လူသားအား ဘုရားသခင် ဖန်ဆင်းခြင်းမှ လွတ်မြောက်စေခဲ့သူနှင့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ

ကမ္ဘာကြီးကို ပြောင်းလဲခဲ့သူ၊ ကမ္ဘာကြီးကို ထုဆစ်ခဲ့သူများအကြောင်း The Builders ဂျာနယ်မှာ
ရေးခဲ့တဲ့ ဆောင်းပါး ၂၂ ပုဒ် စုစည်းမှုဖြစ်ပါတယ်။

စာရေးသူ နေသစ်နီက မြန်မာပြည်မှာ တစ်ကိုယ်ကောင်းဆန်တဲ့ လူ့ယဉ်ကျေးမှုကြီး
သက်ဆိုးရှည်နေချိန် ကမ္ဘာမှာ တစ်ကိုယ်ကောင်းမဆန်ဘဲ လူအများအတွက် အကျိုးပြုသွားခဲ့တဲ့
ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို ယနေ့ခေတ်လူငယ်တွေ သိစေချင်၊ အတုယူစေချင်စိတ်နဲ့ ဒီစာအုပ်ကို
ရေးသားခဲ့တယ်လို့ ဆိုပါတယ်။

အများအကျိုးဆောင်သူက လူသေသော်လည်း နာမည်မသေဘဲ ကြီးပွားချမ်းသာကြတယ်။
အတ္တကြီးသူ ကိုယ်ကျိုးဆောင်ရွက်သူကတော့ လူမသေမီကပင် နာမည်သေပြီး စိတ်ဆင်းရဲ
ကိုယ်ဆင်းရဲနဲ့ အရိပ်မည်းကြီးကြောင့် မိသားစုအားလုံး မျက်နှာငယ်ရတာကို လူငယ်တွေ သိစေချင်တဲ့
စေတနာနဲ့ ရေးသားထားတာ ဖြစ်ပါတယ်။

ဒီစာအုပ်မှာ ကမ္ဘာကြီးကို လျှပ်စစ်မီးနဲ့ ထွန်းညှိပေးခဲ့တဲ့ သောမတ်စ်အက်ဒီဆင်၊ ခေတ်သစ်ဘူမိဗေဒ
ဖခင် ဂျိမ်းစ်ဟက်တန်၊ ကမ္ဘာကြီးကို ပင်နီဆလင်လက်ဆောင်ပေးခဲ့တဲ့ အလက်ဇန္ဒားဖလင်းမင်း၊
ဘုရားသခင်ရဲ့ ပန်းကလေးတစ်ပွင့် (သို့မဟုတ်) မေတ္တာ ကရုဏာရှင် မာသာထရီဇာ စတဲ့
ကမ္ဘာ့လူသား အများအကျိုးတွက် စွမ်းစွမ်းတမံ ရှာဖွေ တီထွင် ကျေးဇူးပြုခဲ့သူ ကမ္ဘာကျော် ပါရမီရှင်
သိပ္ပံပညာရှင်တွေရဲ့ ကိုယ်ရေးအကျဉ်းနဲ့ သူတို့ရဲ့ စိတ်နေစိတ်ထား ကြိုးစားအားထုတ်မှုတွေကို
စုစည်းတင်ပြထားတာ တွေ့ရပါတယ်။

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနဲ့ အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သူ
ဝန်ဂါရီမာသီကတော့ "ကျွန်မပညာအရည်အချင်းက မြင့်ချင် မြင့်မယ်။ ပညာဆိုတာ တစ်စုံတစ်ခုကို
အဓိပ္ပာယ်သက်ရောက်နေရင်တောင် ဒီမြေက လူတွေကို ခေါ်ထုတ်သွားဖို့မဟုတ်ဘူး။ ပညာဆိုတာကို
တန်ဖိုးထားတတ်လာအောင် ဒီလူတွေထဲမှာပဲ ပြန်ပြီးမြှုပ်နှံ သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့
ပညာတတ်တွေကမှ ဘာတွေဆုံးရှုံးနေတယ်ဆိုတာကို နားလည်နိုင်လို့ပေါ့။ ကျွန်မတို့ဟာ
ကမ္ဘာကြီးကို ကာကွယ်နိုင်ဖို့ လုပ်ကြရပါမယ်။ သစ်တောပညာရှင်တွေ ဒီက ကျေးလက်
အမျိုးသမီးတွေကို ကျွန်မပြောဖူးသလိုပဲ။ ရှင်တို့အနေနဲ့ သစ်ပင်တစ်ပင် စိုက်ဖို့ကိစ္စမှာ ဒီပလိုမာရဖို့အထိ
မလိုပါဘူး"လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်ဖြစ်တဲ့ သူက ပြောဆိုခဲ့ပါတယ်။

ဒီစာအုပ်ကို ကျားချောင်းစာအုပ်တိုက်က ၂၀၁၇ ခုနှစ်၊ မတ်လမှာ တန်ဖိုးကျပ် ၂,၅၀၀ နဲ့
ဖြန့်ချိထားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။