စိန်ခေါ်မှုတွေကို ဖြတ်သန်းရင်း ချက်ထရီယမ်ဟိုတယ်ရဲ့ ပထမဆုံးမြန်မာ ဂျီအမ် ဖြစ်လာတဲ့ မမေမြတ်မွန်ဝင်း

ကြယ်ငါးပွင့်ဟိုတယ် ချက်ထရီယမ်မှာ တွေ့ရတဲ့ မမေမြတ်မွန်ဝင်း။ လွင်ကိုတိတ်/မြန်မာတိုင်း(မ်)ကြယ်ငါးပွင့်ဟိုတယ် ချက်ထရီယမ်မှာ တွေ့ရတဲ့ မမေမြတ်မွန်ဝင်း။ လွင်ကိုတိတ်/မြန်မာတိုင်း(မ်)

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး (ဟောင်း/လက်ရှိ) ဟီလာရီ
ကလင်တန်၊ ဂရမ်မီဆုရှင် အဆိုတော် ဂျေဆင်မရတ်တို့လို ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို သမိုင်းဝင်
ဧည့်သည်တွေအဖြစ် လက်ခံရရှိပြီးချိန်မှာ ရန်ကုန်မြို့က ကြယ်ငါးပွင့်ဟိုတယ် ချက်ထရီယမ်မှာ
ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။

အဲဒီအပြောင်းအလဲကတော့ ချက်ထရီယမ် ဟိုတယ်သက်တမ်းတစ်လျှောက် ဒီမတိုင်ခင် ဟိုတယ်
Nikko အဖြစ် ရပ်တည်ခဲ့ရာကစပြီး ဟိုတယ်ရဲ့ ၁၆ နှစ်တာ သက်တမ်းအတွင်းမှာ ပထမဆုံးမြန်မာ
လူမျိုးတစ်ဦးကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလက စတင်ပြီး GM အဖြစ် ခန့်အပ်လိုက်တာပဲ ဖြစ်ပါတယ်။

သူကတော့ ဟိုတယ်လုပ်ငန်းမှာ နှစ်ပေါင်း ၂၀ နီးပါး အတွေ့အကြုံရှိတဲ့ မမေမြတ်မွန်ဝင်းပဲ
ဖြစ်ပါတယ်။

အခုအခါမှာ ဟိုတယ်ရဲ့ ပထမဆုံးအမျိုးသမီး ဂျီအမ် ဖြစ်လာတဲ့ မမွန်က သူ့ရဲ့ကျွမ်းကျင်မှုဆိုင်ရာ
အသက်မွေးဝမ်းကျောင်းအလုပ်မှာ ယောက်ျား၊ မိန်းမဖြစ်မှုကြောင့်ဖြစ်စေ၊ ဘာ လူမျိုး၊ အသက်
အရွယ်ဆိုတဲ့ အကြောင်းအရာတွေနဲ့မှ ခွဲခြားမဆက်ဆံခံရစေဖို့ အထူးကြိုးစား အားထုတ်ခဲ့တာဟာ
သူ့ကို ဒီနေရာရောက် စေဖို့ ပံ့ပိုးပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"နိုင်ငံခြားသားတစ်ယောက် လုပ်နိုင်ရင် အစ်မ ဘာလို့မလုပ်နိုင်ရမှာလဲဆိုတဲ့စိတ် အစ်မမှာ
အမြဲတမ်းရှိတယ်။ လုပ်နိုင်ဖို့အတွက်ကတော့ ကိုယ်က အဘက်ဘက်က fit ဖြစ်ရမယ်၊ ကျွမ်းကျင်မှု
ရှိရမယ်၊ ဗဟုသုတများများ ရှိရ မယ်၊ စီမံခန့်ခွဲမှု၊ ဆုံးဖြတ်ချက်ချတတ်ဖို့ ဒါတွေကတော့ လိုအပ်ချက်
တွေ ရှိတာပေါ့လေ။ ဒီလူတစ်ယောက်လုပ်နိုင်လို့ရှိရင် နောက်လူတစ်ယောက်က ဘာဖြစ်လို့
မလုပ်နိုင်ရမှာလဲ" လို့ အသက်လေးဆယ် ၀န်းကျင်အရွယ် ရှိပြီး စမတ်ကျလှပတဲ့ မမွန်က
ယုံကြည်မှုအပြည့်ရှိတဲ့ ဟန်ပန်နဲ့ ပြောလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ သူထိုင်နေရာ ဟိုတယ်အပေါ်ဆုံးထပ်က ဧည့်ခန်းထဲကို ထိုင်းလူမျိုး ဧည့်သည်
တစ်ဦး ၀င်လာတာကြောင့် သွက်သွက်လက်လက် ထရပ်ပြီး ထိုင်းဘာသာစကားနဲ့ နှုတ်ဆက်လိုက်
ပါတယ်။

