စာလုံးပေါင်းပြိုင်ပွဲမှာတွေ့ရတဲ့ ကိုးနှစ် အရွယ် ကောင်မလေးရဲ့ ယှဉ်ပြိုင်မှု

သမီးလေး သူစိမ့်စိမ့်တိုး။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)သမီးလေး သူစိမ့်စိမ့်တိုး။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

သူစိမ့်စိမ့်တိုးဟာ အသက်ခပ်ငယ်ငယ်ကတည်းက အားလပ်ရက်တိုင်း မိဘတွေနဲ့အတူ ပြည်တွင်း၊
ပြည်ပကို အပန်းဖြေခရီးထွက်လေ့ရှိတာကြောင့် ခရီးသွားတာကို ကြိုက်နှစ်သက်လာပါတယ်။

တစ်ဦးတည်းသောသမီးဖြစ်တာကြောင့် သူ့ကို မိဘနှစ်ပါးကရော၊ ဆွေမျိုးတွေကပါ လိုလေသေးမရှိ
အကြိုက်ဆောင်ပေးကြပါတယ်။

ဒါကြောင့် သူစိမ့်စိမ့်တိုးဟာ သူရဲ့ ပန်းရောင်ဘာဘီအရုပ်ကလေးရော ကိုယ်ပိုင်စာကြည့်စားပွဲလေးနဲ့
အိပ်ခန်းလေးကိုပါ ဘယ်သူနဲ့မှ ဝေမျှစရာမလိုဘဲ တစ်ဦးတည်း စိတ်ကြိုက်အသုံးပြုခွင့်ရရှိသူလေး
ဖြစ်ပါတယ်။

ဒါပေမဲ့ သမီးငယ်လေး သူစိမ့်စိမ့်တိုးလေး ဟာ တစ်ဦးတစ်ယောက်တည်း သီးသန့်နေရတာကို
ကြိုက်နှစ်သက်သလို ကိုယ်ပိုင်အချိန် တော်တော်များများကိုလည်း စာဖတ်ခြင်းနဲ့ပဲ ကုန်ဆုံးလေ့
ရှိတယ်လို့ သူကလေးရဲ့ အမေဖြစ်သူရဲ့ ပြောပြချက်အရ သိရပါတယ်။

တိတိကျကျပြောရရင် အသက် ကိုးနှစ်အရွယ် သူစိမ့်စိမ့်တိုးဟာ စာဖတ်ခြင်းကို နှစ်သက်ပြီး
အထူးသဖြင့် အင်္ဂလိပ်စာလုံးပေါင်းသတ်ပုံတွေ၊ စနစ်တကျ အသံထွက်ပုံတွေကို ရှာဖွေလေ့လာရ
တာကို စိတ်ဝင်စားသူကလေးဖြစ်ပါတယ်။

မကြာခင်ကတော့ သူကြိုက်နှစ်သက်တဲ့ အရာနှစ်ခုကို တစ်ပြိုင်တည်းလုပ်ဆောင်နိုင်မယ့်
အခွင့်အရေးတစ်ခုကို ရရှိခဲ့ပါတယ်။

အဲဒါကတော့ သူတက်ရောက်နေတဲ့ ပုဂ္ဂလိကပိုင်ကျောင်းက ကျင်းပတဲ့ Championship Bee
2014 အင်္ဂလိပ်စာ စာလုံးပေါင်းစွမ်းရည်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး အမြင့်ဆုံးဆု ရရှိတဲ့အခါ
ဂျပန်နိုင်ငံမှာရှိတဲ့ ဒစ္စနေလန်းကို မိဘတွေနဲ့ အတူ သုံးရက်စရိတ်ငြိမ်း သွားရောက်လည်ပတ်နိုင်မယ့်
အခွင့်အရေးကို ရရှိမှာဖြစ်လို့ပါပဲ။

