မင်စက်တိုင်းရဲ့ ဂီတသံ

 

စည်းချက်တွေ ပျံ့လွင့်နေတယ်။ တယောသံက ငြိမ့်ညောင်းလှပေမယ့်
မျောလွန်းအားကြီး၊ ဆွေးလွန်းအားကြီး၍ အများစု မခံနိုင်ကြ။ စန္ဒရားသံက
ပင်လယ်လှိုင်းလုံးတွေလို လူးလွန့်သွားတယ်။

ဂစ်တာကြိုးကလေးတွေ တစ်ချောင်းချင်း စကားပြောနေကြတယ်၊ တစ်ချောင်းချင်း
ချစ်နေကြတယ်၊ တစ်ချောင်း ချင်း လွမ်းနေကြတယ်။ ဗုံတွေ၊ ပတ်ကားရှင်း တွေ၊
Bass Drum  နဲ့ ဘင်ခရာက လင်းကွင်း တွေရဲ့ တီးခတ်မှုတွေက လေထုထဲက
ရေမှုန် တွေကို ကကွက်ကကြိုး ဖန်တီးပေးလျက်ပင်။ မြိုင်ဆိုင်လွန်းတယ်။
နောက်တစ်နေရာ၊ နောက်တစ်ခါ၊ နောက် တစ်ချိန်၊ နောက်တစ်မျိုး။ ဘယ်သူမှမရှိ၊
ဘာတီးလုံးမှ မကြားရ။ အသံတွေတော့ ရှိတယ်။ တိုးဝှေ့လာတဲ့ လေတွေ
ညင်ညင် သာသာ ဖျော်ဖြေတယ်။

လျင်လျင်မြန်မြန် ဖျော်ဖြေတယ်။ တိုက်ခတ်တဲ့အရှိန် တက်လာ တယ်။ တိမ်တိုက်တွေရဲ့
ပွေ့ဖက်တာ ခံရတဲ့ တောင်ထိပ်ကြီးတွေက တုတ်တုတ်မျှမလှုပ် တည်ငြိမ်နေဆဲ၊ ခံ့ညားဆဲ။
ပွေ့ဖက်တာ တွေကလည်း မြန်လာတယ်။ အရှိန်တက်လာတယ်။ တောင်ခြေရဲ့
ပတ်ပတ်လည်က တောတွေကတော့ စိမ်းစိုလျက်။ စိမ်းလည်း စိမ်းတယ်၊ စိုလည်းစိုတယ်။
ပြောချင်တာက မိုးတစ်မျိုး၊ ဒီမိုးရွာနည်းက တခြားနည်းတွေနဲ့ မတူဘဲ အေးလာပြီး
တစ်ခဏ တာ ဖွားခနဲ ရွာချလိုက်တယ်။ ပြီးရင် တိတ်သွားရော... အားလုံးလှပြီး ကျန်ခဲ့တယ်၊
အားလုံးစိမ်းပြီး ကျန်ခဲ့တယ်၊ အားလုံးစိုပြီး ကျန်ခဲ့တယ်၊ အားလုံး နူးညံ့သိမ်မွေ့ အေးစိမ့်ပြီး
ကျန်ရစ်ခဲ့တယ်။

သိပ် မကြာဘူး၊ နေရောင်ခြည်လေးက ပြန်လည် နိုးထလာပြီး အလှအပရောင်စုံတွေကို
အလင်း ပေးလိုက်တော့ အားလုံးပြည့်စုံသွားပြီပေါ့။ ဘ၀မှန်၊ အသွင်မှန်ကို နိုးထလာတယ်။
ဟုတ်ပါတယ်။ ယုတ္တိအပြည့်အ၀ရှိတဲ့ ဘ၀ ပေတည်း။ ချွေးတလုံး သံတလုံးနဲ့ နိုးလာတယ်။
မြို့ပြညရဲ့ ဘ၀တိုက်ခန်းများထဲက တစ်ခုမှာ နိုးထလာရတယ်။ မဲ့နေတဲ့ မျှော်လင့်ချက် ကလည်း
ရှင်သန်နေဆဲ၊ နိုးထနေဆဲ။ အနာဂတ်တွေကလည်း ရှင်သန်မြဲ၊ နိုးထမြဲ။ အိပ်မက်တွေကလည်း
သက်ဝင်လှုပ်ရှား လျက်။ အဝေးက မီးသတ်ကားသံ၊ ရဲကားသံ တွေကလည်း Loop ပတ်လို့။
ရနံ့ပေါင်းစုံက တော့ နေသားကျနေပါပြီ။ မြို့ပြမီးရောင်စုံတွေ က လင်းနေတယ်။ မှိတ်တုတ်မှိတ်တုတ်
ဖြစ် လိုက်၊ မှောင်ရင်မှောင်သွားလိုက်။ တိုက်ခန်း တစ်ခန်းစီမှာ ဘ၀တစ်မျိုး၊ ဇာတ်လမ်းတစ်မျိုး၊
အရောင်တစ်မျိုးစီနဲ့ လူ့ဘ၀ဇာတ်တော်ကြီးကို ကခုန်ပြီး တေးသွားမျိုးစုံနဲ့ သရုပ်ဖော်နေစမြဲ။
စည်းချက်တွေ ပျံ့လွင့်နေတယ်.....။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။