ဇာတိရွာကို အနုပညာနဲ့ ကျေးဇူးဆပ်လိုက်တဲ့ ပန်းချီခင်ဇော်လတ်

ပန်းချီခင်ဇော်လတ်ကို သူ့ရဲ့ပြခန်းမှာ ချိတ်ဆွဲပြသထားတဲ့ ကလေးပန်းချီကား ၁၂ ကားရှေ့မှာ ဇန်န၀ါရီလ ၁၇ ရက်နေ့က တွေ့ရစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)ပန်းချီခင်ဇော်လတ်ကို သူ့ရဲ့ပြခန်းမှာ ချိတ်ဆွဲပြသထားတဲ့ ကလေးပန်းချီကား ၁၂ ကားရှေ့မှာ ဇန်န၀ါရီလ ၁၇ ရက်နေ့က တွေ့ရစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

ပြင်ပက အလင်းရောင် သိပ်အများကြီးမရပေမယ့် ပန်းချီခင်ဇော်လတ်ရဲ့ မကျဉ်းမကျယ်ပြခန်းလေး
ဟာ မျက်နှာကြက်မြင့်မြင့်နဲ့ သပ်သပ်ရပ်ရပ်ရှိလှပါတယ်။

ပြခန်းရဲ့နေရာ တစ်ဝက်လောက်ကိုတော့ သနပ်ခါးပါးကွက်ကြားကလေးတွေ၊ ဟောင်းစုတ်နေပြီ
ဖြစ်တဲ့ ဦးထုပ်ကို ခေါင်းလုံရုံဆောင်းထားတဲ့ ၁၀ နှစ် ၀န်းကျင်ကလေးငယ်တွေက နေရာယူထား
ကြပါတယ်။

အဲဒီကလေးတွေဟာ အဆော့သန် စကားများလှတဲ့ တကယ့်သက်ရှိ ကလေးတွေတော့ မဟုတ်
ကြပါဘူး။

ပန်းချီခင်ဇော်လတ်ရဲ့အခဲရဲလစ်ပန်းချီ ကား ၁၂ ကားထဲက ပုံရိပ်တွေပဲဖြစ်ပါတယ်။

အဲဒီကလေးတွေထဲမှာ ဈေးရောင်းသူတွေလည်း ပါဝင်သလို တောင်းရမ်းစားသူတွေလည်း ပါဝင်ပါ
တယ်။

တချို့ကတော့ မျှော်လင့်ချက်မဲ့တဲ့ မျက်ဝန်းအရောင်ဖျော့ဖျော့တွေနဲ့ တချို့ကတော့ လောကဓံကို
ထီမထင် ဟန်နဲ့ မျက်နှာပေးက ခပ်မာမာလေးဖြစ်နေကြတာကို ပန်းချီဆရာက ထိထိမိမိ တင်ပြ
ထားပါတယ်။

ပန်းချီခင်ဇော်လတ်ဟာ သူသွားလေရာမှာ မြင်တွေ့ရတဲ့ဘ၀အခြေအနေ ချို့တဲ့လှတဲ့ ကလေးငယ်
တွေရဲ့ ပုံရိပ်တွေကို ပန်းချီကားများအဖြစ် ဖန်တီးပြီး ရန်ပုံငွေပန်းချီပြပွဲအဖြစ် သံလွင်လမ်းထဲက
သူ့ကိုယ်ပိုင် KZL အနုပညာပြခန်းမှာ ဇန်န၀ါရီလ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ပြသခဲ့တာ
ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်ကုန်ပိုင်းမှာ မန္တလေး၊ လပွတ္တာနဲ့ ချောင်းသာဘက်ကို အလည်သွားဖြစ်ရင်း အမှတ်မထင်
ဆုံမိခဲ့တဲ့ လမ်းပေါ်က ကလေးတွေဟာ သူ့ကို ဒီပန်းချီကားတွေဖန်တီးဖို့ စိတ်ကူးဖြစ်စေခဲ့တာလို့
ခင်ဇော်လတ်က ပြောပြပါတယ်။

ဘ၀ပေးအခြေအနေကြောင့် အရွယ်မတိုင်သေးခင်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်
ထူထောင်နေရတဲ့ လမ်းပေါ်က ဈေးသည်ကလေးတွေကို အတွဲလိုက် ပန်းချီဆွဲကားတွေ ရေးပြီး
တစ်နေ့မှာ ပြပွဲလုပ်ဖို့စိတ်ကူးဟာ အဲဒီအချိန်ကတည်းက ရှိနေခဲ့တာလို့လည်း သူက ဆိုပါတယ်။

