ဂေဟာ

အင်္ကျီမပါ Boxer ကြီးဝတ်ပြီး တင်ပျဉ်ခွေ ထိုင်ကာ ဖုန်းပြော။
မျက်လုံးကြီးကို စွေစောင်း ပြီးပြောတယ်။ ဗိုက်ကရွှဲ၊ အရပ်က
ရှည် မျောကြီး၊ ဘယ်လိုမှ ကြည့်မကောင်းဘူး။

ပြောတယ်လို့သာ ပြောရတာ ဘယ်လိုအသံနဲ့ ပြောနေမှန်းတောင် မသိ၊ လုံးဝအသံကို
မထွက်တာ။ စဉ်းစားတယ်၊ ချစ်သူနဲ့ ဖုန်းပြော တာ အသံမထွက်တော့ ဘယ်လိုများပြောသလဲပေါ့။
ဒင်းက အေးအေးဆေးဆေးပဲ။

တုတ် တုတ်တောင် မလှုပ်ဘူး။ ဒါတစ်ယောက်ပေါ့ နော်... နောက်တစ်ယောက်လာပြီ...လာပါပြီ။
Harddisk ကြီးပိုက်၊ ဦးထုပ် နောက်ပြန်ဆောင်းလို့ ခွကျတဲ့ ဘောင်းဘီက အပွလွန်ပြီး အောက်မှာ
ပုံနေတယ်။ အဲဒီ ပုံနေတဲ့အတိုင်း တရွတ်တိုက်ဆွဲ လမ်းလျှောက် ပြီး အိမ်ထဲဝင်လာတယ် (ရှူးရှဲနဲ့)
သူ့အိမ်လေ။ ရုပ်က အစ္စရေးရုပ်၊ စားတာက ငါးပိရည်နဲ့ တို့စရာ။ အေးအေးဆေးဆေးပဲ...။

စောစော တုန်းက တစ်ယောက်နဲ့ အခုပုဂ္ဂိုလ်တွေဟာ အဆိုတော်ကြီးတွေ ဖြစ်ကြပါတယ်။
အထင် မသေးနဲ့၊ သူတို့နှစ်ယောက်ပေါင်းတဲ့အခွေက မြန်မာနိုင်ငံတစ်ဝန်းမှာ အတော်အောင်မြင်
ခဲ့ဖူးတယ်။ အောင်မြင်နေတဲ့ လူပျိုလူလွတ် လူငယ်ဂီတသမားဆိုတော့လည်း သိတယ် မဟုတ်လား၊
ချစ်သူတွေက ၀ိုင်းဝိုင်းလည်ပေါ့။ တစ်ခေါက် အဲဒီဝိုင်းဝိုင်းလည်နေတဲ့အထဲက
ကောင်မလေးတစ်ယောက်နှစ်ယောက် အိမ် လိုက်လာတယ်။

ဆရာကြီးအိုက်တင်နဲ့ 'ဟဲဟဲ' ဒါသူ့ဂေဟာပေါ့လေ...။ အိမ်ထဲအရောက် သူ့အခန်းအ၀င်ဝပဲရှိသေးတယ်၊
ခုတင် အောက်မှာ ဖျာခင်းပြီး လူတစ်ယောက် (ပုဆိုး ကျွတ်လျက်) တင်ပါးဆုံကြီး ပြောင်လက်ကာ
အထင်သား အိပ်နေတာကို ရုတ်တရက် မထင်မှတ်ဘဲ မြင်လိုက်ရတော့ ပျိုမေတွေ လန့်ဖျပ်သွားတယ်။
အဲဒါဘယ်သူလဲတဲ့...။ အိမ်ရှင် က ပြန်ဖြေတယ် "ရတယ်၊ ထားလိုက်ပါ၊ သူ့ဘာသာသူ အိပ်ပါစေ"
ဘယ်သူလဲဆိုတော့ အဲဒါ ကျွန်တော့် သူငယ်ချင်း။ သူက တီဗီဂိမ်း လာဆော့ပြီး မပြန်ဘဲ
အိပ်ပျော်သွားတာ။ အဲဒီကတည်းက သူ့နာမည်တွင်သွားတာ။ ပင်လယ်ဖျံ ဆိုပြီး တော့...။
ဒါအစပိုင်းပါ။

နေရာက မြေနီကုန်း (စမ်းချောင်း) အဲဒီမှာ ဟိန္ဒူဘုရားကျောင်း တစ်ကျောင်းရှိတယ်။
ကျွန်တော်တို့ စတည်းချ နေကျ ဂေဟာပေါ့၊ ဒဂုံစင်တာနဲ့ အနီးဆုံးပဲ။ အရင် Cafe Aroma မှာ
ပြေးပြေးပြီး ကော်ဖီသွားသောက်နေကျ၊ အဓိကအချက်က အဲဒီမှာ သီချင်းရေးတယ်၊ တီးတယ်၊
ရရင် အကြမ်းသွင်းတယ်၊ တီဗီဂိမ်းဆော့တယ် (သူ့ဖုန်းနဲ့)၊ ကောင်မလေးတွေနဲ့ အီတယ်၊
သူ့ အမေ (အိမ်ရှင်အဘွားကြီး) ကျွေးတဲ့ထမင်း စားတယ်၊ ရုပ်ရှင်ကြည့်တယ်၊ အလုပ်စကား တွေ
ပြောကြတယ်၊ စုရုံးတယ်၊ ဟာသတွေ ပြောတယ်၊ ရန်ဖြစ်တယ်၊ ငြင်းတယ်။ နောက်ဆုံးတစ်ခုကတော့
လူကြီး အားလုံးအိပ်ပြီဆိုရင် လူငယ်အားလုံးစုပြီး အဲဒီအိမ်မှာ ဘာပြောကောင်းမလဲဗျာ၊ ရှယ်ပေါ့၊
နေပူပူ၊ မိုးရွာရွာ ကြိုက်တာ ဖြစ်ပါစေ...။ အခိုးအငွေ့တွေ လွင့် လျက်ပင်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။