ငြိမ်းချမ်းရေးကို ရည်ရွယ်တဲ့ ဦးသန့် အမှတ်တရ ကျောက်တိုင်

"ကမ္ဘာမြေကြီးပေါ်တွင် ငြိမ်းချမ်းခြင်းတရား လွှမ်းမိုးပါစေ" ဒီစာသားဟာ ဧပြီလ ၄ ရက်နေ့က
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်အတွက် အမှတ်တရစိုက်ထူခဲ့တဲ့
ငြိမ်းချမ်းရေး ကျောက်တိုင်မှာ ရေးထိုးထားတဲ့ စာသားပဲဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့ ကမ္ဘာ့ကုလသမဂ္ဂ ဗဟိုဌာနချုပ်မှာ တာဝန်ထမ်းဆောင်ဖို့ ဦးသန့်
ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ (၅၁)နှစ်ပြည့်မြောက်တဲ့ အမှတ်တရ အဖြစ် ငြိမ်းချမ်းရေးကျောက်တိုင်ကို
စိုက်ထူခဲ့တာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကိုရည်ရွယ်ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် အမှတ်တရ
ငြိမ်းချမ်းရေးကျောက်တိုင်ဖွင့်ပွဲနဲ့ တေးဂီတ ဖျော်ဖြေပွဲကို ဦးသန့်ပြတိုက် ဖွင့်လှစ်ထားတဲ့
ကမာရွတ်မြို့နယ်၊ ပန်းဝါလမ်းရှိ ဦးသန့် နေအိမ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

"ပဋိပက္ခဆိုတာ တိုင်းပြည်၊ လူမျိုးနဲ့ ဘာသာကွဲခြားတာတွေ၊ ယဉ်ကျေးမှု မတူတာတွေကနေ
ပေါက်ဖွားလာတာ မဟုတ်ဘူး။ အဲဒီအစုအဝေးကနေ မယဉ်ကျေးတဲ့ အသိဉာဏ် စာရိတ္တတစ်ခုခု
ရဲ့ သွေးထိုးမြှောက်ပင့်မှုကနေ ထွက်လာတဲ့ ပြုမူဆောင်ရွက်ချက်လို့ ဖေဖေ ဦးသန့်က ပြောခဲ့ပါ
တယ်။ ငြိမ်းချမ်းဖို့အတွက် ပညာရေး ကဏ္ဍကလည်း အရမ်းအရေးကြီးတယ်လို့ ဖေဖေ ခဏခဏ
ပြောဖူးပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား၊ နိုင်ငံအတွင်းရှိ ပြည်သူလူထုကြား ဆင်းရဲချမ်းသာ
ကွာဟမှု ကြီးမားခြင်းကလည်း ငြိမ်းချမ်းရေးကို ပျက်ပြားစေပါတယ်။ဒီကျောက်တိုင်ကလည်း
ငြိမ်းချမ်းရေးအတွက် လူတွေရဲ့ အသိမှာရှိသွားဖို့ စိုက်ထူတာပါ"လို့ ဦးသန့်ရဲ့ သမီးဖြစ်သူ
ဒေါ်အေးအေးသန့်က အမှတ်တရ ငြိမ်းချမ်းရေးကျောက်တိုင် ဖွင့်လှစ်ပွဲမှာ ပြောကြားခဲ့ပါတယ်။

အခမ်းအနားမှာ ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ ဦးသန့်ရဲ့ ဓာတ်ပုံတွေကိုလည်း ခင်းကျင်း ပြသခဲ့ပါ
တယ်။

ဦးသန့်အမှတ်တရကျောက်တိုင်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး
၁၀ ပေခွဲအမြင့်ရှိတဲ့ ကျောက်တိုင်မှာ "ကမ္ဘာမြေကြီးပေါ်တွင် ငြိမ်းချမ်းခြင်း တရားလွှမ်းမိုးပါစေ"
ဟူသော စာသားကို မြန်မာဘာသာအပါအ၀င် နိုင်ငံတကာ ဘာသာရှစ်မျိုးဖြင့် ရေးထိုးထား
ပါတယ်။

ဖျော်ဖြေရေးအနေနဲ့ ငြိမ်းချမ်းရေးသီချင်းတွေ၊ ဦးသန့်အမှတ်တရ သီချင်းတွေနဲ့ တင်ဆက်ခဲ့ကြပြီး
SEA Game ဖွင့်ပွဲသီချင်းနဲ့ ဆုရရှိခဲ့သူ တေးရေး လင်းထက်က ဦးသန့်အမှတ်တရ အဖြစ်
One world သီချင်းကို ရေးစပ်ပြီး ကိုယ်တိုင်သီဆို ဂုဏ်ပြုခဲ့ပါတယ်။

"အန်တီ (ဒေါ်အေးအေးသန့်) က စာအုပ်တွေ ပေးပြီး သီချင်းအတွက် ကူညီပါတယ်။ ကျွန်တော်
အမြဲစပ်နေကျ သီချင်းတွေနဲ့ ကွဲပြားအောင် ကြိုးစားထားပါတယ်။ အချိန်က သုံးပတ်လောက်
ရတယ်။ စာသားအများကြီးလည်း ထည့်မထားပါဘူး။ ကျွန်တော် ပေါ်လစီသီချင်းရေးတာ
မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့် တို့ကို ကျွန်တော် လေးစားတယ်။ ရေးချင်တယ်။
လူတိုင်း ရေးချင်မှာပါပဲ။ ကျွန်တော့်ကို ဘုရားခွင့်ပေးလို့ ရေးခွင့်ရခဲ့တာပါ။ ကျွန်တော်လည်း
နိုင်ငံအတွက် တစ်ခုခု လုပ်ပေးချင်တာပါ။ နိုင်ငံရေးသမားမဟုတ်တော့ ကျွန်တော် တတ်နိုင်တာ
လေး လုပ်တာပါ။ အဓိကက လူငယ်တွေကို သိစေချင်တာပါ။ ငြိမ်းချမ်းရေးဆိုတာ အရေးကြီးတယ်
လို့ သိအောင် သီချင်းကနေ ပေးတာပါ"လို့ ကိုလင်းထက်က ပြောပါတယ်။

ဦးသန့်ရဲ့ ထင်ရှားတဲ့ ငြိမ်းချမ်းရေးစွမ်း ဆောင်နိုင်ခဲ့မှုမှာ ကျူးဘားဒုံးပျံအရေးမှာ အမေရိကန်သမ္မတ
ကနေဒီနဲ့ ဆိုဗီယက်ယူနီယံ ၀န်ကြီးချုပ် ခရူးရှက်ဖ်တို့ကြားမှာ ကူညီဖြေရှင်းပေးခဲ့တဲ့အတွက်
ကမ္ဘာအနှံ့ နျူကလီးယား စစ်ပွဲကို ရှောင်ရှားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာကြီးက ဦးသန့်အပေါ် ကျေးဇူး အကြွေးတင်နေတယ်လို့ သမ္မတ ကနေဒီက
ပြောခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံမှာသာမက အာရှမှာလည်း ပထမဆုံး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ခဲ့သူ
ဦးသန့်ဟာ ကမ္ဘာ့ကုလသမဂ္ဂမှာ ၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အထိ ၁၀ နှစ် ကြာ တာဝန်
ထမ်းဆောင်ခဲ့ပြီး ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာ၂၅ ရက် နယူးယော့ခ်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်