ဖိလစ်ပိုင်နိုင်ငံသမ္မတ ရိုဒရီဂို ဒူတာတေး သို့မဟုတ် မူးယစ်ဆေးဝါးနှိမ်နင်းရေးသမား

ဖိလစ်ပိုင်မှာ မူးယစ်ဆေးဝါးနှိမ်နင်းရေးနဲ့ ပတ်သက်ပြီး အပြောင်မြောက်ဆုံး သမ္မတလို့ ပြောရမယ့်
ဒူတာတေးအကြောင်းနဲ့ ဖိလစ်ပိုင် သမ္မတတွေ အကြောင်း ရေးထားတဲ့ စာအုပ်ပါ။

ဒါဗာအိုမြို့တော်ဝန်ဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ သမ္မတသက်တမ်းက နုပါသေးတယ်။

ဒါပေမဲ့ သူ့လက်စွမ်းက ထက်လွန်းလို့ နိုင်ငံတကာက ဩချယူ ရတဲ့သူ ဖြစ်ပါတယ်။

ဒူတာတေးအကြောင်းကို ပြောမယ်ဆိုရင် ဖိလစ်ပိုင်နိုင်ငံရဲ့ နောက်ခံသမိုင်းကြောင်းကို ပြောမှ
ပြည့်စုံပါလိမ့်မယ်။

ဒီစာအုပ်မှာ ဒူတာတေးမတိုင်ခင် ထမ်းဆောင်ခဲ့တဲ့ သမ္မတတွေအကြောင်း အကျဉ်းချုပ်ထည့်ထားတာ
ဗဟုသုတ ဖြစ်ဖွယ် တွေ့ရပါတယ်။

ဖိလစ်ပိုင်ကို စစ်ဥပဒေနဲ့ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် ဖာဒီနန်မားကို့စ် အကြောင်းကိုလည်း ဒီစာအုပ်မှာ
မြည်းစမ်းခွင့်ရပါတယ်။

၁၉၇၂ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်မှာ ဖာဒီနန်မားကို့စ်က စစ်ဥပဒေ ကြေညာခဲ့တယ်။
အတိုက်အခံ ခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့တယ်။

မားကို့စ် အာဏာရှင်အဖြစ် အုပ်ချုပ်ခဲ့စဉ်အတွင်း သူနဲ့ နီးစပ်သူ ခရိုနီတွေ ချမ်းသာလာကြပါတယ်။

၁၉၈၃ ခုနှစ်၊ ဩဂုတ် ၂၁ ရက်မှာ ဖိလစ်ပိုင်နိုင်ငံ ပြန်လာတဲ့ ဘန်ဂီနို အကွီနို လုပ်ကြံခံရတယ်။

၁၉၈၆ ခုနှစ်၊ ဖေဖော်ဝါရီမှာ မားကို့စ်က ရွေးကောက် ပွဲလုပ်ပေးတဲ့အခါ အတိုက် အခံခေါင်းဆောင်
ဘန်ဂီနိုအကွီနိုရဲ့ဇနီး မုဆိုးမ ဖြစ်သူ ကိုရီအာကွီနိုက လူထုထောက်ခံမှု ရခဲ့တယ်။

မားကို့စ်က မဲလိမ်လို့ အနိုင်ရခဲ့ပေမဲ့ သူ့နောက်လိုက်နောက်ပါ ခရိုနီတွေက သူ့ကို စွန့်ခွာခဲ့တာကြောင့်
မားကို့စ် ပြည်နှင်ဒဏ်ပေးခံခဲ့ရတယ်။

သို့သော်လည်း ကိုရာဇန် အာကွီနိုကို ဖြုတ်ချဖို့ ခုနစ်ကြိမ်တိုင် အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တာ
တွေ့ရပါတယ်။

အဲဒီအဖြစ်တွေက ဒီနေ့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အဖြစ်တွေနဲ့ ဆင်တူယိုးမှားပါပဲ။

ဖိလစ်ပိုင်မှာ ရာစုနှစ်ဝက်နီးပါး ကြာမြင့်နေပြီဖြစ်တဲ့ ကွန်မြူနစ်သူပုန် ရှိတယ်။ အစ္စလာမ္မစ် စစ်သွေးကြွ
ရှိတယ်။ မူးယစ်ဆေးဝါး ပြဿနာ အကြီးအကျယ် ရှင်းနေရတယ်။

နိုင်ငံရဲ့ ငွေကြေးတန်ဖိုး ကျဆင်းနေတယ်။ မူးယစ်ဆေးဝါးကို အမြစ်ဖြတ်ချေမှုန်းရုံနဲ့ ဖိလစ်ပိုင်ရဲ့
တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်မှုကို ရနိုင်မယ်မထင်ပါ။

အာဏာရှင်ဟောင်း မားကို့စ်မှ လွဲပြီး ဖိလစ်ပိုင်သမ္မတအဆက်ဆက်က ငြိမ်းချမ်းရေးရဖို့
ကြိုးပမ်းခဲ့ကြပေမဲ့ အခုအချိန်အထိ အရာမထင်သေးပါ။

မြန်မာ့နိုင်ငံရေးသမိုင်းကို လေ့လာလိုက်စားသူတိုင်း မိမိတို့ အိမ်နီးချင်း နိုင်ငံတွေမှာ ဘာတွေ
ဖြစ်နေသလဲ၊ ဘယ်လို ပြောင်းလဲနေသလဲ သိဖို့ လိုပါလိမ့်မည်။ သိမှ အဖြေညှိနှိုင်းကြပေမည်။

မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး များများသိမှ အဖြေညှိနိုင်ပါမည်။ များများသိဖို့ ဆရာ ရဲကျော်မြင့်က
အားထုတ်ထားတယ်လို့ ခံစားမိပါတယ်။

ဒီစာအုပ်ကို မဇ္ဈိမစာပေက ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီမှာ တန်ဖိုးကျပ် ၁,၅၀၀ နဲ့ ဖြန့်ချိထားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။