မင်းဏီရဲ့ 'ထို' ၀တ္ထုတိုများ

လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်လောက်တုန်းက ၀တ္ထု တိုလေးတွေကို ရှေ့က 'ထို' ထည့်ပြီး ရေးလေ့ရှိတဲ့
ဝတ္ထုတိုစာရေးဆရာ တစ်ယောက်ရှိခဲ့ပါတယ်။

စာရေးဆရာ 'မင်းဏီ' ပါ။ ၀တ္ထုတို လက်ရာမှာ တစ်မျိုးတစ်ဘာသာ ပြောင်မြောက်အောင် ရေးဖွဲ့နိုင်ပြီး
သီးခြားကွဲထွက်နေတာကြောင့်လည်း 'ထို' စာရေးဆရာ 'မင်းဏီ' က သူ့ခေတ်သူ့အခါမှာ
တော်တော်တာသွားခဲ့တဲ့ ၀တ္ထုတိုဆရာတစ်ယောက် ဖြစ်ခဲ့ပါတယ်။

သူ့ဝတ္ထုတိုတွေကို ၁၉၉၄ ခုနှစ်မှာ ပထမ ဦးဆုံးအကြိမ် စုပေါင်းထုတ်ဝေခဲ့ပြီး စာရေးဆရာ 'မင်းဏီ' ရဲ့
'ထို' ၀တ္ထုတိုတွေကို စိတ်ကူး ချိုချိုစာအုပ်တိုက်က ယခုနှစ်၊ မတ်လမှာ ဒုတိယအကြိမ်
ပြန်လည်ထုတ်ဝေပါတယ်။

စိတ်ကူးချိုချိုစာအုပ်တိုက်က ပြန်လည်ထုတ်ဝေတဲ့ စာရေးဆရာ 'မင်းဏီ'ရဲ့ 'ထို' ၀တ္ထုတိုများစာအုပ်မှာ
စုစုပေါင်းဝတ္ထုတို ၁၀ ပုဒ်ကို စုစည်းဖော်ပြထားပါတယ်။

စာရေးဆရာ 'မင်းဏီ' ဟာ ကျေးလက် ကျန်းမာရေးမှူးတစ်ဦးဖြစ်တာမို့ လုပ်ငန်းတာဝန်ကျရာ
ဒေသတွေကို သွားရောက် တာဝန်ထမ်းဆောင်ရင်း တွေ့ဆုံ ကြုံခဲ့ရတဲ့ အကြောင်းတွေကို အဖွဲ့အနွဲ့
ရိုးရှင်းစွာနဲ့ ဇာတ်ကောင်နေရာမှာ ကိုယ်တိုင်နေပြီး ရေးသားတင်ပြထားတာဖြစ်ပါတယ်။

ဝတ္ထုတိုခေါင်းစဉ်တွေကိုလည်း ရှေ့က 'ထို' ဆိုတာလေး ထည့်ပေါင်းပြီး 'ထိုသင်္ကြန်'၊ 'ထိုသံသယ'၊
'ထိုအလွမ်း'၊ 'ထိုရှေ့နေ' စတာမျိုး ရိုးရှင်းစွာပဲ ဖန်တီးထားခဲ့ပါတယ်။

စာအုပ်ရဲ့ အဖွင့်ဝတ္ထုတိုကို 'မင်းဏီ'ရဲ့ လူပြောသူပြောများခဲ့တဲ့ 'ထိုသင်္ကြန်' ၀တ္ထုတိုလေးနဲ့
စတင် ထားပါတယ်။

ဝန်ထမ်းဘ၀ အထက်ချင်းတွင်းဘက်က အိမ်ခြေ ၈၀ လောက်ရှိတဲ့ ရွာလေးတစ်ရွာမှာ ကျန်းမာရေးမှူး
တာဝန်ကျတုန်း တွေ့ကြုံခဲ့ရတဲ့ အဖြစ်လေးကနေ 'ထိုသင်္ကြန်' ကို စာရေး ဆရာ 'မင်းဏီ' က
ဖန်တီးထားပါတယ်။

