ဘ၀တူတွေကို ဂုဏ်ယူ အားကျစေခဲ့တဲ့ မင်္ဂလာပွဲ

နှစ်ပတ်လည်မင်္ဂလာပွဲမှာ ပြုံးပျော်ရွှင်စွာ တွေ့ရတဲ့ ကိုမျိုးမင်းထက်နဲ့ ကိုတင်ကိုကို တို့နှစ်ဦး။ ဘူးသီး/မြန်မာတိုင်း(မ်)နှစ်ပတ်လည်မင်္ဂလာပွဲမှာ ပြုံးပျော်ရွှင်စွာ တွေ့ရတဲ့ ကိုမျိုးမင်းထက်နဲ့ ကိုတင်ကိုကို တို့နှစ်ဦး။ ဘူးသီး/မြန်မာတိုင်း(မ်)

သာမန်ချစ်သူ စုံတွဲတွေအတွက် မင်္ဂလာပွဲ ဆင်နွှဲပြီးခါစကာလဟာ ပျော်ရွှင်စရာ၊ ရင်ခုန်စရာ၊
စိတ်အားတက်ကြွစရာ အကောင်းဆုံး အချိန်ပဲ ဖြစ်မှာပါ။

ဒါပေမဲ့ အမျိုးသားချစ်သူစုံတွဲဖြစ်တဲ့ ကိုမျိုးမင်းထက်နဲ့ ကိုတင်ကိုကိုတို့ ကတော့ သူတို့လက်တွဲခဲ့တဲ့
၁၀ နှစ်ပြည့်အထိမ်း အမှတ် မင်္ဂလာပွဲအပြီးမှာ ပျော်ရွှင်ရင်ခုန်နေရ မယ့်အစား ၀မ်းနည်းမှုတွေ၊
စိုးရိမ်မှုတွေကိုသာ ခံစားနေရပါတယ်။

ပြည်တွင်းမှာ ပထမဆုံး လူသိရှင်ကြား ကျင်းပတာလို့ ဆိုနိုင်တဲ့ သူတို့ရဲ့မင်္ဂလာပွဲဟာ ပွဲမတိုင်ခင်
ကတည်းက လူအများကို အထူး စိတ်ဝင်စားမှုပိုစေခဲ့ပြီး အားပေးထောက်ခံမှုတွေ လှိုင်ခဲ့သလို
ဝေဖန်သံတွေလည်း ဆူညံနေခဲ့တာပါ။

ဒီအခြေအနေမှာ ဂျာနယ်တွေကလည်း သူတို့အကြောင်းကို ပုံစံမျိုးစုံနဲ့ ရေးသားဖော်ပြကြတာ
ကြောင့် တစ်စုံတစ်ခုဖြစ်မှာ စိုးရိမ်တယ်လို့ ကိုတင်ကိုကိုက ပြောပါတယ်။

"ကျွန်တော်တို့က ဟီးရိုးဖြစ်ချင်လို့လည်း မဟုတ်ပါဘူး။ ကိုယ့်ဟာကိုယ်လေးပဲ အေးအေးဆေးဆေး
နေချင်တာပါ" လို့လည်း ကိုတင်ကိုကိုက ဆိုပါတယ်။

သူတို့အကြောင်းကို လူပြောများနေတာကြောင့် ကာယကံရှင်နှစ်ဦးဟာ လက်ရှိမှာ စိုးရိမ်ပူပန်ကြ
ပေမယ့် မတ်လ ၂ ရက်နေ့က Excel ဟိုတယ်မှာ ကျင်းပခဲ့တဲ့ သူတို့ရဲ့အမှတ်တရပွဲလေးကိုတော့
အပြုံးပန်းတွေ၊ ရယ်မောသံတွေ၊ လက်ခုပ်သံတွေကြားမှာ ကြည်နူးပျော်ရွှင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

ကော်ဇောနီပေါ် တစ်လှမ်းချင်း လျှောက်လှမ်းလာတဲ့ ကိုတင် ကိုကိုနဲ့ ကိုမျိုးမင်းထက်တို့ ချစ်သူစုံတွဲ
ဟာ ပီတိအပြုံးတွေ အချင်းချင်းဖလှယ်ရင်း မနက်ဖန်ပေါင်းများစွာကို အတူတူစိန်ခေါ်တိုက်ပွဲဝင်ဖို့
အတွက် တစ်ဦးလက်ကိုတစ်ဦး တင်းတင်းဆုပ်ကိုင်ထားခဲ့ကြပါတယ်။

မင်္ဂလာလက်စွပ်ဗန်း။ ဘူးသီး/မြန်မာတိုင်း(မ်)မင်္ဂလာလက်စွပ်ဗန်း။ ဘူးသီး/မြန်မာတိုင်း(မ်)

