ကွယ်လွန်သွားပြီးမှ တစ်ကိုယ်တော်ပြပွဲ ကျင်းပခွင့်ရတဲ့ ကာတွန်းဆရာကြီး ဦးဖေသိန်း

ပြပွဲမှာ ဆရာကြီးဦးဖေသိန်းရဲ့ လက်ရာတစ်ခုကို NLD အဖွဲ့ နာယကကြီးဖြစ်တဲ့ ဦးတင်ဦးမှ ကြည့်ရှုနေစဉ်။ သီရိလု/မြန်မာတိုင်း(မ်)ပြပွဲမှာ ဆရာကြီးဦးဖေသိန်းရဲ့ လက်ရာတစ်ခုကို NLD အဖွဲ့ နာယကကြီးဖြစ်တဲ့ ဦးတင်ဦးမှ ကြည့်ရှုနေစဉ်။ သီရိလု/မြန်မာတိုင်း(မ်)

ကာတွန်းဆရာကြီး ဦးဖေသိန်းလို့ ပြောလိုက်ရင် နိုင်ငံရေးသတင်းကာတွန်းများကို ထိထိမိမိ ရေးဆွဲ
ရာမှာ ပြောင်မြောက်သူတစ်ယောက်လို့ ကြားဖူးနားဝရှိကြမှာဖြစ်ပေမယ့် ဆရာကြီးရဲ့ တစ်ကွက်စာ
ကာတွန်းနဲ့ ရုပ်ပြတွေကို ယနေ့ခေတ် လူငယ်တော်တော်များများ မြင်ဖူး၊ ဖတ်ဖူးကြတော့မှာ
မဟုတ်ပါဘူး။

ဆရာကြီးဟာ ၁၉၈၈ ခုနှစ်ကစပြီး ကာတွန်းရေးဆွဲခွင့် ပိတ်ခံခဲ့ရတာကြောင့် သူ့ရဲ့ ထေ့ထေ့ငေါ့ငေါ့
နဲ့ ခေတ်စနစ်ကို သရော်လှောင်ပြောင်တဲ့ အဖိုးတန်ကာတွန်းတွေဟာ သတင်းစာ ဂျာနယ်တွေမှာ
နေရာမပေးဝံ့ ဖြစ်ခဲ့ရပါတယ်။

ခေတ်ကာလက ဘယ်လောက်ပဲ ဖိနှိပ်ထားပါစေ ကာတွန်းဆရာအဖြစ် အစဉ်တစိုက် ရဲရဲဝံ့ဝံ့
ရပ်တည်ခဲ့တဲ့ ကာတွန်းဦးဖေသိန်းရဲ့ သတင်းကာတွန်း၊ တစ်ကွက်ကာတွန်း၊ စာမဲ့ကာတွန်း၊ ပုံပမာ
ကာတွန်းဇာတ်လမ်းများနဲ့ လူငယ်များအတွက် နိုင်ငံတကာပုံပြင် ဇာတ်လမ်းတွေကို တစ်စုတစ်စည်း
တဲ့ ဖတ်ရှုလေ့လာခွင့်ရအောင် ဆရာကြီးရဲ့သမီးဖြစ်သူ မဇွန်ပွင့်က ဖခင်ဖြစ်သူမရှိတော့ပေမယ့်
'ကာတွန်းဖေသိန်း အသက်နှစ် ၉၀ အမှတ်တရပြပွဲ' ဆိုတဲ့အမည်နဲ့ ဆရာကြီးရဲ့လက်ရာတွေကို
ဖေဖော်ဝါရီ ၁ ရက် ကနေ ၃ ရက်နေ့အထိ ယောမင်းကြီးလမ်းမှာရှိတဲ့ Gallery 65 ပြခန်းမှာ ကျင်းပ
ပေးခဲ့ပါတယ်။

ပြပွဲမှာ ဆရာကြီး ဦးဖေသိန်းကိုယ်တိုင် ရေးဆွဲခဲ့တဲ့ ဦးဘဂျမ်း၊ ဦးအောင်ရှိန်စတဲ့ ကာတွန်းဆရာကြီး
တွေရဲ့ မူရင်းပုံတူပန်းချီများ၊ ဖဆပလခေတ် မြန်မာ့အလင်းသတင်းစာအတွက် ရေးဆွဲခဲ့တဲ့ ကာတွန်း
များနဲ့ ပုံပမာကာတွန်းများ အပါအ၀င် ကာတွန်းပေါင်း ၁၀၀ ကျော်ကို ချိတ်ဆွဲ ပြသခဲ့ပါတယ်။

