နိုင်ဝင်းဆွေရဲ့ "မသိန်းရှင်ဆီ ပို့ပေးပါ"

၁၉၇၁ ခုနှစ်က ထုတ်ဝေခဲ့ပြီးနောက် ပြန်လည်ထုတ်ဝေခွင့် မရရှိခဲ့တဲ့ စာရေးဆရာ နိုင်ဝင်းဆွေရဲ့
"မသိန်းရှင်ဆီ ပို့ပေးပါ" ၀တ္ထုကို စိတ်ကူးချိုချို စာအုပ်တိုက်က ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ
ပြန်လည်ရိုက်နှိပ် ထုတ်ဝေခဲ့ပါတယ်။

၁၉၆၀-၇၀ ပြည့်နှစ်ကာလနောက်ပိုင်း တွေမှာထွက်ရှိခဲ့တဲ့ စာရေးဆရာနိုင်ဝင်းဆွေ ရဲ့ ၀တ္ထုအများစုဟာ
ထုတ်ဝေခွင့် ပိတ်ပင်ခံထားရတဲ့ စာအုပ်တွေဖြစ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ဒီမိုကရေစီ
အသွင်ကူးအပြောင်းကာလမှာ ပြန်လည်ပုံနှိပ်ထုတ်ဝေခွင့်ရလို့ ဖတ်ရှုခွင့် ရလာတဲ့ စာအုပ်တွေ
ဖြစ်ပါတယ်။

"မသိန်းရှင်ဆီ ပို့ပေးပါ" စာအုပ်က ၁၉၆၄ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်ကာလ
တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ ဆင်းရဲကျပ်တည်းမှုကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ မှောင်ခိုစနစ်နဲ့
ထိုစနစ်ဆိုးရဲ့ သားကောင် ဖြစ်ရသူတွေအကြောင်းကို ဖွဲ့နွဲ့ထားတဲ့ ၀တ္ထုဖြစ်ပါတယ်။

ထိုခေတ် ထိုကာလက မှောင်ခိုစနစ်ဟာ လူပေါင်းမြောက်မြားစွာရဲ့ စိတ်ဓာတ်၊ အကျင့်စာရိတ္တ၊
လူသားဆန်မှု၊ လူ့ကျင့်ဝတ် စတဲ့ အရာတွေအားလုံးကို ဖျက်ဆီးပစ်ခဲ့ပြီး ထိုစနစ်က ဖျက်ဆီးခံလိုက်ရတဲ့
သားကောင်တွေနဲ့ စိတ်ဓာတ်ဆိုးတွေဟာ ယနေ့ခေတ်ထိ ရိုက်ခတ်ခံနေရတုန်းပဲဖြစ်ပါတယ်။

"မသိန်းရှင်ဆီ ပို့ပေးပါ" ၀တ္ထုမှာ ရထားလိုက် ဘူတာစာရေး(တီဘီစီ) နဲ့ ကုန်စိမ်းသမလေး ညိုညိုတို့ရဲ့
ချစ်ခြင်း မေတ္တာဖွဲ့အကြောင်းနဲ့အတူ အညာစုန်ဆန် ရထားကြီးပေါ်က မှောင်ခိုသမတွေ၊
မှောင်ခိုဘ၀တွေရဲ့ အကြောင်းကို ရောယှက်ဖွဲ့နွဲ့ထားပါတယ်။

ခေတ်ဆိုးစနစ်ဆိုးမှာ လူတွေဟာ ဘယ်လောက်တောင် အကျင့်စာရိတ္တပျက်စီး ကုန်ကျလဲဆိုတာကို
စာရေးဆရာ နိုင်ဝင်းဆွေရဲ့ အညာစုန်ဆန်ရထားပေါ်က သင်းသင်း၊ နုနု၊ မအေးသွယ်၊ မြခင်လေး တို့ရဲ့
ဘ၀အခြေအနေ။ ဆင်းရဲကျပ်တည်းမှုကဖြစ်လာတဲ့ ဆာလောင်မှုလောက် ဘယ်အရာကမှ
မတောက်လောင်ဘူး ဆိုသမို့ ဖြစ်ချင်ရာဖြစ် မျက်စိမှိတ်ထား လိုက်ရတဲ့အဖြစ်တွေမှာ မြင်တွေ့ရမှာ
ဖြစ်ပါတယ်။

