မောင်ဇေယျာရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများနှင့် အာဇာနည်နေ့ဖြစ်စဉ်

ဆရာမောင်ဇေယျာ ပြုစုတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများနှင့် အာဇာနည်နေ့ဖြစ်စဉ် စာအုပ်ကို
The Kye စာအုပ်တိုက်က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေပါတယ်။

စာကြည့်တိုက်စာစဉ် အမှတ်၂၇ အဖြစ် အာဇာနည် ခေါင်းဆောင်ကြီးများနဲ့ အာဇာနည်နေ့
အကြောင်းကို အသေးစိတ် စုစည်းထုတ်ဝေထားတဲ့ စာအုပ်ဖြစ်ပါတယ်။

စာအုပ်မှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ထိန်းသိမ်းရေးကော်မတီ (ရန်ကုန်)က ၁၉၆၃ ခုနှစ်က
ထုတ်ဝေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးနေ့ စာအုပ်ထဲက '၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်
စနေနေ့' ဆိုတဲ့ ဆောင်းပါးကို အဖွင့်ဖော်ပြထားပြီး အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ဘ၀နဲ့
နိုင်ငံရေးဖြတ်သန်းမှုအကျဉ်းကို တစ်ဦးချင်းအလိုက် အချက်အလက်ပြည့်စုံစွာ ဖော်ပြထားပါတယ်။

နောက်ဆက်တွဲအဖြစ် 'လုပ်ကြံမှုကြီး၏ ဇာတ်သိမ်း'၊ 'ခေါင်းဆောင် ကြီးများ ကျဆုံးစဉ်က'၊
'မမေ့နိုင်သော ဇူလိုင်လ ၁၉ ရက်'၊ 'ဗိုလ်ချုပ်အမှု မှတ်စု' စတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ
လုပ်ကြံ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ထိုခေတ်ထိုကာလက ရေးသားဖော်ပြခဲ့ကြတဲ့
ဆောင်းပါးတွေကို ဖော်ပြထားပါတယ်။

ဆရာမောင်ဇေယျာက ကိုယ်တိုင်လည်း စာကြည့်တိုက်မှူးဟောင်း တစ်ဦးဖြစ်တာမို့
အာဇာနည်ခေါင်းဆောင်ကြီးတွေ အတ္ထုပ္ပတ္တိအကျဉ်းကို အသေးစိတ်အချက်အလက်ပါမကျန်
မှတ်လွယ်ပြုလွယ် ပြန်လည် ကိုးကားလွယ်အောင် ပြုစုရေးသားထားတာ ဖြစ်ပါတယ်။

စာအုပ်မှာ ဖော်ပြထားတဲ့ အာဇာနည်ပုဂ္ဂိုလ်တွေရဲ့အကြောင်းနဲ့ လုပ်ကြံသတ်ဖြတ်ခံရမှု
ဖြစ်စဉ်အကြောင်းတွေဟာ မျိုးဆက်သစ် လူငယ်တွေအတွက် လွယ်လွယ်ကူကူ နားလည်
သိမှတ်နိုင်အောင် တင်ပြထားတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် ပုဂ္ဂိုလ်တွေဟာ နိုင်ငံရေး နယ်ပယ်သာမက ဂီတ၊ စာပေ၊
အနုပညာနယ်ပယ်တွေမှာပါ ဂုဏ်သိက္ခာ ရှိသူတွေ ဖြစ်ကြသလို သူ့ခေတ်သူ့အခါ ဩဇာတိက္ကမ
ကြီးကြသူတွေဖြစ်တယ်ဆိုတာ၊ တကယ့်ကို ရင့်ကျက်သူတွေ၊ လူကြီးလူကောင်းဆန်သူတွေဆိုတာ၊
လေးစားထိုက်သူတွေဖြစ်တယ်ဆိုတာကို ပြုစုဖော်ပြထားတဲ့ ဘ၀နဲ့ နိုင်ငံရေးဖြတ်သန်းမှု
အကျဉ်းချုပ်တွေကတစ်ဆင့် ဖတ်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။

တန်ဖိုး ကျပ် ၁,၅၀၀ နဲ့ ဖြန့်ချိရောင်းချပြီး၊ စာကြည့်တိုက်တွေမှာ ရှိသင့်တဲ့ စာအုပ်ဖြစ်ပြီး
လူငယ်မျိုးဆက်သစ်တွေအတွက် နိုင်ငံရဲ့ လေးစားဂုဏ်ပြု အတုယူထိုက်တဲ့
အာဇာနည်ပုဂ္ဂိုလ်တွေအကြောင်း နောင်လူငယ် မျိုးဆက်တွေကို ပြောပြနိုင်ဖို့ ရှိထားသင့်တဲ့
စာအုပ်လို့ ဆိုချင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။