"ကာတွန်း ဦးဖေသိန်းဟာ နိုင်ငံရေးကာတွန်း ဆရာဖြစ်တဲ့အတွက် နိုင်ငံရေးကာတွန်းကို အဓိက
ထားပြသတာ ဖြစ်ပါတယ်။ မူရင်း ကာတွန်းတွေကိုလည်း ပြည်သူတွေ ကြည့်လို့ရအောင်၊
ကာတွန်းချစ်သူတွေ လေ့လာလို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြသခဲ့ပါတယ်"လို့ သမီးဖြစ်သူ
မဇွန်ပွင့်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ခေတ်နဲ့ ဆီလျော်လွန်းပြီး ရယ်စရာလည်းကောင်း၊ ပညာလည်းရတဲ့ ၁၉၄၆ ခုနှစ်မှ
၁၉၈၀ နှောင်းပိုင်းထိ ရေးဆွဲခဲ့တဲ့ ကာတွန်းတွေကို ပြသခဲ့ရာမှာ တချို့ကာတွန်းတွေဟာ ယနေ့
ခေတ်လတ်တလောဖြစ်ပျက်နေတဲ့ အားကစားလောကနဲ့ နိုင်ငံရေးလောကမှ ချို့ယွင်းအားနည်း
ချက်များနဲ့လည်း တိုက်ဆိုင်ဆီလျော် နေသေးတာကို တွေ့ခဲ့ရပါတယ်။

"သူ့ရဲ့ကာတွန်းတွေကို အမေက သေသေချာချာ ထိန်းသိမ်းပေးထားလို့ အခုလို တစ်စုတစ်စည်း
တည်း ပြသနိုင်တာလည်း ဖြစ်ပါတယ်။

ကျွန်မတို့က လစဉ်ပုံပမာကာတွန်းတွေကို ကိုယ်တိုင် ထုတ်ဖြစ်တဲ့အတွက် စုစည်းထိန်းသိမ်းတဲ့
နေရာမှာ အားသာချက်ကလေးရှိသွားပါတယ်" လို့ လည်း မဇွန်ပွင့်က ပြောပြပါတယ်။

ပုံပမာ လစဉ်ကာတွန်းတွေကို ၁၉၇၀ ပြည့်နှစ်က စတင်ထုတ်ဝေခဲ့ပြီး ဆရာကြီး ကာတွန်းရေးဆွဲခွင့်
အပိတ်ခံရတဲ့ ၁၉၈၈ ခုနှစ်မှာ ပုံပမာထုတ်ဝေမှုလည်း ရပ်ဆိုင်းခဲ့ရပါတယ်။

ဆရာကြီးဟာ ရေးဆွဲခွင့်ပိတ်ပင်ခံရပေမယ့် အိမ်မှာပဲ နိုင်ငံရေးကာတွန်းတွေကို အေးအေးဆေးဆေး
ရေးဆွဲနေခဲ့တယ်လို့ ပြောပြပါတယ်။

သတင်းစာနဲ့ မဂ္ဂဇင်းတွေမှာ စာဖတ်ပရိသတ်တွေအတွက် ရယ်စရာကာတွန်းမျိုးစုံနဲ့ ဖျော်ဖြေပေး
နေတဲ့ ကာတွန်းဆရာ ဦးဖေသိန်း ဟာ ကာတွန်းပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ မရည်ရွယ်ခဲ့
ပါဘူး။

ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားနေရင်း ကျောင်းလခပေးဖို့ အတွက် အိုးဝေသတင်းစာကို
ကာတွန်းရေးဆွဲ ပေးပို့ရာကနေ ငွေရလွယ်မှန်းသိပြီး တက္ကသိုလ်ပညာကို လက်လွှတ်ကာ
ကာတွန်းဆရာတစ်ယောက် ဖြစ်လာခဲ့တယ်လို့ ပြပွဲမှာ ပြသထားတဲ့ ဆရာကြီးရဲ့ ကိုယ်ရေးအကျဉ်း
မှ သိရပါတယ်။

ဆရာကြီးဟာ ကွယ်လွန်သွားတဲ့ ၂၀၀၉ ခုနှစ် ဇွန်လအထိ တစ်ခါမှ တစ်ကိုယ်တော်ကာတွန်းပွဲ
မကျင်းပခဲ့ရပါဘူး။

၁၉၈၇ ခုနှစ်မှာ ကာတွန်း ဆရာတွေ စုပေါင်းပြီးလုပ်တဲ့ ကာတွန်းပွဲမှာ တစ်ကြိမ်သာ ပါဝင်ပြသခဲ့ဖူး
ပါတယ်။

ဒီပွဲဟာ သူ့ရဲ့ ပထမဆုံးအကြိမ် တစ်ကိုယ်တော်ပွဲဖြစ်ပါတယ်။ ဒါပေမဲ့ ဆရာကြီးကတော့
သူ့လက်ရာတွေကို တခမ်းတနား ချိတ်ဆွဲပြသထားတာကို တွေ့မြင်ခွင့် မရရှာတော့ပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်