သူ့စိတ်ကူးကို အလျင်စလို အကောင်အထည်ဖော်ဖို့ တွန်းအားပေးလိုက်တာ က ၂၀၁၃ ခုနှစ်၊
ဒီဇင်ဘာ ၃၀ ရက်နေ့မှာ သူ့ရဲ့ဇာတိရွာဖြစ်တဲ့ လပွတ္တာမြို့ နယ် ကံဘဲ့ကျေးရွာမှာ ရာပေါင်းများစွာ
သော မိသားစုတွေကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တဲ့ မီးလောင်မှုပဲ ဖြစ်ပါတယ်။

"ပြပွဲကို အခုလို မြန်မြန်ဆန်ဆန် ကျင်းပဖြစ်ဖို့တော့ အစီအစဉ်မရှိပါဘူး။ ကိုယ်နေခဲ့တဲ့ ကံဘဲ့
ကျေးရွာလေးမှာ မီးဘေးဖြစ်သွားတယ်။ အိမ်ခြေ ၂၃၀ လောက် မီးလောင် ပျက်စီးသွားတယ်။
မီဘေးသင့် ရွာသားတွေက ဘုန်းကြီး ကျောင်းတွေမှာ နေရပြီး စားဖို့သောက်ဖို့တောင် သူများက
လှူဒါန်းရတယ်။ ကိုယ်မွေးခဲ့တဲ့ရွာ၊ ကျောင်းတက်ခဲ့တဲ့ ရွာမှာ တစ်ခုခုပြန်လုပ်ပေးရင် ကောင်းမယ်
ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲလေးလုပ် ဖြစ်တာပါ"လို့ ဇန်န၀ါရီလ ၁၇ ရက်နေ့၊ နေ့လယ်ပိုင်းမှာ ပြပွဲ
အတွက် ပန်းချီကားတွေကို ချိတ်ဆွဲပြီးခါစ မောမောပန်းပန်း ဖြစ်နေတဲ့ ခင်ဇော်လတ်က ချွေးတွေ
သုတ်ရင်း ပြောပြပါတယ်။

မီးဘေးကြုံရသူတွေအတွက် ရည်ရွယ်ကျင်းပတဲ့ ပွဲလေးဖြစ်တာကြောင့် ပြပွဲဖိတ်စာကိုလည်း
မီးကျွမ်းနေတဲ့ပုံစံမျိုး ပန်းချီဆရာက ဖန်တီးခဲ့ပါတယ်။

ပြပွဲဖွင့်ပွဲကိုတော့ ၁၇ ရက်နေ့ ညနေပိုင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ဘ၀အတွက် ရုန်းကန်ရတဲ့
ကလေးတွေရဲ့ ပုံတွေကို ရေးဆွဲတာဟာ အနာဂတ်ရဲ့ ရင်သွေးငယ်တွေဟာ မဖြစ်မနေသင်ယူရမယ့်
ပညာရေးနဲ့ အလှမ်းဝေးနေဆဲဆိုတာကို မီးမောင်းထိုးပြချင်တာကြောင့်လို့လည်း သူက ဆိုပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ခင်ဇော်လတ်ဟာ အလယ်တန်းအထိ ဇာတိဖြစ်တဲ့ ကံဘဲ့ကျေးရွာက
စာသင်ကျောင်းမှာ ဆည်းပူးခဲ့ပေမယ့် အထက်တန်းပညာကိုတော့ ရန်ကုန်မှာ သင်ယူခဲ့တာဖြစ်ပါ
တယ်။

အဲဒီနောက်မှာတော့ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်အထိ ယဉ်ကျေးမှုတက္ကသိုလ်မှာ ပန်းချီပညာ
သင်ယူခဲ့တာဖြစ်ပါတယ်။

ပန်းချီဆရာဖြစ်စကတော့ ကိုယ်ကာယပုံပန်းသဏ္ဌာန်တွေကို စိတ်ဝင်စားတာကြောင့် ဘုရားပုံတွေနဲ့
ဘုရားမျက်နှာတွေကို တောက်လျှောက်ဆွဲ ဖြစ်ခဲ့ပေမယ့် သုံးနှစ်လောက်ရှိလာတဲ့ အခါမှာတော့
ငြီးငွေ့လာတယ်လို့ ပြောပြပါတယ်။

အဲဒီမှာပဲ လူအုပ်ကြီး ရှေ့ဆီတရွေ့ရွေ့နဲ့ သွားလာနေတာကို တွေ့လိုက်ရတဲ့နောက်မှာ အဲဒီ
အကြောင်းအရာဟာ သူ့ကိုဆွဲဆောင် ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုပဲ သုံးနှစ်လောက် ဆွဲပြီးအခါ အဲဒီအကြောင်းအရာအပေါ် ရိုးလာချိန်မှာ လမ်းပေါ်က ကလေး
တွေနဲ့ ဆုံဖြစ်ရာကနေ ဘ၀အထွေထွေကို ပြောပြနေတဲ့ ကလေးတွေရဲ့ မျက်နှာတွေကို ဖန်တီး
ဖြစ်နေတာ ခုချိန်ထိပါပဲလို့ ခင်ဇော်လတ်က ပြောပြပါတယ်။