ထိုရွာကလေးမှာ တာဝန်ကျတုန်း ရွာလူကြီးက ရွာစာသင်ကျောင်းလေးမှာ စာသင်ပြဖို့
ဆွဲခန့်ဆရာမလေးတစ်ယောက်ကို မြို့က ခေါ်လာခဲ့ပါတယ်။

ရွာမှာ လိုအပ်နေတဲ့ စာသင်ကျောင်းလေးအတွက် ဆရာမလေးလည်းဖြစ်၊ ကိုယ်တိုင်ကလည်း
သွက်လက်ချက်ချာတာမို့ ဆရာမလေးဟာ ရွာအတွက် ဆည်းလည်းလေးဖြစ် လာခဲ့ပါတယ်။

အလယ်တန်းအဆင့် အောင်ထားပြီး အထက်တန်းအဆင့်ဖြေဖို့ ကြိုးစားနေတဲ့ ဆရာမလေးကို
စာရေးဆရာကိုယ်တိုင်လည်း စာပြပေးရင်း ခင်မင်မှုတိုးပွားခဲ့ပါတယ်။

ဒါပေမဲ့ တစ်ရက်၊ စာရေးဆရာပြောတဲ့ 'ထိုသင်္ကြန်' တစ်ရက်မှာတော့ စာရေးသူလောင်းလိုက်တဲ့
ရေအေးအေးကတစ်ဆင့် ကျောင်းဆရာမလေးဟာ ရွာက ထွက်ခွာသွားပြီး ရွာကို တစ်လနဲ့လည်း
ပြန်မလာ၊ နှစ်လနဲ့လည်း ပေါ်မလာရာကနေ သင်္ကြန် ၁၅ နှစ်တိုင်ထိ အဖြေမဲ့ ပျောက်ကွယ်
သွားပါတော့တယ်။

စာရေးသူ လောင်းလိုက်တဲ့ ရေအေးအေးက ခုထိအောင် ဘာကြောင့် ဖြစ်ရတာလဲဆိုတဲ့
အဖြေကိုတော့ 'ထိုသင်္ကြန်' ၀တ္ထုမှာ အဖြူထည်မေတ္တာတရားကို ကြည်နူးဆွတ်ပျံ့ ဖွယ်ရာရသနဲ့အတူ
ခံစားရမှာဖြစ်ပါတယ်။

'ထိုသံသယ' ကတော့ အင်္ဂလိပ်ခေတ်၊ နယ်ပိုင် မြို့ပိုင်လက်ထက်ကာလ ရာဇ၀တ်အုပ်မင်း
တစ်ယောက် အကြောင်းဖြစ်ပါတယ်။

ဒီဝတ္ထုကိုတော့ စာရေးသူက သူကိုယ်တိုင် မသိမီလိုက်ပေမဲ့ ဒေသရဲ့ အတိတ်ဖြစ်ရပ် ပြောကြားမှုတွေ
ကတစ်ဆင့် ပြန်ပြောင်းရေး သားထားခဲ့တာပါ။

အုပ်ချုပ်မှုကောင်း၊ ဟိတ်ဟန်ကောင်းလွန်းတဲ့ ရာဇ၀တ်အုပ်မင်း တစ်ယောက် လာဘ်စားမှုနဲ့
တိုင်ကြားခံရရာက အမှုစစ်ဆေးမှုပြုလုပ်တဲ့ အကြောင်းကို ရေးဖွဲ့ထားတာပါ။

'သံသယ' ဟာ ဘယ်လောက်ဆိုးရွားလဲဆိုတာကို 'ထိုသံသယ' က ဖော်ညွှန်းထားတာ ဖြစ်ပါတယ်။

'ထိုအလွမ်း' ကတော့ ငယ်ဘ၀၊ မိသားစု ဘ၀၊ အလွမ်းကို ဖော်ကျူးထားတာဖြစ်ပါတယ်။

အလွမ်းကို ဖော်ကျူးထားမှုက ရိုးရှင်းလွန်းတဲ့အခါ စာဖတ်သူကိုယ်တိုင် ငယ်ဘ၀၊ မိသားစု
အသိုက်အမြုံဘ၀ကို ပြန်လည်တမ်း တမိတဲ့အထိ လွမ်းစရာဖြစ်စေမှာပါ။

