ကိုယ့်ကြွယ်ဝမှုတွေကို မြင်တတ်အောင်လုပ်ပြီး မျှော်လင့်ပါ

ကိုယ့်ဘ၀ဟာမကြွယ်ဝသေးဘူးလို့မြင်ပြီး စိတ်ခွန်အားတွေ ကျနေလား။ ကိုယ်ကြွယ်ဝနေတာတွေကို
ကိုယ်တိုင် မမြင်နိုင်တာလည်း ဖြစ်နေတတ်တယ်နော်။ ကိုယ့် မိသားစု၊ ကိုယ် ချစ်ခင်သူတွေနဲ့
အတူနေခွင့်ရလား၊ ဒါမှမဟုတ် လွယ်လွယ်ကူကူ ဆက်သွယ်နိုင်ပြီး နွေးထွေးချစ်ခင်တဲ့
အငွေ့အသက်ကို ခံစားနိုင်လား ပြန်သုံးသပ်ကြည့်ပါ။

အဲလိုနွေးထွေးမှုမျိုးရနေရင်တော့ လူသားတစ်ယောက်ရဲ့ အခြေခံကျတဲ့ ကြွယ်ဝမှုတွေ ကိုယ့်မှာ
ရှိနေတယ်ဆိုတာ မိမိကိုယ်မိမိ အသိအမှတ်ပြုပေးပါ။ စိတ်ခွန်အားတွေ ရှိလာပါလိမ့်မယ်။

ကိုယ်ရည်ရွယ်ရာပန်းတိုင်တွေကို ရောက်အောင်သွား လိုစိတ်ရှိပေမယ့် အခွင့်အလမ်းနည်းတာ၊
အထောက်အပံ့ မဲ့တာမျိုးနဲ့ ကြုံနေရလို့ ချို့တဲ့လိုက်လေခြင်းလို့ သက်ပြင်းတွေချနေလား။

ဒီလိုအခြေအနေမျိုး ကြုံရရင်တောင် အချိန်ဆိုတဲ့ ကြွယ်ဝခြင်းက ကိုယ့်မှာရှိနေသေးတယ်ဆိုတာ
ခံယူထားပါ။

ကျဉ်းထဲကျပ်ထဲမှာ တစ်ရွေ့ရွေ့တော့ သွားနိုင်ပါသေးတယ်။

အခွင့်အလမ်းနည်းသေးပေမယ့် ကျန်းမာရေး ကောင်းနေတယ် ဆိုရင်လည်း ကြီးမားတဲ့
ကြွယ်ဝခြင်းတစ်မျိုးကို ပိုင်ဆိုင်ထားတယ်ဆိုတာ ယုံကြည်လိုက်ပါ။

ကျန်းမာခြင်းဆိုတဲ့ လာဘ်ကြီးတစ်ပါးကို ပိုင်ဆိုင်မထားရင် ရွှေပုံပေါ်မှာနေရတောင် ကြွယ်ဝတယ်လို့
မဆိုနိုင်ဘူးနော်။

ကိုယ်က ဒီလိုကြွယ်ဝမှုတွေ ပိုင်ဆိုင်နေပြီဆိုရင် ကိုယ့်ရဲ့ အတိတ်ကံကို ကျေးဇူးတင်ပြီး
အားအင်သစ်တွေ မွေးတတ်အောင် မွေးလိုက်ပါ။

သရက်သီးချင်း တူပေမယ့် မျိုးစိတ်မတူရင် မှည့်တဲ့ အချိန်ချင်းမတူတာကို ဥပမာယူပြီး
ကိုယ်ဖြစ်ချိန်တန်တဲ့ အချိန်မှာ ဖြစ်လာနိုင်အောင် ခုအချိန်မှာ ဘယ်လိုဘ၀မှာ ရှိနေရှိနေ
တောက်ပတဲ့ အနာဂတ်အတွက် ပါရမီဖြည့်ထားလိုက်ပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။