ပုဂ္ဂလိကကျောင်းတွေဖြစ်တဲ့ Total Learning Academy နဲ့ Brain Works Integrated School
တို့က ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် မြောက်စာလုံးပေါင်းစွမ်းရည်ပြိုင်ပွဲကို မတ်လ အစောပိုင်းက
ကမာရွတ်မှာရှိတဲ့ Total Learning Academy မှာ ပြုလုပ်ခဲ့တာပါ။

"ကလေးတွေကို အင်္ဂလိပ်စာ တစ်ခုတည်းမဟုတ်ဘဲ စာကိုသေသေချာချာ စနစ်တကျ လေ့လာ
တတ်တဲ့ အလေ့အကျင့်တွေပါ ရသွားစေဖို့ ရည်ရွယ်ပါတယ်"လို့ ပြိုင်ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့
ပတ်သက်လို့ Total Learning Academy မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

ကျောင်းခွဲပေါင်း ငါးကျောင်းကနေ အသက် ခြောက်နှစ်ကစလို့ ၁၄ အရွယ်အထိ ကလေးပေါင်း
၉၀ လောက် ပါဝင်ယှဉ်ပြိုင်တဲ့ Spelling Bee ပြိုင်ပွဲမှာ နိုင်ငံခြားသူ ဒိုင်က အသံထွက်ရွတ်ပေးတာ
ကို စာလုံးပြန်ပေါင်းပေးတဲ့အခါမှာ ကလေးတွေဟာ အသက်အရွယ်နဲ့ မမျှလောက်အောင်ကို
တော်ကြတာကို တွေ့ရပါတယ်။

အဲဒီထဲမှာ Speller နံပါတ် ၇၀ နဲ့ ၀င်ရောက် ယှဉ်ပြိုင်တဲ့ အသားဖြူဖြူ၊ မျက်မှန်လေးတပ်ထားတဲ့
သူစိမ့်စိမ့်တိုးလည်း အပါအ၀င်ပါ။

သူ့အနေနဲ့ ဆုံးဖြတ်ချက်ချထားတာကတော့ ချန်ပီယံဆုကို ရအောင်ယူပြီးတော့ မိဘနှစ်ပါးကို
နိုင်ငံခြားခရီးစဉ် ပို့ပေးဖို့ပါပဲ။

ဒါပေမဲ့ ဒစ္စနေးလန်းကိုသာ သွားခွင့်ရမယ်ဆိုရင် စင်ကာပူ၊ မလေးရှား၊ ဘန်ကောက်၊ ဟောင်ကောင်
နဲ့ ကိုရီးယားတို့ကို မိသားစုနဲ့ ရောက်ဖူးပြီးသားမို့ သူ့အတွက်တော့ ပထမဆုံးပြည်ပခရီးစဉ်တော့
မဟုတ်ပါဘူး။

"သူက သူ့စရိတ်နဲ့ ကျွန်မတို့ကို ပို့ပေးချင်တာပါ။ ဒါကြောင့် ချန်ပီယံရအောင် တော်တော်လေးကို
ကြိုးစားခဲ့ပါတယ်"လို့ သူ့အမေဖြစ်တဲ့ ဒေါက်တာ ခင်ဆန်းယုက ဆိုပါတယ်။

Championship Bee အဆင့်ကို ၀င်ရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် သူ့အနေနဲ့ ကျောင်းတွင်း
ရွေးချယ်တဲ့ Level Bee ၊ School Bee နဲ့ ကျောင်းပေါင်းစုံက ကလေးတွေနဲ့ ယှဉ်ပြိုင်ရတဲ့
International School Bee တို့ကို တစ်ဆင့်ချင်းစီ ဖြတ်ကျော်လာခဲ့ရတာပါ။

စာလုံးပေါင်းစွမ်းရည်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ကလေးများကို တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)စာလုံးပေါင်းစွမ်းရည်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ကလေးများကို တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