အ၀ါရောင်မြန်မာဝတ်စုံကို ဆင်ယင်လို့ ကနွဲ့ကလျကိုယ်ဟန်လေးနဲ့ ဣနြေ္ဒရစွာ တစ်လှမ်းချင်း
လျှောက်လာတဲ့ ပန်းကြဲသူလေးရဲ့ ဦးဆောင်မှုနောက်ကနေ ချစ်သူနှစ်ဦးဟာ မောင့်ကျက်သရေ
ခေါင်းပေါင်း၊ တိုက်ပုံနဲ့ တောင်ရှည်ပုဆိုးတွေကို ဆင်တူ ၀တ်ဆင်လို့ လက်ချင်းမြဲမြံစွာဆုပ်ကိုင်ရင်း
ပွဲဝင်လာတဲ့မြင်ကွင်းကတော့ ပရိသတ်အားလုံး အတွက် သူတို့ဘ၀တစ်လျှောက်မှာ
အဆန်းကြယ်ဆုံး မြင်ကွင်းတစ်ခု ဖြစ်ခဲ့ပါလိမ့်မယ်။

ပွဲလာတဲ့ပရိသတ်တွေအားလုံးဟာ တစ်ဦးနဲ့ တစ်ဦး တိုင်ပင်ထားကြသလို တစ်ပြိုင်နက်တည်း
မင်္ဂလာမောင်နှံ ဖြတ်လျှောက်မယ့် ကော်ဇောနီရဲ့ တစ်ဖက်တစ်ချက်စီကို စုပြုံသွားပြီး ချစ်သူနှစ်ဦးရဲ့
ပုံရိပ်တွေကို အပြိုင်အဆိုင် သူ့ထက်ငါ တစ်ဖျတ်ဖျတ်နဲ့ ဓာတ်ပုံရိုက်ယူ ကြပါတယ်။

လိင်တူချစ်သူနှစ်ဦးရဲ့ ၁၀ နှစ်ပြည့် သံဖြူရတုမင်္ဂလာပွဲလေးက တကယ့်ကို နာမည်ကျော်တယ်ဆိုတဲ့
မင်းသားမင်းသမီးတွေရဲ့ မင်္ဂလာပွဲတွေထက်တောင် ကင်မရာအရောင်တွေ တလက်လက်နဲ့
လူအများရဲ့ စိတ်ဝင်စားမှုကို သိမ်းကျုံးယူသွားခဲ့တာပါ။

သူတို့စုံတွဲရဲ့ နောက်မှာတော့ အရံတွေဖြစ်တဲ့ အမျိုးသားငယ်လေး စုံတွဲသုံးတွဲတို့ကလည်း ဆင်တူ
တိုက်ပုံ၊ ပုဆိုးတို့ ၀တ်ဆင်ပြီး တစ်ဦးကို တစ်ဦး လက်ချင်းတွဲလို့ မင်္ဂလာခါတော်ပေးသံစဉ်နဲ့
ကော်ဇောနီပေါ် လျှောက်လှမ်းလာတဲ့ မြင်ကွင်းက သာမန်ကနေ ကွဲထွက်နေတာကြောင့် ပွဲတက်
လာသူတွေအတွက် တစ်သက်မမေ့နိုင်စရာမြင်ကွင်း ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။

လိင်တူချစ်သူစုံတွဲရဲ့ မင်္ဂလာအခါသမယဖြစ်တာကြောင့် မင်္ဂလာခန်းမတစ်ခုလုံးမှာလည်း အရောင်
အသွေးစုံလင်စွာ ဆင်ယင် ခြယ်သထားတဲ့ ဘ၀တူအသိုင်းအ၀ိုင်း တော်တော်များများနဲ့ ပြည့်နှက်
လို့ နေပါတယ်။

တချို့က တကယ့်ကိုအားပေးကြတဲ့သူတွေ ရှိသလို တချို့တလေကျတော့လည်း အမျိုးသား နှစ်ဦးရဲ့
မင်္ဂလာပွဲဖြစ်တာကြောင့် အထူးအဆန်းလို ကြည့်ရှုကြတာတွေလည်း ရှိပါတယ်။

ပွဲမထွက်ခင် ပြင်ဆင်နေစဉ်။ ဘူးသီး/မြန်မာတိုင်း(မ်)ပွဲမထွက်ခင် ပြင်ဆင်နေစဉ်။ ဘူးသီး/မြန်မာတိုင်း(မ်)