ပြီးတာနဲ့ ဧည့်ကြိုကောင်တာမှာ စနစ်တကျအလုပ်လုပ်နေကြတဲ့ ၀န်ထမ်းတွေကို ဝေ့ကြည့်လိုက်ပြီး
ပြုံးပြ လိုက်ပြန်ပါတယ်။

ပြီးတော့မှ စာရေးသူဘက် ပြန်လှည့်လိုက်ပြီး "ဒီတာဝန်ကြီး ယူထားတာ မကြာသေးဘူး။
သွေးတိုးနေပြီ"လို့ အရွှန်းစကား ဆိုရင်း အားပါးတရ ရယ်မောပါတော့တယ်။

ပွင့်လင်းတဲ့စိတ်ထားရှိပုံရတဲ့ ဂျီအမ်အသစ်က သူကိုယ်တိုင်ကလည်း အမျိုးသမီးတစ်ယောက်
ဖြစ်နေတာကြောင့် နိုင်ငံတကာက အမျိုးသမီး ဂျီအမ်တွေကို သဘောကျ၊ အားကျတဲ့သူ ဖြစ်တယ်
လို့လည်း ဆိုလိုက်ပါတယ်။

"Reginonal ကိုကြည့်မယ်ဆိုရင် ထိုင်းမှာလည်း အမျိုးသမီး ဂျီအမ် ရှိတယ်။ အမျိုးသမီး ဂျီအမ်
ရှိတယ်ကြားရင် အရမ်းသဘောကျတာ။ ဘာလို့လဲဆိုတော့ တစ်ကမ္ဘာလုံးကို ကြည့်မယ်ဆိုရင်
ဂျီအမ် ရာထူးတွေကို ယောက်ျားတွေက ၉၀ ရာခိုင်နှုန်းလောက် ကြီးစိုးထားတာ။ အဲလိုမျိုးဆိုရင်
မိန်းမတွေရော ဘာလို့မလုပ်နိုင်ရမှာလဲ။ စဉ်းစားမိတယ်။ မလေးရှားလည်း ရှိတယ်။ ဟောင်ကောင်
မှာလည်း ရှိတယ်။ တကယ့်ကို အကြီးဆုံးဆိုတဲ့ ဟိုတယ်မှာ။ သူတို့လည်း ကြိုးစားလို့ဖြစ်တယ်။
ငါတို့နိုင်ငံမှာရော ဘာလို့ မဖြစ်နိုင်ရမှာလဲဆိုပြီး တွေးမိတယ်" လို့ သူ့စိတ်ခံစားချက်ကို ပြောပြပါ
တယ်။

'ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တာပဲ' ဆိုတဲ့ စကားက နားထောင်လို့ကောင်းပေမယ့် တကယ်
အကောင်အထည်ဖော် ပြုလုပ်နိုင်ဖို့ဆိုတာ တကယ်တော့ မလွယ်ပါဘူး။ အထူးသဖြင့် နိုင်ငံတွင်းမှာ
အရာအားလုံး အမှောင်ချခံထားရတဲ့ခေတ်ကာလမှာ အရွယ်ရောက်ခဲ့တဲ့ သူ့အဖို့ ပိုလို့ခက်ခဲခဲ့ပါ
တယ်။

"၈၉၊ ၉၀၊ ၉၁ ခုနှစ်တွေတုန်းက အခွင့်အရေးတွေ အရမ်းနည်းတယ်။ မြန်မာပြည်မှာ ဘာမှကို
မရှိတာ။ အဲဒီအချိန်တုန်းက ကျောင်းတွေကလည်း ပိတ်လိုက်တယ်ဆိုတော့ လူတွေက
မျှော်လင့်ချက်မဲ့နေသလိုပဲ။ နှစ်လလောက် ပြန်ဖွင့်ပြီး အတိုင်းအဆမရှိ ပိတ်လိုက်ပြန်ရော။
လူတွေဆိုလည်း ဘာလုပ်လို့လုပ်ရမှန်း မသိဘူး။ အရွယ်ကလည်း အလုပ်လုပ်လို့ရတဲ့ အရွယ်
ရောက်နေပြီ။ ပညာရေးကလည်း တိုးလို့တန်းလန်း။ တော်တော်ဆိုးတဲ့ အချိန်ပဲ"လို့ သင်ယူဖို့
အကောင်းဆုံး အချိန်ဖြစ်တဲ့ လူငယ်ဘ၀ ဖြတ်သန်းရပုံကို ပြောပြပါတယ်။

အဲဒီအချိန်မှာပဲ ဆန်းမစ်ပါ့ခ်ဗျူး ဟိုတယ်ဖွင့်ဖို့အတွက် ၀န်ထမ်းတွေခေါ်တာမို့ ဘာလဲဆိုပြီး
စူးစမ်းချင်စိတ်နဲ့ အလုပ်သွားလျှောက်ဖြစ်ရာက ဟိုတယ်နယ်ပယ်ထဲ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