'ထိုရှေ့နေ'၀တ္ထုကတော့ ဖတ်ပြီးသွားတဲ့အခါ ခပ်ထေ့ထေ့ ပြုံးမိစေမယ့် ၀တ္ထုမျိုးပါ။

ရှေ့နေတွေ အများစုရှိတဲ့ ဘားလမ်း (ယခု မဟာဗန္ဓုလ ပန်းခြံလမ်း)ထဲ နေ့စဉ်ဖြတ်လျှောက်ပြီး
အလုပ်တက်နေရတဲ့ သူတစ်ယောက်ရဲ့ ရှေ့နေတွေကို အားကျမိတဲ့ စိတ်ကူးလေးကတစ်ဆင့်
ရှေ့နေ စာမေးပွဲဖြေဖို့ တွေးမိတဲ့ စိတ်ကူး။

စိတ်ကူးကို အကောင်အထည်ဖော်ဖို့ စဉ်းစားတဲ့အခါ ယှဉ်တွဲပါလာတဲ့ အသက်အရွယ်။ ဒီက တစ်ဆင့်
ရှေ့နေဖြစ်လာတဲ့ အချိန်ရှိလာမယ့် အသက်အရွယ်အပိုင်းအခြား။ ဒါတွေကို တွက်ဆရင်း ကိုယ်တိုင်
ရှေ့နေဖြစ်လာခဲ့ရင် ရှိနိုင်မယ့် အသက်အရွယ်လောက်အရွယ် လူတစ်ဦးကို ဖြတ်လျှောက်နေကျ
ဘားလမ်းထဲ နေ့စဉ်တွေ့မိ အားကျမိရာကတစ်ဆင့် လက်တွေ့စကားပြောမိတဲ့အခါ ကိုယ့်နဖူး ကိုယ်
ပြန်ရိုက်မိလောက်အောင် ခပ်ထေ့ထေ့ ပြုံးရတဲ့ အရသာကို ခံစားရမှာဖြစ်ပါတယ်။

'ထိုဆွဲကြိုး' ကတော့ နယ်ကတက်လာပြီး မြို့ပေါ် ကြုံရာသင့်ရာလုပ်ကိုင်ရင်း အိမ်ထောင်ပြုဖို့
ကြိုးစားနေတဲ့ ချစ်သူရည်းစားနှစ်ဦးရဲ့ ဘ၀ကို ခံစားရနိုင်သလို ဘ၀ရှေ့ရေးအတွက် ဘ၀နဲ့ရင်းရနိုင်တဲ့
ရွှေဆွဲကြိုးမက်လုံးလေးကို လက်ခံမယ် လက်မခံဘူး တွေဝေမှုလေးကို လှအောင်ဖွဲ့ထားတာလေးက
ကရုဏာဒေါသ ဖြစ်အောင်ခံစားရမှာပါ။

ကျန်အခြားသော 'ထိုမျက်လှည့်'၊ 'ထိုပီတိ'၊ ထိုအိပ်မက်'၊ 'ထိုတောလား'၊ 'ထိုမုဆိုး' ၀တ္ထုတိုင်းမှာလည်း
ငြိမ့်ငြိမ့်အေးအေး ရသကို ခံစားရရှိစေမှာဖြစ်ပါတယ်။

ပြောရရင် တငြိမ့်ငြိမ့်ခံစားရင်း တစိမ့်စိမ့်တွေး ကြည်နူးခြင်း ရသကို မင်းဏီရဲ့ ထိုဝတ္ထုတိုတွေဆီက
တစ်ဆင့် ရရှိနိုင်မှာပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။