ဒါပေမဲ့ ဆလိုက်မီးတွေကြားထဲမှာ ပြုံးပျော်နေတဲ့ မင်္ဂလာစုံတွဲကိုကြည့်ပြီး အားလုံးလည်း ပျော်ရွှင်
နေကြပါပြီ။

အဲဒီထဲမှာမှ မြန်မာဝတ်စုံအ၀ါ ရောင်တောက်တောက်ကို ၀တ်ဆင်ထားပြီး ချစ်သူနဲ့အတူ ပွဲတက်
လာတဲ့ မိတ်ကပ်ကိုလှမျိုးက သူ့အတွက် ဒီပွဲလေးက အရမ်းကိုဂုဏ်ယူအားကျမိတဲ့ မင်္ဂလာပွဲလေး
ဖြစ်တယ်လို့ ဆိုပါတယ်။

"ကျွန်မတို့လောကမှာဆိုရင် တီဗီဖန်သားပြင်ပေါ်ကို စရောက်ပြီး လူတွေလက်ခံတာ မကြီးစန်း ပေါ့။
အခုဆိုရင် လိင်တူချစ်သူပိုင်းမှာ ပထမဦးဆုံး ခမ်းခမ်းနားနား တရားဝင် မင်္ဂလာဆောင်တာ သူတို့
စုံတွဲလည်း တိုးလာပါပြီ။ သူတို့အတွက် အရမ်းလည်းဂုဏ်ယူသလို ထပ်တူထပ်မျှ ၀မ်းလည်းသာ
တယ်"လို့ အ၀ါရောင်ဖဲသားတောက်တောက်ကို နောက်ကွဲ လည်ဟိုက်ပုံစံချုပ်လို့ အ၀ါရောင်
ချိတ်ထဘီလေးနဲ့ မိန်းမဆန်ဆန်လှနေတဲ့ မိတ်ကပ် ကိုလှမျိုးက ပြောပါတယ်။

သူကိုယ်တိုင်လည်း သူ့အမျိုးသားနဲ့ လိင်တူ ချစ်သူစုံတွဲတွေအဖြစ် နှစ်ဦးသဘောတူပေါင်းသင်း
နေထိုင်ခဲ့တာ ရှစ်နှစ်ကျော်ရှိသွားပြီလို့လည်း ပြောပြပါတယ်။

သူ့မိတ်ဆွေတွေဖြစ်တဲ့ ကိုမျိုးမင်းထက်နဲ့ ကိုတင်ကိုကိုတို့ရဲ့ အမှတ်တရပွဲကို ကြည့်ပြီးတော့ သူတို့
စုံတွဲအနေနဲ့ ရှေ့ဆက်လျှောက်ဖို့ သတ္တိတွေအများကြီးရလာသလို မင်္ဂလာပွဲကိုလည်း နောက်နှစ်ထဲ
မှာ လုပ်နိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။

"လောကကြီးမှာ လူဆိုတာက ပခုံးနှစ်ဖက်ကြားက ခေါင်းထွက်လာတာချည်းပဲလေ။ လူ့ အသိုင်း
အ၀ိုင်းထဲမှာ လူရယ်လို့သတ်မှတ်နိုင်အောင်လို့ ဂေးလ်ပဲဖြစ်ဖြစ်၊ ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ်
ပေါ့နော်။ လူတိုင်းက နေရာတစ်ခုရအောင် ကြိုးစားရုန်းကန်ရတယ်။ ကျွန်မတို့ကျတော့ နေရာတစ်ခု
ရအောင် ခက်ခက်ခဲခဲကြိုးစားရပြီးတော့ လူတိုင်းက လက်ခံလာအောင် နေထိုင်ရတာပေါ့နော်။
အလွှာပေါင်းစုံနဲ့ ပေါင်းသင်းဆက်ဆံရတာဖြစ်တာကြောင့် အမှားနည်းအောင်၊ ဒေါသစိတ်ကင်း
အောင် မသိစိတ်ကဖြစ်ပေါ်လာတဲ့ အရာအားလုံးကိုတားဆီးပြီး အလိုက်အထိုက် နေထိုင်ကျင့်သုံးခဲ့
ရတယ်။ သူတို့လည်း ကိုယ်တွေလိုပဲဖြစ်မှာပါ။ သူတို့ကတော့ သူတို့ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်
ပြည့်သွားပြီပေါ့"လို့လည်း မိတ်ကပ် ကိုလှမျိုးက ဆိုသလို အလားတူဂေးလ်စုံတွဲတွေ လွတ်လပ်စွာနဲ့
ထွက်ပေါ်လာနိုင်ဖို့ကိုလည်း အရမ်းမျှော်လင့်မိတယ်လို့ ပြောပါသေးတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်