ဒါ့ပြင် အားနည်းသူအပေါ် အခွင့်ကောင်းယူ အမြတ်ထုတ်သူတွေရဲ့အကြောင်းကို ဆရာနိုင်ဝင်းဆွေက
သူကိုယ်တိုင် တီဘီစီဘ၀ကို ကြုံတွေ့ ဖြတ်သန်းခဲ့ဖူးသူမို့ ထင်သာမြင်သာ ရေးဖွဲ့ ထားခဲ့ပါတယ်။

မှောင်ခိုစနစ်ရဲ့ သားကောင်ဖြစ်ရတဲ့ ဘ၀တွေကို သိမြင်နေရတာမို့ ချစ်ရသူ ညိုညိုကို ရိုးရိုးသားသား
ကုန်စိမ်းသမလေးအဖြစ် ဘ၀၀မ်းကျောင်းဖို့ လိုလားခဲ့တဲ့ တီဘီစီစာရေး ကိုရင်မောင်ကိုယ်တိုင်
ဘ၀ကျပ်တည်းမှုကို မြင်တွေ့ခံစားလာရတဲ့ အခါ အများမိုးခါးရေသောက်သလို ညိုညိုကိုလည်း
မိုးခါးရေသောက်ဖို့ ခွင့်ပြုခဲ့ရပါတယ်။

ခေတ်နဲ့စနစ်က တွန်းပို့လိုက်တဲ့ အမှောင်ထဲကို ညိုညိုလည်း ရောက်ခဲ့ပါတယ်။ ဒီနေရာမှာ
စာရေးဆရာမြသန်းတင့် ရဲ့ "မာယာဘုံ"ထဲက အေးမြကို အမှတ်ရမိ စေပါတယ်။ ယမားချောင်းရဲ့
ပြောင်းခင်းထဲမှာ ဘ၀ဖျက်ဆီးခံခဲ့ရပြီးနောက် ယမားချောင်းရေနဲ့အတူ မျောပါပျောက်ကွယ်သွားတဲ့
မှောင်ခိုသမလေး အေးမြလိုပဲ စာရေးဆရာနိုင်ဝင်းဆွေက အညာစုန်ဆန်ရထားပေါ်က ကုန်စိမ်းသမ
ကနေ မှောင်ခိုသမလေးဖြစ်လာခဲ့တဲ့ ညိုညိုကို ဖျက်ဆီးခံရမယ့် လမ်းကြောင်းပေါ် တင်ပေးခဲ့ပါတယ်။

ဝိပတ္တိခေတ်ကြီးထဲမှာ ဘ၀ပုံအပ် ဆုံးရှုံးခံလိုက်ရမှာထက် ချွေးနဲစာနဲ့ ရင်းနှီးထားတဲ့ မှောင်ခိုပစ္စည်းတွေ
ဆုံးရှုံးမှာကို ပိုမိုစိုးရွံ့တဲ့ မှောင်ခိုသမလေးတွေလိုပဲ ညိုညိုလည်း ပစ္စည်းတွေဆုံးရှုံးရမှာ စိုးရိမ်ခဲ့ပေမဲ့
ညိုညို ဖျက်ဆီးခံရမယ့် အရေးကိုတော့ ကိုရင်မောင်က ကယ်တင်နိုင်ခဲ့ပါတယ်။

ဒီလိုကယ်တင်ခဲ့ပြီး တူနှစ်ကိုယ်ဘ၀သစ်တစ်ခု အတည်တကျ ထူထောင်ခါနီးမှ
စာရေးဆရာနိုင်ဝင်းဆွေက ကိုရင်မောင်၊ ညိုညိုနဲ့ အညာစုန်ဆန်ရထားကြီးပေါ်က ဘ၀တွေရဲ့
အရင်းအမြစ်ဖြစ်တဲ့ မသိန်းရှင် ဆီကို စာဖတ်သူတွေကို ပို့ပေးခဲ့ပါတယ်။

အညာစုန်ဆန်ရထားပေါ်က မှောင်ခိုသမတွေရဲ့ဘ၀၊ ခေတ်ရဲ့ အစီရင်ခံစာ၊ စနစ်ဆိုးရဲ့
သားကောင်ဖြစ်ရသူတွေအကြောင်းကို "မသိန်းရှင်ဆီ ပို့ပေးပါ" မှာ ထိတွေ့ရင်း ထိုခေတ်က
ပေးလိုက်တဲ့ ဆိုးမွေဟာ ဘယ်ခေတ်ထိအောင် ဖြတ်သန်း ကြုံတွေ့နေရတုန်းလဲဆိုတာ မှန်းဆရနိုင်မှာ
ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။