အခုအချိန်မှာတော့ ဒိုင်ကရွတ်ပြမယ့် စကားလုံးကို အလှည့်ကျပေါင်းဖို့အတွက် သူ့သူငယ်ချင်း
တွေနဲ့အတူ စင်မြင့်ထက်မှာ စောင့်ဆိုင်းလို့နေပါတယ်။

Round 2 ကို ယှဉ်ပြိုင်ပြီးတဲ့အထိ သူစိမ့်စိမ့်တိုးဟာ တည်တည်ငြိမ်ငြိမ်ဖြစ်လို့ နေပါသေးတယ်။

"အခုလိုမျိုး အဆင့်သုံးရောက်တဲ့အတွက် ထူးထူးခြားခြားတော့ မခံစားရပါဘူး"လို့လည်း လူကြီး
ကလေးလို ပြောလိုက်ပါသေးတယ်။

ဒါပေမဲ့ တဖြည်းဖြည်းနဲ့ Round 7 ကို ရောက်တဲ့အခါမှာတော့ သူ့ကျောင်းက သူငယ်ချင်းတွေ
မရှိတော့တာကြောင့် စိတ်လှုပ်ရှားစပြုလာတယ်လို့ ထင်ရပါတယ်။

တစ်ချိန်တည်းမှာပဲ စာလုံးပေါင်း ၁,၀၀၀ ကျော်ကို ရှစ်လကြာ ကျက်မှတ်ထားတာကြောင့်
သူ့အနေနဲ့ တည်ငြိမ်ဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးနေတဲ့ပုံလည်း ပေါ်နေပြန်ပါတယ်။

Round 8 ကိုရောက်လာပါပြီ။ သူ့အလှည့်လည်းရောက်လာတာကြောင့် စကားလုံးပေါင်းဖို့အတွက်
အဆင်သင့်အနေအထား ရှိနေပါတယ်။

"Speller 70၊ မင်း ပေါင်းရမယ့်စကားလုံးက.." နိုင်ငံခြားသူ ဒိုင်တစ်ဦး ဖြစ်တဲ့ Stephanie Drynan
က အစပျိုးလိုက်ပါတယ်။

"Sansei" ပါ။

"Sansei"လို့ သူစိမ့်စိမ့်တိုးက လိုက်ဆိုလိုက်ပါတယ်။ ပြီးတော့ သူစာလုံးပေါင်းရမယ့် စကားလုံးကို
စိတ်ကူးထဲမှာ ပုံဖော်ကြည့်နေပုံပါပဲ။ စင်မြင့်အောက်က သူ့မိခင် ရှိရာကို တစ်ချက်ကြည့်လိုက်
ပြီးတော့ ဝေခွဲမရသေးတဲ့ အမူအရာနဲ့ ဒိုင်ကို ထပ်မေးလိုက်ပါတယ်။

"ကျေးဇူးပြုပြီး အဓိပ္ပာယ်လေး သိပါရစေ"

"ရပါတယ်။ အဓိပ္ပာယ်က ဂျပန်နိုင်ငံမှာ မွေးပြီးတော့ အမေရိကန်နိုင်ငံမှာ ပညာသင်ကြားခဲ့ရတဲ့
ကလေးလို့ ခေါ်ပါတယ်"လို့ ဒိုင်က စိတ်ရှည်လက်ရှည် ရှင်းပြပါတယ်။

စင်မြင့်အောက်က မိခင်လုပ်တဲ့သူကလည်း သမီးဖြစ်သူအနေနဲ့ ဝေခွဲမရတာကို သိပုံရပါတယ်။
သေချာအာရုံစူးစိုက်လို့ ကြည့်နေပါတယ်။ "S-e-n-s-e-i" လို့ သူစိမ့်စိမ်းတိုး ပေါင်းလိုက်ပါပြီ။
ရုတ်တရက် ဒိုင်တွေရော၊ မိဘတွေအပြင် စင်ပေါ်က ကလေးတွေပါ တိတ်ဆိတ်သွားပါတယ်။

