ဇင်ဝေသော် မြန်မာပြန်တဲ့ ကျွန်တော်မမုန်းဘူး

ဂါဇာဆရာဝန်တစ်ယောက်ရဲ့ ငြိမ်းချမ်းရေး အမြင်နဲ့ သူ့ဘ၀ခရီးရှည်ကို ရေးသားထားတဲ့
စာအုပ်ဖြစ်ပါတယ်။

အမုန်းအာဃာတနဲ့ လက်စားချေလိုမှုတွေကို တိုက်ဖျက်ဖို့ မဖြစ်မနေဖတ်ရမယ့် ဖြစ်ရပ်မှန်ဇာတ်လမ်း
တစ်ပုဒ်လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သူတစ်လူ ငါတစ်မင်းနဲ့ ထီးပြိုင် နန်းပြိုင်ခေတ်က တိုက်ကြခိုက်ကြ သတ်ကြတဲ့
ဇာတ်လမ်းတွေဟာ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း မဟောင်းနိုင်တဲ့ ဇာတ်လမ်းဖြစ်နေပါတယ်။

ပါလီမန်ဒီမိုကရေစီ အရင်းရှင်ခေတ်၊ ဆိုရှယ်လစ်ခေတ်၊ စစ်အုပ် ချုပ်ရေးခေတ်မှသည်
ဒီမိုကရေစီခေတ်အထိ မငြိမ်းချမ်းနိုင်သေးတဲ့ မြန်မာ့မြေပေါ်က တိုင်းရင်းသားတွေ သတိရစေဖို့
ဘာသာပြန်သူက ဂါဇာမှာဖြစ်နေတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း စစ်ရဲ့ အနိဋ္ဌာရုံကို
မီးမောင်းထိုးပြလိုက်တာပါ။

ဂါဇာမှာ ဘာတွေဖြစ်နေတယ်ဆိုတာ လာပြီးကြည့်ကြ၊ ဒီဒုက္ခတွေကို ရပ်တန်းက
ရပ်မှကိုရတော့မယ်လို့ ပြင်ပကမ္ဘာကို သတိပေးလိုက်တာပါ။

ဒါပေမဲ့ လူသားချင်း အကူအညီပေးဖို့ ရောက်လာတဲ့ အဖွဲ့အစည်းတွေတောင် အစ္စရေးက ခွင့်ပြုမှ
ဂါဇာကမ်းမြောင်ထဲ ၀င်ခွင့် ထွက်ခွင့်ရကြတာပါ။

နယ်ခြားစည်း တာဝန်ခံအရာရှိတွေရဲ့ အာဏာအလွဲသုံးစား လုပ်မှုတွေ၊ အနိုင်ကျင့်မှုတွေက
မနည်းမနောပါ။

ပြီးတော့ အတ္တကြီးကြီး လူကြီးတစ်ယောက်ရဲ့ နှုတ်ထွက်စကားက ဂါဇာမှာတော့ ဥပဒေ ပါပဲ။

ဒီအဖြစ်တွေဟာ တရားမျှတပါရဲ့လား၊ ဖြစ်သင့်ဖြစ်ထိုက်ပါရဲ့လားဆိုတာ စာဖတ်သူကို
ဘာသာပြန်သူက မျှဝေလိုဟန်ရှိပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးအတွက် အီဇယ်ဒင်လို ပုဂ္ဂိုလ်မျိုး များများပေါ်လာကြရင်ဖြင့် ၂၁ ရာစု
ပင်လုံညီလာခံကြီးဟာ မြန်မာနိုင်ငံအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံးဖော်ဆောင်ပေးနိုင်မှာ
ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး မဖြစ်မနေ ရကို ရရမယ်ဆိုတဲ့စိတ်နဲ့ ဆောင်ရွက်ကြရင် ငြိမ်းချမ်းရေးက လက်တစ်ကမ်း
အလိုမှာ ရှိပါတယ်။

ဒီစာအုပ်ကို ကမ်းလက်စာပေက ၂၀၁၇ ခုနှစ်၊ ဧပြီလမှာ တန်ဖိုးကျပ် ၄,၀၀၀ နဲ့ ဖြန့်ချိ ထားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။