အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို

စီစဉ်သူ မောင်ဇေယျာ ပြုစုတဲ့ အာဇာနည်ခေါင်းဆောင် ဒီးဒုတ်ဦးဘချိုအကြောင်း စာအုပ်ကို
ပဉ္စဂံစာအုပ်တိုက်က တစ်ခေတ်တစ်ယောက် စာအုပ်အစီအစဉ်အဖြစ် ၂၀၁၇ ခုနှစ် မတ်လမှာ
ပထမအကြိမ် ထုတ်ဝေပါတယ်။

ဒီးဒုတ်ဦးဘချိုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ နိုင်ငံရေးဖြတ်သန်းမှု၊ ဒီးဒုတ်ဦးဘချိုကို
ရင်းနှီးပတ်သက်ခဲ့သူတွေ၊ သူ့ရဲ့ နိုင်ငံရေးဆောင်ရွက်ချက်၊ စွယ်စုံကျွမ်းကျင်မှုပညာတွေ အကြောင်းကို
သိမီခဲ့ကြသူတွေက အမှတ်တရ အောက်မေ့ဖွယ် ရေးသားထားတဲ့ ဆောင်းပါးတွေကို
စုစည်းဖော်ပြထားတာ ဖြစ်ပါတယ်။

ဦးဘချိုထုတ်ဝေတဲ့ ဒီးဒုတ်စာစောင်ရဲ့ နှစ်ပတ်လည်စာစောင်ကို ဗိုလ်ချုပ်အောင်ဆန်းပေးပို့တဲ့
သ၀ဏ်လွှာအပါအ၀င် ဒီးဒုတ်ဦးဘချိုနဲ့ ထိတွေ့ခဲ့ကြတဲ့ မဟာဆွေ၊ မင်းသုဝဏ်၊ ဦးခင်ဇော်၊ မောင်ထင်၊
သိန်းဖေမြင့်၊ သခင်တင်၊ တက်ဖုန်းကြီးသိန်းဖေ၊ ထင်ဖတ်တို့အပြင် တိုက်စိုး၊ ပါရဂူ၊ မြင့်ဆွေ၊
စာပေဗိမာန်ဆရာက၊ မောင်ဇေယျာတို့က ဒီးဒုတ်ဦးဘချိုရဲ့ လေးစားထိုက်ဖွယ်၊ အတုယူဖွယ်၊ နိုင်ငံရေး၊
လူမှုရေး ခံယူချက် လုပ်ဆောင်ချက်တွေအကြောင်း ရေးသားထားကြတာဖြစ်ပါတယ်။

"အင်္ဂလိပ်လူမျိုးထဲမှာတော့ အဲလ်ဒစ်ဟတ်စ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရှိတယ်။ ဘယ်ဘက်က
စမ်းစမ်းရတဲ့ ပုဂ္ဂိုလ်ပါပဲ။ သို့ရာတွင် ဦးဘချိုလောက်တော့ စုံမယ်မထင်ပါ"လို့ ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်ခဲ့ဖူးတဲ့ ဦးသန့်က ဒီးဒုတ်ဦးဘချိုနဲ့ ပတ်သက်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဒီးဒုတ်ဦးဘချို သက်ရှိထင်ရှားရှိစဉ်က နိုင်ငံရေး အယူအဆချင်း မတူခဲ့သူတွေ၊ သဘောထား
ကွဲလွဲခဲ့သူတွေကိုယ်တိုင် နိုင်ငံရေးအယူအဆကွဲလွဲပေမဲ့ လူပုဂ္ဂိုလ်အရ လေးစားဖွယ်ဖြစ်တဲ့
ဒီးဒုတ်ဦးဘချိုအကြောင်းကို ပြန်လည်ရေးဖွဲ့ထားတဲ့ ဆောင်းပါးတွေလည်း ပါဝင်တာမို့
ရှေးလူကြီးတွေရဲ့ လူကြီးလူကောင်းဆန်မှု၊ သဘောထားရင့်ကျက်မှုတွေကို လေ့လာနိုင်မှာ
ဖြစ်ပါတယ်။

ဒီးဒုတ်ဦးဘချိုကိုယ်တိုင် ရေးသားခဲ့တဲ့ နိုင်ငံရေး၊ စာပေအနုပညာ၊ ဂီတ၊ သမိုင်း၊ နိုင်ငံတကာရေးရာ
ဆောင်းပါးတွေကို စာအုပ်မှာ စုစည်းဖော်ပြထားတာမို့ ရှေးခေတ်လူကြီးတွေရဲ့ ပညာရပ်တိုင်းပေါ်
တန်ဖိုးထားမှု၊ ကျွမ်းကျင်နှံ့စပ်ပိုင်နိုင်မှု၊ ကြိုးစားအားထုတ်လေ့လာထားမှုတွေကို လေ့လာဖတ်ရှု
အတုယူနိုင်မှာ ဖြစ်ပါတယ်။

တန်ဖိုး ကျပ် ၃,၀၀၀ နဲ့ ဖြန့်ချိထားပြီး စာအုပ်ဆိုင်တိုင်းမှာ ၀ယ်ယူရရှိနိုင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။