"ပြောရရင် ဒီဟိုတယ် နယ်ပယ်ထဲကို စမ်းတ၀ါးဝါးနဲ့ ရောက်လာတာ။ ၁၉၉၃ ခုနှစ်မှာ ဟိုတယ်
ဆိုတာကို လူအများစုက သွားလို့ မကောင်းတဲ့ နေရာလို့ထင်ကြတာ။ ရှိတာကလည်း Strand
ဟိုတယ်တို့၊ အင်းလျားလိတ်တို့ လောက်ပဲပေါ့။ ဒါပေမဲ့ မဂ္ဂဇင်းတွေဖတ်လို့ ဟိုတယ်တွေတွေ့ရင်
လှပပြီး ခန့်ညားနေတာပဲပေါ့။ အဲဒါနဲ့ ဘာလဲတော့ မသိဘူး။ စမ်းကြည့်မယ်ဆိုပြီး တကယ်
လုပ်ကြည့်တော့ သဘောကျသွားတယ်"လို့ သူ့ရဲ့ပထမဆုံး အတွေ့အကြုံကို ပြောပြပါတယ်။

"တကယ်လုပ်ကြည့်တော့မှ ဟိုတယ်ဆိုတာ စက်ရုံကြီးတစ်ရုံလိုပဲ။ လူတွေအများကြီးပဲ။ ၀န်ထမ်း
တွေကလည်း အများကြီး။ ဧည့်သည်တွေကလည်း အများကြီး။ ဒီမှာ ဒီဧည့်သည် တစ်ယောက်
check in ၀င်ဖို့ နောက်မှာလုပ်ရတဲ့ အစီအစဉ်တွေက အများကြီးပဲ။ ဧည့်ကြို ကောင်တာမှာ
ထိုင်နေကြတဲ့ ၀န်ထမ်းတွေဆိုတာ အရှေ့မှာ ကပြနေတဲ့ ဇာတ်ဆောင်တွေလေ။ သူတို့ရှေ့ကနေ
ကပြနိုင်ဖို့ နောက်ကွယ်ကနေ လုပ်ရတဲ့သူတွေက အများကြီးပဲ။ အဲဒါကို တဖြည်းဖြည်းနဲ့
သိလာတော့ အရမ်းသဘောကျသွားတယ်။ တကယ့်ကို စိန်ခေါ်မှုကြီးတယ်ဆိုပြီး ဒီထဲမှာပဲ
ဆက်နေဖြစ်သွားတယ်"လို့လည်း ဆက်ပြောပါတယ်။

ခက်ခဲတယ်ဆိုပေမယ့် 'ကြိုးစားရင် ဖြစ်တယ်' ဆိုတာကို သက်သေပြနိုင်တဲ့သူတွေထဲမှာ မမွန်
ကိုလည်း စာရင်းသွင်းရမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ် ၂၀ နီးပါးက ဆန်းမစ်ပါ့ခ်ဗျူးဟိုတယ်မှာ စင်ကာပူလူမျိုး စာရင်းအင်းဌာနအရာရှိ
အတွက် အတွင်းရေးမှူး တာဝန်ယူခဲ့သူဟာ ခုဆိုရင် ကြယ်ငါးပွင့်ဟိုတယ်ကြီးရဲပဲ့ကိုင်မှူး တစ်ယောက်
ဖြစ်လာခဲ့ပါပြီ။

"အစ်မက ရာထူးသေးလို့၊ လခနည်းလို့ဆိုပြီး အဖြစ်သဘောထားပြီး အလုပ်လုပ်တာကို လက်မခံ
နိုင်ပါဘူး။ အဲဒီတော့ ဘာအလုပ်ပဲဖြစ်ဖြစ် စာရိုက်တဲ့အလုပ်ပဲဖြစ်ဖြစ်၊ ဖိုင်သိမ်းတဲ့ အလုပ်ပဲဖြစ်ဖြစ်
တန်ဖိုးထားပြီးလုပ်ခဲ့တယ်" လို့ အလုပ်အပေါ် သူ့ရဲ့ခံယူချက်ကို ပြောပြပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ Nikko ဟိုတယ်ကို ပြောင်းရွှေ့ခဲ့ပြီး Sale & Marketing ဌာနမှာ အလုပ်ဝင်
ခဲ့ရာမှာ စိန်ခေါ်မှုအသစ်တွေ အများကြီး ကြုံတွေ့ခဲ့ရသလို အဲဒီအရာတွေ ဖြေရှင်းရတာဟာလည်း
ခက်ခဲပေမယ့် အလုပ်အသစ်အပေါ် အရမ်းနှစ်သက်ခဲ့တယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်