အဲဒီနောက်မှာတော့ ဒိုင်ဖြစ်တဲ့ Stephanie က "စိတ်မကောင်းပါဘူး။ မင်းရဲ့အဖြေမှန်က
S-a-n-s-e-i ပါ" အဖြေမှားသွားပါပြီ။ တစ်ချိန်တည်းမှာပဲ မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ပြီး
စင်ပေါ်က မျက်ရည်စတွေနဲ့ ပြေးဆင်းလာပါတယ်။

သူ့အမေနဲ့ ဆရာမတို့က စိတ်မကောင်းစွာနဲ့ ပွေ့ဖက်နှစ်သိမ့်ကြပေမယ့် တော်တော်နဲ့ မျက်ရည်
မစဲတော့ပါဘူး။

သူသိလိုက်ရတာက မိသားစုနဲ့ အတူ ဂျပန်နိုင်ငံကို ချန်ပီယံဆုအားကိုးနဲ့ မသွားနိုင်တော့ဘူး
ဆိုတာကိုပေါ့။

"ကျွန်မက ကလေးကို ပြိုင်ဘက်နဲ့ နှစ်ယောက်ယှဉ်ပြီး တော့ စာလုံးတွေ အပြိုင်အဆိုင် ပေါင်းစေ
ချင်တာ"လို့ ဒေါက်တာ ခင်ဆန်းယုက ဆိုပါတယ်။

ဝအောင်ငိုပြီးတဲ့နောက်မှာတော့ သူ့အမေဘေးမှာ ထိုင်းရင်း "အိမ်ပြန်ရောက်ရင် ကွန်ပျူတာဖွင့်လို့
ရပြီပေါ့"လို့ ပြောလိုက်ပြီးတော့ အမေဖြစ်သူထံက စမတ်ဖုန်းကို လှမ်းယူလို့ ဂိမ်းတစ်ခုကို ဖွင့်ကစား
နေရင်းက ဘယ်သူ နိုင်နိုင် ဂရုမစိုက်တော့ဘူးဆိုတဲ့ပုံစံနဲ့ ဟန်ဆောင်လို့နေပါတယ်။

ခေါင်းငုံ့ပြီး ဂိမ်းကစားနေပေမယ့် တစ်ချက်တစ်ချက် စင်ပေါ်မှာကျန်တဲ့ တခြားကလေးတွေရဲ့
စာလုံးပေါင်းတွေတောင် နှုတ်ကနေ လိုက်ပေါင်းနေတာ တွေ့ရပါတယ်။

နောက်ဆုံးမှာတော့ သူ့လိုပဲ ကိုးနှစ်သမီးလေး မြသန္တာထွန်းက အဆင့် ၅၆ ဆင့်၊ စာလုံးပေါင်း
၁၀၀ ကျော်ကိုပေါင်းပြီးလို့ ချန်ပီယံဆုကို ရရှိလို့သွားပါတယ်။

သူစိမ့်စိမ့်တိုးကတော့ ချန်ပီယံအဆင့်ဖြစ်တဲ့ နောက်ဆုံးဆန်ခါတင် ကိုးယောက်ကျန်တဲ့ အဆင့်
မတိုင်မီ အဆင့် ၈ အထိ ရောက်အောင် တက်လှမ်းနိုင်တာကြောင့် အထူးဆုငွေ ကျပ်တစ်သိန်းကို
လက်ခံရရှိခဲ့ပါတယ်။

သူမအနေနဲ့ ချန်ပီယံဆုကို မဆွတ်ခူးနိုင်ခဲ့ပေမယ့် ကြိုးစားမှု၊ စိတ်အားထက်သန်မှုတို့ရဲ့ရလဒ်ကြောင့်
နွေရာသီကျောင်း ပိတ်ရက်မှာ ဩစတြေးလျကို လိုက်ပို့ပေးမယ်ဆိုတဲ့ ကတိကို သူ့အမေထံကနေ
ထပ်မံရရှိခဲ့ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်