးလာပါတယ်။

အာစရိယဆရာတွေကို ပြစ်မှားမိရင်၊ ဒေါသအရမ်းကြီးလွန်းရင် ဘယ်လိုအခြေအနေတွေဖြစ်တယ်
ဆိုတာကိုလည်း ပညာပေးအဖြစ် ခုခေတ်လူငယ်တွေကြား ထိုးဖောက် နိုင်လောက်တဲ့ ဇာတ်ကွက်
တွေနဲ့ တင်ဆက်ထားတာမို့ ဒီဇာတ်ကားကနေ ယူတတ်ရင် ပညာလည်းရမယ်လို့ ထင်ပါတယ်။

ထိုင်းနိုင်ငံမှာအပြင် မြန်မာပရိသတ်တွေပါ ကြည့်ရှုအကြိုက်တွေ့ နေမယ့် ဒီဇာတ်ကားကို
ထိုင်းရုပ်ရှင် ဒါရိုက်တာ Poj Arnon က ရိုက်ကူးထားတာဖြစ်ပြီး ကျောင်းသားလူငယ်လေး
ခုနစ်ယောက်ကို အဓိကဇာတ် ကောင်များအဖြစ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ ဖြန့်ချိရက်ကို ဒီဇင်ဘာ ၂၆ ရက်နေ့လို့ သတ်မှတ်ထားပေမယ့် ရှေ့ဆောင်နဲ့
တော့ပ်ရွိုင်ရယ် ရုပ်ရှင် ရုံတွေမှာ နိုဝင်ဘာ တတိယပတ်ကတည်းက စတင်ရုံတင်ထားပြီး
လက်မှတ်ရဖို့ခက်တဲ့အထိ ပရိသတ်တွေ ကျိတ်ကျိတ်တိုး အားပေးနေကြပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်