"တချို့ကလေးတွေ တောင်းရမ်း စားသောက်နေရတာ တွေ့ရတာ စိတ်မကောင်းဘူး။ မိဘရှိရက်နဲ့ကို
ဒီလိုမျိုး အလုပ်လုပ်ခိုင်းထားတာကို တွေ့ရတယ်။ အဲဒီလိုကလေးတွေ လမ်းမပေါ်မှာ အများကြီး
တွေ့ရတယ်။ တစ်နေ့မှာ လူကြီးတွေ ဖြစ်လာကြမယ့် သူတို့တစ်တွေဟာ ခုချိန်မှာ ပညာမဆည်းပူး
ရဘူးဆိုရင် ကိုယ့်နိုင်ငံအတွက် ကောင်းဖို့အခြေအနေ မရှိပါဘူး။ ဒါတွေကို လူတွေ သတိထားမိ
အောင် သူတို့ဘ၀လေးတွေကို ပန်းချီနဲ့ ပုံဖော်ခဲ့တာပါ"လို့ ပန်းချီခင်ဇော်လတ်က ပြောပါတယ်။

ခရီးသွား ဧည့်သည်တွေနောက် တစ်ကောက်ကောက်လိုက်ရင်း အာပေါက်အောင် ပြောရောင်းရတဲ့
ပို့စ်ကတ်သည် ကလေးတွေ၊ မနက်ခင်းသောင်စပ်ပေါ် ရိုက်ခတ်လာတဲ့ လှိုင်းကြီးတွေ ပြန်အကျမှာ
တင်ကျန်ရစ်တဲ့ ခရုခွံလှလှတွေ ကောက်သီရင်း ခရုခွံရောင်းပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့
ကလေးတွေ အစရှိသဖြင့် ကလေးတွေရဲ့ လှုပ်ရှားမှုအမျိုးမျိုးကို ပန်းချီကား ၅၀ ခန့်ရေးဆွဲပြီး စုစည်း
ချိတ်ဆွဲပြသဖို့ စိတ်ကူးထားပေမယ့် အလျင်စလို ကျင်းပလိုက်ရတဲ့ မီးဘေးရန်ပုံငွေ ပန်းချီပွဲအတွက်
ဆွဲပြီးစ ကလေးပန်းချီကား ၁၂ ကားသာ ချိတ်ဆွဲပြသနိုင်ခဲ့ပါတယ်။

နောက်ထပ်ပြသခဲ့တာတွေကတော့ ဗုဒ္ဓပုံရိပ်ပန်းချီကား ခြောက်ကားနဲ့ လူအုပ်စုကြီး ရှေ့ကိုရွေ့လျား
သွားနေပုံကို ဆွဲထားတဲ့ 'ရှေ့သို့' လို့အမည်ပေးထားတဲ့ ပန်းချီကားလေးကားပဲ ဖြစ်ပါတယ်။

မီးဘေးဒုက္ခကြောင့် အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးသွားရပေမယ့် ဘ၀ကို ရှေ့ဆက်နေရဦးမှာပဲ
ဆိုတာကို သရုပ်ဖော်ထားတဲ့ 'ရှေ့သို့' ပန်းချီကား လေးကားတွဲကိုတော့ ပြပွဲမှာ လေလံတင်ခဲ့ပြီး
ပြပွဲဖွင့်ပွဲနေ့မှာပဲ အမေရိကန် ဒေါ်လာ ၈,၀၀၀ လေလံပေးသူရှိခဲ့ပြီး နောက်ဆုံးမှာတော့
ဒေါ်လာ ၈,၅၀၀ နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

ကျန်တဲ့ ကလေးပန်းချီကားတွေကိုတော့ တစ်ကားကို ဒေါ်လာ ၁,၀၀၀ စီ သတ်မှတ်ထားပြီး
ပန်းချီကားရောင်းရ ငွေအားလုံးကို ကံဘဲ့ရွာက မီးဘေးသင့် ပြည်သူတွေအတွက် လိုအပ်မယ့်အရာ
တွေကို ဖြည့်ဆည်း လှူဒါန်းသွာမယ်လို့ ခင်ဇော်လတ်က ဆိုပါတယ်။

"အခုဆို ပွဲရှိတဲ့အတွက်ကြောင့် ဘုရားပုံတွေ ဆွဲနေရပေမယ့် ကလေးတွေ ပုံဆွဲရတာလောက်
အားမရဘူး။ လတ်တလော စိတ်ဝင်စားနေတာကလည်း ကလေးတွေဆိုတော့ ကလေးတွေရဲ့
ပန်းချီကို ဆွဲရတာ ပိုပြီးလေးနက်တယ်၊ အားရတယ်လို့ ခံစားမိတယ်"လို့လည်း လပွတ္တာသား
ပန်းချီဆရာ က လတ်တလော သူ့ခံစားချက်ကို ပြောပြပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်